ငွေက အရေးကြီးဆုံးတဲ့လား…..

လူတိုင်းလိုလိုက ငွေကို လိုအပ်ကြပါတယ်။ ငွေက လူတွေရဲ့လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးနိုင်တာကိုး။ အဲဒါကြောင့် လူတွေရဲ့စားဝတ်နေရေး အားလုံးအတွက် ငွေကို လိုကိုလိုအပ်တာအမှန်ပါပဲ။ လူတစ်ယောက်ရဲ့ အသက်ရှင်သန်ရေးအတွက် စားသောက်နိုင်ဖို့၊ လူတစ်ယောက်ရဲ့အရှက်လုံအောင် ဝတ်စားဆင်ယင်နိုင်ဖို့၊ လူတစ်ယောက်ရဲ့ လေဒဏ်ရေဒဏ်မိုးဒဏ်ကိုခံနိုင်စွမ်းရှိတဲ့ နေစရာရှိဖို့ စတဲ့အရာတွေအတွက် ငွေက အရေးကြီးပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးအတွက်ကော ငွေက အရေးကြီးဆုံးပါပဲလား။


ဒီမေးခွန်းကို လူတော်တော်များများနဲ့ ငြင်းရမှာအသေအချာပါပဲ။ လူအတော်များများက ငွေကအရေးကြီးဆုံးဆိုတဲ့ အဖြေပေးကြတာများပါတယ်။ မှန်ပါတယ်….လူတွေရဲ့ စားဝတ်နေရေး၊ ရုပ်ပိုင်းဆိုင်ရာပစ္စည်း လိုအပ်ချက်တွေအတွက် ငွေက မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့အကျင့်စရိတ္တပိုင်းဆိုင်ရာကိုတော့ ငွေက ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။ ငွေကိုသာ အရေးကြီးဆုံးလို့ ဦးထိပ်ပန်ဆင်လိုက်တဲ့အခါ ကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုလည်း အလေးမထားတော့ပါဘူး။ အမျိုးသမီးလေးတွေမှ မဟုတ်ပါဘူး၊ အမျိုးသားတွေ လူကြီးလူငယ်မရွေး ငွေကို လိုအပ်တာမှန်ပေမယ့် အရေးအကြီးဆုံးနေရာမှာ ငွေဖြစ်သွားပြီဆိုတဲ့အခါ ငွေရရင် ဘာမဆိုပြီးရော လုပ်မယ်…ဆိုတဲ့စိတ်ဓာတ်တွေ စတင်ဖြစ်ပေါ်လာပါတယ်။ အဲဒီ့အခါမှာ ရိုးသားမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရတဲ့နည်းလမ်းနဲ့ ငွေရှာချင်စိတ်ဖြစ်လာပါလိမ့်မယ်။ တနည်းအားဖြင့် ရိုးသားမှုပျောက်ဆုံးလာပါမယ်။ ရိုးသားမှုပျောက်ဆုံးတဲ့အခါ ကိုယ်ကျင့်တရားလည်း တဖြေးဖြေးချင်းတိုက်စားလာတာပါပဲ။ နောက်ဆုံးကိုယ်ကျင့်တရားဖောက်ဖျက်ရင် ဖောက်ဖျက်ရပါစေ…..ငွေရဖို့ပဲ တွေးလာတော့မှာပါ။
လူတစ်ယောက်ရဲ့ဘဝမှာ ရှိသင့်တဲ့ ရိုးသားဖြောင့်မတ်ခြင်းနဲ့ ကိုယ်ကျင့်တရားဟာ ငွေကိုအရေးကြီးဆုံးလို့သတ်မှတ်လိုက်ခြင်းရဲ့နောက်မှာ ပျောက်ဆုံးသွားပါလိမ့်မယ်။ ရိုးသားဖြောင့်မတ်ခြင်းနဲ့ ကိုယ်ကျင့်တရားမရှိတော့တဲ့အခါ လူတွေရဲ့ အသိဉာဏ်ဆင်ခြင်တုံ့တရားလည်း ကင်းမဲ့သွားပါတယ်။ အသိဉာဏ်နဲ့ အမှန်ရယ်၊ အမှားရယ်လို့ မဆင်ခြင်တော့ဘဲ ငွေရဖို့သာ စဉ်းစားလိုက်တဲ့အခါ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ လုပ်ဖို့ လောဘက တွန်းအားပေးလိုက်တော့တာပါပဲ။ ထိုအခါ ငွေရဖို့ကလွဲလို့ မတရားတာလုပ်ဖို့ ဝန်မလေးတော့သလို၊ ကိုယ့်ကျင့်တရားဖောက်ဖျက်ဖို့လည်း ဝန်မလေးတော့ပါဘူး။
