အဆင့်အတန်းမရှိသူများတွင် တွေ့ရလေ့ရှိသော အကျင့်စရိုက်များ

အဆင့်အတန်းဆိုတာ လူတစ်ယောက်ရဲ့စိတ်ထားကိုပြောတာဆိုရင် မှားမယ်မထင်ပါဘူးနော်။ မြင့်မြတ်တဲ့စိတ်ထားရှိတဲ့သူက မြင့်မြတ်သူဖြစ်သလို၊ အကြင်နာတရားနဲ့လူတိုင်းကို ပြုမူဆက်ဆံမှာဖြစ်သလို၊ ယုတ်ညံ့တဲ့စိတ်ထားရှိသူကတော့ ယုတ်ညံ့တဲ့အပြုအမူနဲ့ပဲဆက်ဆံမှာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ရဲ့ဘဝအခြေအနေဘယ်လိုဖြစ်နေပါစေ လူသားတစ်ယောက်အဖြစ် သတ်မှတ်ဆက်ဆံတတ်ခြင်းဟာ ထိုလူရဲ့အဆင့်အတန်းပါပဲ။ တနည်းအားဖြင့် အမှိုက်ကောက်တဲ့လူတစ်ယောက်ဟာလည်း လူပါပဲ၊ လမ်းဘေးဈေးရောင်းတဲ့လူဟာလည်း လူသားပါပဲ။ လူတစ်ယောက်ရဲ့အဆင့်အတန်းဟာ ကိုယ့်ထက်မြင့်မားတဲ့လူတစ်ယောက်ကို ဆက်ဆံတာက အထူးအထွေမသိသာပေမယ့် ကိုယ့်ထက်နိမ့်ကျတဲ့လူတစ်ယောက်ကို ဆက်ဆံတဲ့အခါ သိသာလာစေပါတယ်။ အဲဒါကြောင့် အဆင့်အတန်းမရှိသူတွေရဲ့အကျင့်စရိုက်တွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) လွယ်လွယ်လိမ်ညာတတ်တယ်။
သူတို့ရဲ့အဓိကအကျင့်ဆိုးကတော့ ဘာမှမဟုတ်ဘူးထင်တဲ့အရာသေးသေးလေးတွေက အစ လွယ်လွယ်လေးလိမ်ညာတတ်တာပါပဲ။ အဲလိုလိမ်ညာတတ်လို့ကို ပြဿနာပေါင်းစုံဖြစ်နေတတ်တဲ့သူတွေပေါ့။ လွယ်လွယ်ပြော လွယ်လွယ်လိမ်ပြီး ကိုယ့်ကြောင့်အခြားသူတွေဒုက္ခရောက်အောင်လုပ်တတ်တဲ့သူတွေလည်းဖြစ်ပါတယ်။

၂) လိုရင်ကောင်း မလိုရင်မကောင်းတဲ့သူတွေဖြစ်တယ်။
တဖက်လူကို လိုရင်လိုသလို ဆက်ဆံတတ်သလို ၊ မလိုရင် မလိုသလို ပစ်ပစ်ခါခါပြောတတ်တဲ့လူတွေပါ။ လိုပြုံး မလိုမဲ့ပြတတ်သူတွေပေါ့။ လူတစ်ယောက်ကိုလည်း ဘယ်လိုအသုံးချလိုက်ရမလဲဆိုတဲ့အကြံဉာဏ်မျိုး အမြဲပေါ်နေတတ်တဲ့လူတွေဖြစ်ပါတယ်။

၃) သီလ သမာဓိမရှိဘူး။
ဒါကတော့ အဆိုးဆုံးအချက်ပါပဲ။ ကိုယ်ကျင့်တရားလုံးဝမကောင်းဘဲ ကိုယ်ကျိုးအတွက်ဆိုရင် လိုချင်တာလုပ်ချင်တာဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးပါပဲ။ ဘယ်သူတေတေ ငတေမာရင်ပြီးရောဆိုတဲ့စိတ်မျိုးပဲရှိတာဖြစ်ပါတယ်။ စကားဆိုလည်း အမှန်မပြော၊ အကျင့်သိက္ခာဆိုလည်း မမှန်ကန်တဲ့လူမျိုးတွေပါ။

၄) လူလူချင်းခွဲခြားဆက်ဆံတတ်တယ်။
ဂုဏ်ရှိ၊ ငွေရှိသူကိုမှအထင်ကြီး၊ မျက်နှာလုပ်တတ်သူမျိုးတွေဖြစ်ပါတယ်။ ကိုယ့်ထက်နိမ့်ကျသူဆိုရင် ဖိနှိပ်ဆက်ဆံတတ်ပြီး ကိုယ့်ထက်သာတဲ့သူမျိုးကျတော့ အကူအညီရလိုရငြား မျက်နှာလိုမျက်နှာရလုပ်တတ်တဲ့သူမျိုးတွေပဲဖြစ်ပါတယ်။

၅) မတော်လောဘစိတ်ရှိတယ်။
အဓိကအကြောင်းရင်းကတော့ လောဘစိတ်များတာကြောင့် အဲဒီလိုအဆင့်အတန်းမရှိတဲ့ကိစ္စတွေလုပ်ရပ်တွေကို တန်းစီလုပ်ဖို့မကြောက်တာပါပဲ။ လောဘနဲ့ ကိုယ်ဖြစ်ချင်တာကိုယ်လုပ်ပြီး ကိုယ့်အလိုလောဘပြည့်ဝဖို့သာ စဉ်းစားတာပါ။

၆) အမှားအမှန်ခွဲခြားနားမလည်ဘူး။
အဲဒီလိုအဆင့်အတန်းမရှိသူတွေမှာက မှန်တယ်၊ မှားတယ်ရယ်လို့မရှိပါဘူး။ သူတို့အတွက်အဆင်ပြေရင် ဘယ်သူနစ်နာပါစေ ဂရုမစိုက်တတ်လို့ ဘယ်သူကိစ္စမှ ခေါင်းထဲထည့်ပြီး မှန်တာမှလုပ်သင့်တယ်၊ မှားတာကိုတော့မလုပ်သင့်ဘူးရယ်လို့ ဘယ်တော့မှတွေးတဲ့လူတွေမဟုတ်ပါဘူး။ အဲဒီလိုလူတွေမှာ အမှန်တရားရယ် အမှားရယ်ဆိုတာမရှိပါဘူး။

အဲဒီလိုအကျင့်စရိုက်လက္ခဏာရှိတဲ့လူတွေနဲ့တွေ့ရတဲ့အခါ ဝေးဝေးကသာရှောင်ပါ။ ထိုလူတွေမှာ လူတစ်ယောက်ရဲ့လိုက်နာရမယ့်ကျင့်ဝတ်တွေကို နားမလည်ပါဘူး။ လိုက်လည်းမလိုက်နာသလို၊ အခြားသူတွေကိုလည်း ချနင်းဖို့ဝန်မလေးပါဘူး။ သင်က ပညာဉာဏ်နဲ့ရှောင်ရင်တောင် သင့်ကိုလိုတဲ့အခါအသုံးချနိုင်ဖို့ သူတို့က အကွက်မြင်ပြီးသားပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။