ပျော်ရွှင်ဖို့အတွက် ကိုယ်တိုင်လုပ်ကြည့်သင့်သော အကျင့်ကောင်းများ

တကယ်တော့ ပျော်ရွှင်တတ်ဖို့က ငွေတွေ၊ ဂုဏ်တွေ၊ အောင်မြင်မှုတွေနဲ့ မဆိုင်ပါဘူး။ သင့်စိတ်တွင်းက ကျေနပ်နိုင်မှုနဲ့ပဲဆိုင်တာဖြစ်ပါတယ်။ ငွေအများကြီးချမ်းသာနေပေမယ့် သင်ကိုယ်တိုင်က မလုံလောက်သေးဘူးထင်ရင် သင်ပူပန်နေမှာပါပဲ။ လူအားလုံးက အားကျရတဲ့အောင်မြင်မှုကို ပိုင်ဆိုင်ထားပေမယ့် သင်ကိုယ်တိုင်က ဘာမှမအောင်မြင်သေးဘူးလို့ ထင်နေရင် သင့်အောင်မြင်မှုကို သင်မကျေနပ်နိုင်ရင် သင်မအောင်မြင်သေးဘူးလို့ဘဲ ခံစားနေရမှာပါ။ အဲဒါက သင့်စိတ်ထဲက ဖြစ်လာတဲ့အရာတွေချည်းပါပဲ။ အဲဒါကြောင့် သင်ကိုယ်တိုင်သင်ယူသင့်တဲ့ ပျော်ရွှင်ဖို့အတွက် အကျင့်ကောင်းတွေကိုဖတ်ကြည့်ပြီး ကျင့်ယူကြည့်လိုက်ပါနော်။


၁) မူးယစ်ဆေးမသုံးဘဲ ပျော်စရာတွေဖန်တီးကြည့်ပါ။
မူးယစ်ဆေးဝါး တစ်မျိုးမျိုးသုံးပြီး (ဥပမာ။ အရက်၊ စိတ်ကြွဆေး) ပျော်ရွှင်နေတာ၊ စိတ်ဓာတ်တက်ကြွနေတာက ပျော်ရွှင်မှုအစစ်မဟုတ်ပါဘူး။ တကယ့်ကို ပျော်စရာကောင်းတဲ့ဖြစ်ရပ်မျိုးကို ဖန်တီးပါ။ ဥပမာ။ သူငယ်ချင်းတွေ တစ်အုပ်ကြီးနဲ့ ခရီးသွားတာမျိုးပေါ့။ ခရီးတစ်လျှောက် စနောက်ပျော်ရွှင်အော်ဟစ်လိုက်တာမျိုးပါ။ ဘယ်လိုပယောဂမှမပါဘဲ ကိုယ့်ရဲ့စိတ်ထဲက ပျော်ရွှင်နေတာ၊ စိတ်လက်ကြည်လင်ပျော်ရွှင်နေတာမျိုးကိုပြောချင်တာပါ။

၂) ဖုန်းတွေမပါဘဲ စကားဝိုင်းဖွဲ့ကြည့်ပါ။
ဖုန်းတွေမသုံးတဲ့အချိန်မှာ သူငယ်ချင်းတွေဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်းဖြစ်ဖြစ် ကိုယ်နဲ့စိတ်တူဝါသနာတူသူတွေ ဝိုင်းဖွဲ့စကားပြောပြီး စနောက်ကြတာမျိုးလုပ်ကြည့်ပါ။ ဒါမှမဟုတ်ရင်လည်း ကိုယ့်ဝါသနာပါရာကို တိုင်ပင်ဆွေးနွေးရင်း စနောက်ရယ်မောကြည့်ပါ။ အပြန်အလှန်အကြံလေးတွေဖလှယ်ကြည့်ပါ။ နည်းပညာပစ္စည်းတွေကို ထိုအချိန်လေးခဏမှာ ဘေးဖယ်ထားလိုက်ပါ။

