သင့်ကလေးကို ရိုးသားဖို့ဘယ်လိုသင်ပေးမလဲ။

ကလေးကိုသင်ကြားပေးသင့်သော အလေ့အကျင့်ကောင်း ၅ချက်ဆိုတဲ့ဆောင်းပါးမှာ ကလေးတွေကို ရိုးသားမှုရှိအောင် သင်ပေးဖို့ ပါဝင်ပါတယ်။ တကယ်လည်း ရိုးသားမှုရှိခြင်းက လူကြီးတစ်ယောက်ရိုးသားမှုကိုတန်ဖိုးထားတတ်စေဖို့ ကလေးဘဝကတည်းက သွန်သင်ထားမှရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကလေးကို ရိုးသားမှုဆိုတာ တန်ဖိုးကြီးကြောင်း၊ ရိုးသားမှုကို ငွေဖြင့်ဝယ်လို့မရနိုင်ဘဲ ရိုးသားစွာဘဝကိုရှင်သန်ဖြတ်သန်းသင့်ကြောင့် သင်ထားသင့်ပါတယ်။ သင့်ကလေးကို ပေးနိုင်မယ့်အဖိုးတန်ဆုံးလက်ဆောင်အဖြစ် ရိုးသားတတ်ဖို့သင်ပေးပါ။ ကလေးတစ်ယောက်ကို ရိုးသားမှုရှိစေဖို့ အခြေခံအနေနဲ့ကတော့ အမှန်အတိုင်းပြောတတ်ဖို့ သင်ပေးခြင်းပါပဲ။ ဘယ်လိုသင်ပေးသင့်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး


၁) အမှန်ကိုပြောတဲ့အခါ ချီးကျူးပေးပါ။
မိဘတွေက စံပြအနေနဲ့ ကိုယ်တိုင်အမှန်ပြောပါ။ ကလေးကိုမသိလောက်ပါဘူး၊ နားမလည်လောက်ပါဘူးဆိုတဲ့အတွေးနဲ့ ကလေးကိုပြီးစလွယ်ပြောလိုက်တာမျိုးကို ရှောင်ပါ။ အဲဒါက ကလေးကိုလိမ်ပြောတတ်အောင် သွယ်ဝှိုက်ပြီး သင်ပေးသလိုဖြစ်စေပါတယ်။ ကလေးကိုကလေးအလျောက် နားလည်မယ့်စကားလုံးမျိုးရွေးပြီးရှင်းပြပေးပါ။ အမှန်ကိုပြောခြင်းက ဘယ်လောက်အကျိုးရှိကြောင်းရှင်းပြပါ။ ကလေးက သူလုပ်မိတဲ့အမှားတစ်ခုခုကို အမှန်အတိုင်းပြောပြခဲ့သည်ရှိသော် အမှန်အတိုင်းပြောခြင်းကို ချီးကျုးပေးပါ။ ပြီးမှသာ သူမှားတဲ့အမှားမျိုးကြောင့် ဖြစ်လာနိုင်တဲ့ဆိုးကျိုးကိုရှင်းပြပါ။ နောက်မလုပ်ဖို့ ကတိတောင်းပါ။
၂) အမှားတွေအတွက် မိဘကိုယ်တိုင်က တောင်းပန်တတ်ပါစေ။
ကိုယ်တိုင်လည်း အမှန်ကိုပြောပြပြီး ကိုယ်မှားသွားတာမျိုးဆိုရင် ကိုယ်တိုင်က ကလေးကိုပြန်တောင်းပန်တာမျိုးလုပ်ပါ။ အဲဒါမှကလေးက အမှားလုပ်မိရင် ပြန်တောင်းပန်ရကောင်းမှန်းသိသွားပြီး အမှန်အတိုင်းပြောတတ်လာမှာဖြစ်ပါတယ်။ ကလေးက အမှန်ကိုမပြောရဲတာမျိုးဖြစ်နေရင် သင်က ဒေါသထွက်ဟန်မပြဘဲ အမှန်ကိုပြောပြရင် မဆူမအော်ဘဲ စိတ်မဆိုးကြောင်းသေချာနားလည်အောင်ရှင်းပြပါ။ အဲဒါမှ ကလေးက အမှန်ကိုပြောပြရဲမှာဖြစ်ပြီး အမှားတွေလုပ်မိတိုင်း သင့်ကိုအရင်ဦးစွာ သူ့အမှားကိုပြောပြလာပါလိမ့်မယ်။ အဲဒါမှ သင်ကအမှန်ကိုဖျောင်းဖျနိုင်လာမှာပါ။
၃) အမှားတွေလုပ်မိတဲ့အခါ မိဘလုပ်သူက ဒေါသနဲ့မဖြေရှင်းမိပါစေနဲ့။
