အကောင်းမြင်တတ်သူနဲ့ အဆိုးမြင်တတ်သူရဲ့ကြားက ခြားနားချက်များ

အကောင်းမြင်တတ်တဲ့သူဆိုတာက ကိုယ့်အပေါ်ဘယ်လောက်ပဲဆိုးဝါးတဲ့အပြုအမူတွေဖြစ်လာပါစေ၊ ကောင်းတဲ့ဘက်က တွေးပြီး ပျော်ပျော်နေတတ်သူဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဘက်ကတွေးတဲ့အတွက် အနည်းဆုံး စိတ်ချမ်းသာရတာပါပဲ။ အဆိုးမြင်တဲ့သူကတော့ ဘာမှမဖြစ်လာသေးလည်း တွေးပူနေတတ်တာမျိုး၊ ဖြစ်လာသမျှရဲ့ အကြောင်းအရာအားလုံးကို အဆိုးချည်းတွေးပြီး အပူများတဲ့သူပါပဲ။ ထိုသူမျိုးကတော့ စိတ်မချမ်းသာရသလို၊ မဖြစ်လာသေးတာကိုပါ ကြိုတွေးပူတတ်သူမို့ လူ့ဘဝမှာ နေပျော်ဖို့ ခဲယဉ်းပါတယ်။ အဲဒါကြောင့် အကောင်းမြင်တတ်တဲ့သူနဲ့ အဆိုးမြင်တတ်တဲ့သူကြားမှာ ဘာတွေခြားနားသွားသလဲဆိုတာလေး ဖော်ပြပေးလိုက်ပါတယ်။


၁) အချိန်ကိုအသုံးချမှုချင်း ကွာခြားသွားပါတယ်။
အကောင်းမြင်တတ်သူက “အော်….ဒီထက်ဆိုးတာတွေမဖြစ်လာခင် ခုလက်ရှိလုပ်လို့ရနိုင်တာလေးတွေ လုပ်ထားတာ ပိုကောင်းတာပေါ့” လို့တွေးတတ်ပါတယ်။ အဆိုးမြင်တဲ့သူကတော့ ထိုင်ပြီး စိတ်ဆင်းရဲ၊ ပူပန်နေတတ်တာကြောင့် လက်ရှိအချိန်ကိုပါ ကောင်းကောင်းအသုံးချရကောင်းမှန်းမေ့နေတတ်ပါတယ်။ အဲဒါကြောင့် အကောင်းမြင်တတ်သူက ဖြစ်လာသမျှ အခြေအနေတွေတိုင်းမှာ အကောင်းဘက်ကလုပ်နိုင်တာကို တွေးပြီး လုပ်စရာရှိတာလုပ်ထားနိုင်လို့ အဆိုးကြုံရင်တောင် ရာခိုင်နှုန်းလျော့သွားစေပါတယ်။ အဆိုးမြင်သမားကတော့ အဆိုးတွေကြုံလာရလို့ ပူပန်စိတ်ဆင်းရဲရတဲ့အပြင် လက်ရှိအချိန်မှာလည်း စိတ်ဆင်းရဲခြင်းနဲ့သာ အချိန်ကုန်သွားစေပါတယ်။ ဘာမှအကျိုးရှိတာမရနိုင်တော့ပါဘူး။

၂) စိတ်ပျော်ရွှင်မှုကွာခြားသွားပါတယ်။
သိပြီးထားတဲ့အတိုင်းပါပဲ။ အကောင်းမြင်တတ်တဲ့သူကတော့ စိတ်ညစ်မှုတွေများပြားလှတဲ့လောကကြီးထဲမှာ ပျော်စရာလေးရှာတွေ့နိုင်သေးတာပေါ့။ အဆိုးမြင်တဲ့သူကတော့ နဂိုကမှ စိတ်ဆင်းရဲစရာများလွန်းလို့ ပျော်အောင်နေသင့်တဲ့လောကကြီးမှာ ပျော်စရာကိုမြင်အောင်မကြည့်ဘဲ စိတ်ညစ်စရာကိုသာ မြင်တာမို့ အခြားသူတွေထက်ကို နှစ်ဆ စိတ်ပင်ပန်း၊ စိတ်ပူပန်သောကရောက်ရတာပေါ့။ ပျော်ပျော်နေသေခဲ….ဆိုတဲ့စကားက အလကားနေ အရက်သောက်လိုက်၊ စိတ်ကြွဆေးသုံးလိုက်၊ ပါတီလုပ်လိုက်နဲ့ တမင်ပျော်အောင်အတင်းလုပ်ယူခိုင်းတာမဟုတ်ပါဘူး။ စိတ်ညစ်စရာတွေထဲကမှ ကောင်းတဲ့အချက်လေးတွေ၊ သင်မြင်တဲ့အမြင်လေးကိုပြောင်းလိုက်ရုံနဲ့တင် ပျော်အောင်နေနိုင်တယ်လို့ ဆိုလိုချင်တာပါ။ အဲဒါကြောင့် လူတိုင်း အပူကိုယ်စီနဲ့ ပူပန်သောကရောက်နေတာမှန်ပေမယ့် အကောင်းဘက်ကမြင်လို့ရတာ မြင်ကြည့်သင့်ပါတယ်။