လူတစ်ယောက်နဲ့ တိရိစ္ဆာန်တစ်ကောင်ရဲ့ခြားနားချက်က အမှားအမှန်ကို ဆင်ခြင်သုံးသပ်နိုင်စွမ်းပဲဖြစ်ပါတယ်။ တိရိစ္ဆာန်သည် မှန်တာမသိ၊ မှားတာကို နားမလည်၊ အရှက်ကိုမသိ၊ အကြောက်ကို နားမလည်၊ ဝဋ်ကြွေးဆိုတာကို နည်းနည်းမှမသိဘဲ ငရဲဆိုတာကိုလည်း တပြားသားမှ မသိတဲ့သတ္တဝါတွေဖြစ်ပါတယ်။ လူကတော့ ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိပါတယ်။ အမှန်ကို သိနိုင်၊ အမှားကိုဆင်ခြင်နိုင်ပြီး အရှက်ဆိုတာရှိပါတယ်။ ဝဋ်ကြွေးဆိုတာကို ကြောက်တတ်ရပါတယ်။ အဲဒါတွေကြောင့်ပဲ ငွေရရင်ပြီးရော……ငါ့အတွက်အဆင်ပြေရင်ပြီးရော ဆိုတဲ့ အတ္တစိတ်ကို လျှော့ချနိုင်ပါမှ လူကောင်းသူကောင်းတွေပေါများနိုင်မှာပါ။ လူကောင်းသူကောင်းတွေပေါများပါမှ လူ့လောကကြီးမှာ မတရားသူတွေကို တရားသူတွေက အနိုင်ရမှာဖြစ်ပါတယ်။ တရားမျှတမှုကြီးစိုးမှသာ သာယာတဲ့လောကကြီးဖြစ်နိုင်မှာပါ။
ငွေကို ပေါပေါလောလောသုံးဖြုန်းချင်စိတ်၊ ငွေကို နောင်ဆံမငင်ရဘဲ သုံးဖြုန်းချင်စိတ်၊ လူတွေအလယ်မှာ ငွေကို ရေလိုသုံးနိုင်သူအဖြစ် အထင်ကြီးခံရချင်စိတ်၊ ငွေနဲ့သာ အရာရာကို ဖုံးလွှမ်းလိုက်ရင် အမှားတွေလုပ်ထားလဲ အချိန်တန်ငွေမျက်နှာနဲ့ အဖက်လုပ်ကြမှာပဲလို့ တရားသေမှတ်ယူတတ်တဲ့စိတ်ဓာတ်တွေက ငွေကိုအရေးတကြီးလို့သတ်မှတ်ထားတတ်သူတွေမှာ တွေ့ရတတ်ပါတယ်။ ထိုမှားယွင်းတဲ့ အယူအဆအလွဲတွေကြောင့်ပဲ ငွေကို အရေးတကြီးသတ်မှတ်ပြီး ငွေနောက်ကောက်ကောက်ပါအောင်လိုက်ကြတာဖြစ်ပါတယ်။ အဲဒီ့အခါ မတရားမှုတွေကြီးစိုးပြီး မတရားမှုတွေသာ အမှန်တရားတစ်ခုလိုဖြစ်လာနိုင်ပါတယ်။
ငွေနဲ့ချခင်းထားတဲ့လမ်းက ပိုချောမွေ့တာမှန်ပေမယ့် ငွေက အခြားသူတွေရဲ့သွေးချွေးမျက်ရည်မပါတဲ့ငွေသေချာရဲ့လား၊ ကိုယ့်ကိုကိုယ်လိပ်ပြာလုံရဲ့လားလို့ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ရမှာဖြစ်ပါတယ်။ ငွေနဲ့ပေါင်းသင်းမှ ကိုယ့်ဆီလာတတ်သူတွေဟာ သင်ငွေမရှိတဲ့အခါ သင့်ဘဝထဲ နေပါ့အုံးမလား၊ သင်ငွေခင်းထားလို့ ဖြောင့်နေတယ်ထင်ရတဲ့လမ်းက ငွေမခင်းနိုင်ရင် ဖြောင့်ဖြူးနိုင်ပါ့အုံးမလား။ ငွေနဲ့ချည်း ဖြေရှင်းတတ်သူက ငွေမရှိရင် ပြဿနာဖြေရှင်းဖို့ ဘာကို အားကိုးနိုင်မှာလဲ။ ငွေအတွက်နဲ့ ကိုယ့်ကျင့်တရားကိုပါ အလွယ်တကူချိုးဖျက်လိုက်ခြင်းက ကိုယ့်တစ်ယောက်ထဲ ငွေပုံကြားမှာ သာယာနေတယ်ထင်ရပေမယ့် ထိခိုက်မှုတွေကတော့ အများကြီးပါပဲ။