များသောအားဖြင့်က အမေတွေကအလုပ်များတတ်တဲ့အတွက် ကလေးတွေက အမှားတွေလုပ်မိတဲ့အခါ ဒေါသမထိန်းနိုင်ဘဲ အော်ငေါက်မိတတ်ပါတယ်။ အဲဒီ့အခါ ကလေးရဲ့အတွေးမှာ အမှားလုပ်တာကို အမေဖြစ်သူကိုပြောပြမိရင် အမေက “အော်တော့မှာပဲ။ ဆူတော့မှာပဲ” ဆိုတဲ့အတွေးနဲ့ ကြောက်လန့်ပြီး အမှားကို ဝန်မခံဘဲ လိမ်ညာသွားတတ်ကြတာပါ။ အဲဒါကြောင့် ကလေးက အမှားတစ်ခုခုလုပ်မိတာကို ရိပ်မိတဲ့အခါ အသက်ကိုခပ်ပြင်းပြင်းရှုသွင်းလိုက်ပြီး စိတ်ကိုထိန်းပါ။ ပြီးမှ ကလေးကို သေချာရှင်းပြပါ။ “သား….ဘာလုပ်မိထားလဲ၊ မေမေ့ကို အမှန်အတိုင်းပဲပြောပြနော်၊ မေမေက သားအမှန်အတိုင်းပြောပြရင် သားကိုမရိုက်ဘူး၊ စိတ်လည်းမဆိုးဘူး။ အဲဒါမှ တခုခုဖြစ်လာရင် မေမေက သားကိုကူညီပေးနိုင်မှာပေါ့။” ဆိုတဲ့စကားမျိုးနဲ့ ညင်သာစွာပြောပြသင့်ပါတယ်။ ကလေးက သင်မရိုက်ဘူးဆိုတာ သေချာသွားရင် အမှန်အတိုင်းပြောဖို့ ဝန်လေးတော့မှာမဟုတ်ပါဘူး။ ကလေးတွေလိမ်ညာမိတတ်တာက လူကြီးတွေ အမှန်အတိုင်းသိရင် ဆူမှာ၊ ရိုက်မှာကိုကြောက်တဲ့စိတ်ကြောင့်ဖြစ်ပါတယ်။
၄) ကလေးရဲ့အမှားတွေအပေါ် မိဘရဲ့တုံ့ပြန်မှုက အရေးကြီးပါတယ်။
နေ့စဉ်ပြုမူနေကျ ကိစ္စသေးသေးလေးတွေကအစ အမှန်အတိုင်းပြောပြတတ်ခြင်းက အရေးကြီးကြောင်း ကလေးနားလည်ထားပါစေ။ အဲဒါမှ အမှန်အတိုင်းပြောဖို့ ကလေးကိုယ်တိုင်ကနားလည်ပြီး ပြောလာမှာပါ။ အဲလိုမဟုတ်ရင် လူကြီးကိုကြောက်တုန်းသာအမှန်ပြောရဲတာမျိုး ဒါမှမဟုတ် အကြောက်လွန်ပြီး ဆင့်ကဲလိမ်ညာတဲ့အဆင့်ထိရောက်သွားတတ်ပါတယ်။ ဥပမာ။ ခွေးကိုက်တဲ့ကိစ္စမျိုးဆိုပါတော့…..။ ကလေးက ဒဏ်ရာက သေးတာမို့ မိဘကို ပြောရင် အဆူခံထိမှာကြောက်တဲ့စိတ်နဲ့ ဖုံးကွယ်ထားတယ်ဆိုရင် ကလေးရဲ့အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ထိုပြဿနာမျိုးမှာ မိဘလုပ်သူက ကလေးကိုအမြဲတစေအပြစ်တင်နေတတ်တဲ့သူမျိုးဆိုရင် ကလေးက မိဘကို သူတစ်နေ့တာလုပ်ခဲ့သမျှကို ဖုံးကွယ်ထားမှာ အသေအချာပါပဲ။ ဘာလို့လဲဆိုတော့ သူလုပ်သမျှ မိဘက အပြစ်တင်မှာမို့လို့ပါ။ ဥပမာ။ သံစူးတယ်ဆိုပါတော့….ကလေးက ဆော့ကစားရင်း သံစူးတာမျိုးကို မိဘမသိအောင် ဖုံးကွယ်ထားမယ်ဆိုရင် မေးခိုင်ပိုးဝင်တဲ့အထိဖြစ်နိုင်ပါတယ်။ ထိုဥပမာ ၂ခုလုံးမှာ အဓိကက ပြဿနာဖြစ်တဲ့အပေါ် မိဘရဲ့တုံ့ပြန်မှုပါ။ ကလေးကို အမြဲတစေ အပြစ်တင် မာန်မဲနေတတ်တဲ့မိဘမျိုးဆိုရင် ကလေးက ဘာဖြစ်ဖြစ် မိဘကို အကုန်ဖုံးကွယ်မှာဖြစ်သလို၊ အမှန်ကိုလုံးဝမပြောရဲတော့ဘဲ သူ့ဘဝတစ်လျှောက်လုံးမှာ လွယ်လွယ်လိမ်ညာတတ်သူဖြစ်သွားမှာပါ။
