အပြင်ထွက်ပြီး လုပ်ဆောင်နိုင်တဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေသောလေ့ကျင့်ခန်းများ

ဖိစီးမှုဆိုတာက ဘဝမှာ မရှောင်ရှားနိုင်တဲ့အစိတ်အပိုင်းပဲဖြစ်ပါတယ်။ အလုပ်မှာ၊ ကျောင်းမှာ၊ မိသားစုမှာ ၊ တွေ့ဆုံပွဲမှာ၊ ဆက်ဆံရေး အသစ်၊ အဟောင်းစသဖြင့် ဖိစီးမှုအမျိုးမျိုးရှိကြတာပါပဲ။ ဖိစီးမှုတွေကိုလျော့ကျစေဖို့အတွက် လုပ်ဆောင်နိုင်တဲ့လေ့ကျင့်ခန်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ အပြင်ထွက်ပြီး လုပ်ဆောင်နိုင်တဲ့လေ့ကျင့်ခန်းတွေက သင့်ကို စိတ်ဖိစီးမှုလျှော့ကျစေနိုင်သလို သင့်ရဲ့ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။


၁) ယောဂကျင့်ခြင်း
ယောဂကျင့်ခြင်းက တင်းကြပ်မှုတွေကို ပြေလျော့စေပါတယ်။ စိတ်ပိုင်းဆိုင်ရာကော ၊ ရုပ်ပိုင်းဆိုင်ရာ တင်းကြပ်မှုတွေကို ပြေလျော့စေပြီး စိုးရိမ်ပူပန်မှုတွေကိုလည်း လျော့ကျစေပါတယ်။ ယောဂကျင့်မယ့်သူတွေအတွက် မတူညီတဲ့ပုံစံအမျိုးမျိုးရှိပါတယ်။ အပြင်ထွက်ပြီး နွေးထွေးတဲ့ရာသီဥတုအောက်မှာ ယောဂကျင့်ခြင်းက ပိုပြီး လူသိများလာပြီး သင့်ကိုပိုပြီး သက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်။ ပြင်ပတ်ဝန်းကျင်က သဘာဝတရားရဲ့အထိအတွေ့ သင့်ရဲ့စိတ်ဖိစီးမှု့ကိုလည်း လျော့ကျစေပါတယ်။ ပန်းခြံထဲမှာ ယောဂကျင့်တာမျိုးဖြစ်ဖြစ် အုပ်စုဖွဲ့ပြီး လေ့ကျင့်တာမျိုးလုပ်နိင်ပါတယ်။

၂) တောင်တက်ခြင်း
သင်နေတဲ့နေရာပေါ်မူတည်ပါတယ်။ တောင်တက်ခြင်းက အပြင်ထွက်ပြီးလေ့ကျင့်တဲ့လေ့ကျင့်ခန်းတစ်ခုလိုပါပဲ။ သင့်စိတ်ဖိစီးမှုတွေကို လျော့ကျစေမှာပါ။
သင့်ပတ်ဝန်းကျင်မှာ တောင်တက်ဖို့နေရာမရှိနိုင်ဘူးဆိုရင်လည်း ပန်းခြံထဲ ရွရွလေးပြေးခြင်း၊ လမ်းလျှောက်ခြင်းတို့ လုပ်ခြင်းကလည်း စိတ်ဖိစီးမှုကို လျော့ကျစေပါလိမ့်မယ်။ UKမှာ လေ့လာတွေ့ရှိချက်အရ ပန်းခြံ ဒါမှမဟုတ် အခြားသဘာဝနေရာတွေမှာ လမ်းလျှောက်ခြင်းက တရားထိုင်ခြင်းကဲ့သို့ သင့်ဦးနှောက်ကိုကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိစေပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတိုးတက်စေပြီး စိတ်ဖိစီးမှုလျှော့ကျစေနိုင်ပါတယ်။

၃) စက်ဘီးစီးခြင်း
စက်ဘီးစီးခြင်းကလည်း အပြင်ထွက်ပြီး လုပ်နိုင်တဲ့လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ စက်ဘီးစီးခြင်းက စိတ်ဖိစီးမှုကိုလျှော့ကျစေတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ ဖော်ပြကြပါတယ်။