၃) ရောဂါတိုးခြင်း ကွာခြားသွားပါတယ်။
ကိစ္စရပ်တိုင်းမှာ စိတ်ညစ်စရာ၊ ပူပန်သောကရောက်စရာတွေချည်း မြင်ပြီး စိတ်သောကရောက်နေခြင်းက သင့်ကို သွေးတိုးစေပါတယ်။ နှလုံးခုန်နှုန်းမြန်စေပါတယ်။ ခေါင်းကိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးစေပါတယ်။ ဘာမှ အလုပ်တွေဆက်လုပ်နိုင်စွမ်းမရှိတော့အောင် ခြေကုန်လက်ပန်းရနိုင်ပါတယ်။ အဲဒီ့တော့ သင့်မှာ ရောဂါတွေတိုးပြီးရင်း တိုးလို့ အသက်တိုနိုင်ပါတယ်။

၄) အလုပ်ပြီးမြောက်မှုကွာခြားသွားပါတယ်။
အထက်ကအချက်လိုပါပဲ။ စိတ်ဆင်းရဲ၊ စိတ်ဒုက္ခရောက်နေတဲ့သူက ဘယ်လိုမှ မတက်ကြွ၊ မရွှင်လန်းနိုင်တော့ပါဘူး။ အဲဒီ့အခါ ဒီစိတ်ညစ်မှုသံသရာမှာသာ လည်နေတတ်ပြီး လုပ်စရာရှိတာကို အာရုံကောင်းစွာမစိုက်နိုင်တော့ပါဘူး။ အဲဒါကြောင့် အလုပ်ပြီးမြောက်နိုင်စွမ်းရှိမှာ မဟုတ်တော့ပါဘူး။

၅) ဘဝကို နေပျော်ခြင်း ကွာခြားသွားပါတယ်။
လူတိုင်းလိုလို စိတ်ဒုက္ခတခုမဟုတ် တခုကြုံနေကြရတဲ့ဘဝထဲမှာ ကြုံသမျှ ကိစ္စအားလုံးထဲမှာ အကောင်းမြင်စိတ်နဲ့ကြည့်လို့ရတာလေးတွေကိုတော့ အကောင်းစိတ်နဲ့ကြည့်သင့်ပါတယ်။ စိတ်ဒုက္ခတခုမဟုတ် တခုရောက်စရာရှိနေတတ်တဲ့လူ့ဘဝကြီးမှာ အရာအားလုံးကို အဆိုးမြင်စိတ်နဲ့ကြည့်တတ်တဲ့သူတွေကတော့ ရခဲလှတဲ့ဘဝတိုတိုလေးမှာ နေပျော်စရာဘဝကို ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။
အကောင်းမြင်စိတ်နဲ့အစွမ်းကတော့ အဓိကက ကောင်းတာချည်းသာတွေးပြီး အကောင်းစိတ်နဲ့ဘဝကိုဖြတ်သန်းတာမို့ စိတ်ရော ကိုယ်ပါ အတွက် အများကြီးအကျိုးရှိစေပါတယ်။ အကောင်းမြင်စိတ်ရှိတဲ့သူက အသက်ပါရှည်စေနိုင်ပါတယ်။ ကျန်းမာရေးလည်း ပိုကောင်းစေပါတယ်။ အဲဒါကြောင့် ဘဝမှာကြုံလာသမျှတွေကို အတတ်နိုင်ဆုံး အကောင်းမြင်တတ်အောင် ကျင့်ယူသင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။