၅) ဆိုးကျိုးကိုသေချာရှင်းပြထားပေးပါ။
ကလေးဆိုတာ အမှားတွေအများကြီးလုပ်မိမှာပါပဲ။ တချို့အမှားတွေကျတော့ မိဘက ဖြစ်နိုင်ချေရှိတာကို ကြိုတင်ရှင်းပြပေးထားတာ ပိုကောင်းပါတယ်။ အကျိုးဆက်ကို သိရက်နဲ့ ပြောစကားနားမထောင်ရင် ကိုယ်ဖြစ်ကိုယ်ခံရမယ်ဆိုတာ ကလေးနားလည်နေပါစေ။ အဲဒါဆိုရင် သူ့ကိုယ်သူထိခိုက်မယ့်အလုပ်ကို သူကိုယ်တိုင်ရှောင်တတ်လာပါလိမ့်မယ်။ အဓိကက ကလေးနားလည်အောင်ရှင်းပြထားဖို့ပါ။ ဥပမာ။ ခွေးကိုက်တာမျိုးဆိုရင် မိဘကို မဖြစ်မနေချက်ချင်းဖွင့်ပြောသင့်ကြောင်းရှင်းပြထားတာမျိုးပါ။ ဘာကြောင့်လဲဆိုတော့ ခွေးကိုက်ခံရရင် ကာကွယ်ဆေးထိုးဖို့ မဖြစ်မနေလုပ်ရမှာဖြစ်ကြောင်း၊ ဖြစ်ဖြစ်ချင်း ဆေးထိုးထားရမှသာ ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ ထိုကဲ့သို့အသက်အန္တရာယ်ဖြစ်နိုင်တဲ့ကိစ္စမှန်သမျှ ဖြစ်လာခဲ့သည်ရှိသော် မိဘကို ချက်ချင်းအမှန်အတိုင်းအသိပေးမှသာ မိဘက ကလေးရဲ့အသက်အန္တရာယ်ကို ကူညီနိုင်မှာဖြစ်ကြောင်း စသည်ဖြင့် သေချာရှင်းပြထားတာမျိုးပေါ့။ အလားတူအသက်အန္တရာယ်ရှိတဲ့ပြဿနာတွေကိုပါ တခါတည်း ကြိုတင်ရှင်းပြထားတာမျိုးလုပ်ပါ။
၆) မိဘတွေကိုယ်တိုင်က ရိုးသားပြပါ။
ဥပမာ။ မိဘကိုယ်တိုင်က သူများပစ္စည်းကို ငှားလာတဲ့အခါ သေချာ တရိုတသေပြန်ပေးတာမျိုး၊ သူများပစ္စည်းကို ခွင့်တောင်းပြီးမှ ကိုင်တာမျိုး၊ ဒီနေရာမှာ သူစိမ်းပစ္စည်းမှမဟုတ်ပါဘူး။ ကလေးရဲ့ပစ္စည်းတွေကအစ၊ အိမ်မှာအတူနေသူများရဲ့ပစ္စည်းအဆုံး ခွင့်တောင်းပြီးမှ ကိုင်တာ၊ သေချာပြန်ပေးတာ၊ ပိုင်ရှင်မသိရင် မကိုင်သင့်တာ၊ မယူသင့်တာ၊ ပိုင်ရှင်မသိဘဲ ယူခြင်းသည် ခိုးခြင်းမည်ကြောင်း ရှင်းပြတာ။ အလကားလိုချင်တဲ့စိတ်သည် မကောင်းကြောင်း သင်ပြတာ စသည်ဖြင့် နေ့ဒဓူဝကိစ္စလေးတွေနဲ့တင် ကလေးကို ဖြေးဖြေးချင်းဆုံးမသင်ပြသွားသင့်ပါတယ်။ တကယ်လို့ သူများပစ္စည်းကို ခွင့်မတောင်းဘဲ ယူတာမျိုးလုပ်မိရင်လည်း မိဘက အပြစ်တင်မှာမဟုတ်ဘဲ အမှားဖြစ်နေတဲ့အတွက် ထိုအမှားကိုနောက်တခါမလုပ်ဖို့သာ လိုကြောင်း ပြောပြပေးပါ။
မိဘကိုယ်တိုင်က လိမ်ညာတတ်ခြင်းက မရိုးသားမှုပေါင်းများစွာဖြစ်ပေါ်လာစေဖို့ အခြေခံဆိုတာ သိဖို့လိုပါတယ်။ အဲဒါကြောင့် မလိမ်ညာတတ်ဖို့ အထက်က အချက်တွေက အရေးကြီးပါတယ်။ တခုချင်းအသေးစိတ်ဖတ်ကြည့်ပြီး လုပ်ကြည့်လိုက်ပါအုံးနော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။