၄) ကစားခြင်း
ကစားခြင်းဆိုတာက ကလေးတွေအတွက်ပဲ မဟုတ်ပါဘူး။ အဲဒါက ကျန်းမာရေးအတွက် အံ့အားသင့်စရာအကျိုးရှိတာကို တွေ့ရပြီး စိတ်ဖိစီးမှုတွေကို လျှော့ကျစေပါတယ်။ ကလေးတွေကဲ့သို့ စိတ်လွှတ်ကိုယ်လွှတ် ပြေးလွှားဆော့ကစားခြင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြင့်တင်ပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်မှာ ဆော့ကစားခြင်းက အိမ်တွင်းမှာဆော့ကစားခြင်းက ပိုအကျိုးရလဒ်များတာကိုတွေ့ရပါတယ်။

၅) အိမ်မွေးခွေးနဲ့အတူလမ်းလျှောက်ခြင်း
သင့်အိမ်မှာမွေးထားတဲ့ ခွေးနဲ့အတူ လမ်းလျှောက်ခြင်းကလည်း သင့်ရဲ့ကျန်းမာရေးအားလုံးကို အကျိုးရှိစေပါတယ်။ လေ့လာချက်တွေအရ အိမ်မွေးတိရိစ္ဆာန်မွေးတဲ့သူတွေက စိတ်ဖိစီးမှုကိုလျော့ကျစေပြီး oxytocin ဆိုတဲ့ ကောင်းမွန်တဲ့ခံစားချက်ပေးတဲ့ ဓာတ်တစ်မျိုးပမာဏတိုးလာစေပြီး cortisolဆိုတဲ့ ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းပမာဏတော့လျော့ကျလာစေပါတယ်လို့ ဖော်ပြပါရှိပါတယ်။
တကယ်လို့များသင့်မှာခွေးတစ်ကောင်လောက်မွေးထားတယ်ဆိုရင်တော့ အတော်ပါပဲ။ သင့်ခွေးနဲ့အတူ ပန်းခြံမှာလမ်းလျှောက်တာမျိုးလုပ်ခြင်း သင့်တိရိစ္ဆာန်ကို လေ့ကျင့်ခန်းလုပ်ခိုင်းရာရောက်သလို၊ သင့်အတွက်လည်း ကျန်းမာရေးကောင်းမွန်စေပါတယ်။

၆) ရေပေါ်လေ့ကျင့်ခန်းလုပ်ခြင်း
ရေထဲမှာ ဆော့ကစားခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းက လုံးဝကို အံ့အားသင့်စရာကောင်းတဲ့ အပန်းဖြေခြင်းတစ်မျိုးပါပဲနော်။ ကမ်းခြေမှာအပန်းဖြေခြင်း၊ ရေပေါ်မှာ ပေါလောမြောနေခြင်း၊ ရေထဲမှာကစားခြင်း စတဲ့နည်းလမ်းတွေက စိတ်ဖိစီးမှုလျှော့ကျစေတဲ့ နည်းလမ်းတွေပါပဲ။ အဲဒီ့ကစားနည်းတွေက အခြားသော လေ့ကျင့်ခန်းတွေလိုပါပဲ။ စိတ်ဖိစီးမှုပြေလျှော့စေပါတယ်။ cortisol ဆိုတဲ့ဟော်မုန်းကို လျှော့ကျစေပါတယ်။ လေ့လာချက်တွေအရ ပင်လယ်ကမ်းခြေမှာ နေထိုင်ခြင်း ဒါမှမဟုတ် ပင်လယ်အနီးနားမှာ နေထိုင်တဲ့သူတွေက စိတ်ဖိစီးမှု ပိုပြီး လျော့ကျစေနိုင်ပါတယ်။ ပင်လယ်နားက လေထုက စိတ်ဖိစီးမှုကို ပြေလျှော့စေတယ်လို့ ဖော်ပြကြပါတယ်။

သင့်ဘဝမှာ ဘယ်လောက်ပဲ စိတ်ဖိစီးမှုတွေ ကြုံရပါစေ။ အပြင်ထွက်ပြီး ပြင်ပပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်ကို လေ့လာခံစားဖို့ အချိန်လေးခဏလောက် ပေးပါ။ သင့်ရဲ့အာရုံတွေအားလုံး ပြန်လည်ကောင်းမွန်လာပြီး စိုးရိမ်ပူပန်နေသမျှတွေ အားလုံးလောင်ကျွမ်းပျောက်ကွယ်သွားပါလိမ့်မယ်။ သင့်ရဲ့ခံစားချက်တွေ အံ့အားသင့်ဖွယ်ပြောင်းလဲသွားတာကို သင်ခံစားရပါလိမ့်မယ်နော်။
https://www.success.com/6-stress-reducing-activities-to-get-you-outside/လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။