၃) selfies မဆွဲဘဲ အပွင့်လင်းဆုံး ပြုံးရွှင်ရယ်မောကြည့်ပါ။
ဖုန်းနဲ့ selfies ဆွဲမှ အလှဆုံးပြုံးတတ်တာက အပြုံးတုပါနော်။ ဖုန်းတွေမပါဘဲ ပြုံးပျော်ဖို့ကြိုးစားကြည့်ပါ။ ကလေးငယ်တွေလို စိတ်တွေလွတ်လပ်စွာထားပြီး ပြေးလွှားဆော့ကစားကြည့်လိုက်ပါ။ အူလှိုက်သည်းလှိုက်ရယ်မောကြည့်လိုက်ပါ။

၅) အပူအပင်ကင်းကင်းအိပ်စက်ကြည့်ပါ။
စိတ်ဖိစီးမှုသောင်းခြောက်ထောင်ကြောင့် အိပ်မပျော်တာ၊ နိုးတဝက်အိပ်တဝက်ဖြစ်နေတာ၊ အိပ်ရေးမဝတာတွေက သင့်ကိုပိုပြီး စိတ်ညစ်စေပါတယ်။ ဘာကိုမှမတွေးဘဲ အိပ်စက်နိုင်အောင်ကြိုးစားပါ။ အဓိကက ဘဝမှာ ငွေမချမ်းသာပေမယ့် ရိုးသားစွာရှင်သန်နေထိုင်ခြင်းက သင့်ကို ကောင်းမွန်စွာအိပ်ပျော်စေနိုင်မှာပါ။ လူတိုင်းအပေါ် စစ်မှန်စွာ ဆက်ဆံခြင်း၊ ရိုးသားစွာဘဝမှာ ရှင်သန်ခြင်း၊ နှလုံးသားနဲ့အရာအားလုံးကို ကိုယ်ချင်းစာတတ်ခြင်း စတာတွေက သင့်ဘဝကို မချမ်းသာစေပေမယ့် နေပျော်စေပါတယ်။

၆) အဆင့်အတန်းတွေမခွဲခြားဘဲ နှလုံးသားနဲ့ချစ်ခင်ကြည့်ပါ။
ငွေမရှိလို့၊ ဂုဏ်မရှိလို့၊ အောင်မြင်မှုမရှိလို့၊ ဆယ်လီမဟုတ်လို့ ၊ gay ဖြစ်နေလို့ စတာတွေကြောင့် မပေါင်းသင်း၊ မပတ်သက်ဘူးဆိုတဲ့ အဆင့်အတန်းကို အပေါ်ယံအမြင်တွေနဲ့သတ်မှတ်တတ်တဲ့စိတ်မထားပါနဲ့။ ဘယ်သူ၊ ဘယ်အဆင့်မှာရောက်နေပါစေ…..လူတွေအားလုံးဟာ အတူတူပါပဲ။ တန်ဖိုးချင်းအတူတူပါပဲ။ လူအားလုံးကို အဆင့်အတန်းနဲ့ မပေါင်းသင်းဘဲ နှလုံးသားနဲ့သာ စစ်မှန်စွာပေါင်းသင်းကြည့်ပါ။ ပျော်စရာကောင်းနေပါလိမ့်မယ်။
ဘဝမှာ အပူအပင်များနေတယ်၊ အချုပ်အနှောင်ခံနေရတယ်၊ မလွတ်မြောက်သလိုခံစားနေရတယ်၊ အမြဲလို စားဝတ်နေရေးအတွက်ပူပန်နေရတယ် စတဲ့ဖိစီးမှုတွေကို ခဏတဖြုတ်လွှတ်ချထားခဲ့လိုက်ပါ။ ဘာအပူကိုမှ မတွေးဘဲ ခဏလောက်နေကြည့်ပြီး အထက်က အချက်တွေကို လုပ်ကြည့်ပါ။ ပျော်ရွှင်မှုဆိုတာက သင့်ရဲ့စိတ်ထဲကနေ အားလုံးကို ခဏမေ့ထားပြီး အူလှိုက်သည်းလှိုက်ရယ်မောတတ်လာတဲ့အခါ ဖြစ်ပေါ်လာတာပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။