ဥပမာ။ အိမ်ထောင်သည်တစ်ယောက်က ငွေကြောင့် အိမ်ထောင်ရေးဖောက်ပြန်မယ်ဆိုရင် သားသမီးဖြစ်သူတွေ စိတ်ဒဏ်ရာရမယ်၊ ကိုယ့်သားသမီးကို ရင်အုပ်မကွာ ထိန်းကျောင်းနိုင်စွမ်းမရှိတော့တာမျိုးဖြစ်မယ်၊
လူလွတ်တစ်ယောက်က ငွေကြောင့် ကိုယ့်ကျင့်တရားဖောက်ဖျက်မယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်ကျင့်တရားမှာ စွန်းသွားတဲ့အရိပ်မည်းကို ဘယ်လိုငွေမျိုးနဲ့မှ အစားထိုးပြီး ပြန်မဝယ်နိုင်တော့ပါဘူး။ ကိုယ့်ရှေ့တင်မှာ ငွေကြောင့် ကိုယ့်ကို ရယ်မောအဖက်လုပ်နေတဲ့သူရှိရင်တောင် ကိုယ့်နောက်ကွယ်မှာ ငွေကြောင့် ရေစုန်မြောသွားတဲ့ကိုယ့်ကျင့်တရားအကြောင်းကို ပြောဆိုနေကြအုံးမှာပါပဲ။
ကိုယ်ကျင့်တရားကောင်းသူတစ်ယောက်လို ဟန်ဆောင်ပြီး နေရာတစ်ခုမှစိတ်သစ်လူသစ်နဲ့ ရှင်သန်ပါစေအုံး။ ငွေကိုသာ အရေးကြီးဆုံးသတ်မှတ်မှုကြောင့်နောက်ထပ်သော အမှားတွေများစွာကို ထပ်မံပြုလုပ်နေအုံးမှာပါပဲ။ အမှားတွေလုပ်လေ…..တစ်နေရာပြီးတစ်နေရာကို စွန့်ခွာပြောင်းရွှေ့လေ ….. နေစရာကျဉ်းမြောင်းလာလေဖြစ်နေမှာပါ။ အဲဒီလိုပဲ ငွေသာရရင်ပြီးရော….ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့စိတ်ဓာတ်ရှိလာတဲ့အခါ မူးယစ်ဆေးပေါင်းစုံရောင်းချအသက်မွေးတာမျိုး၊ ခိုးဆိုးလုယူ၊ လူသတ်ဖို့ဝန်မလေးတာမျိုးတွေတန်းစီ ပေါများလာတော့မှာပါ။
တကယ်တော့ ငွေက လူမှုဘ၀ စားဝတ်နေရေးနဲ့ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေအတွက်တော့ လိုအပ်တာအမှန်ပါပဲ။ ဒါပေမယ့် လိုအပ်တာထက်ပိုပြီး ငွေကိုလိုချင်လာတဲ့အခါ ငွေက လူတွေအတွက် အာဟာရမဖြစ်တော့ဘဲ အဆိပ်အတောက်ဖြစ်လာနိုင်ပါတယ်။ ငွေကို လိုအပ်တာထက် ပိုပြီးလိုချင်တပ်မက်စိတ်နဲ့လောဘဖြစ်လာတဲ့အခါ ငွေကိုလောဘတက်သူမှာလည်း အဆိပ်အတောက်ဖြစ်လာသလို၊ ထိုလူပတ်ဝန်းကျင်ကလူတွေအတွက်လည်း တနည်းနည်းနဲ့ ထိခိုက်လာစေမယ့် အဆိပ်အတောက်ဖြစ်လာတာပါပဲ။
အဲဒါကြောင့် ငွေကလူမှုဘဝမှာ အရေးပါတာဖြစ်ပေမယ့် ကိုယ့်ကျင့်တရားနဲ့ရိုးသားမှုက ငွေထက်ပိုပြီးအရေးကြီးတယ်ဆိုတာ သိသာပါတယ်။ အဲဒါအပြင် ဒီနေ့ခေတ်မှာဆိုရင် ကိုယ်ကျင့်တရားနဲ့ရိုးသားမှုကို ငွေနဲ့တောင်ပေးမဝယ်နိုင်ဘူးဆိုတာ ပိုပြီးသိသာလာပါပြီနော်။ အဲဒါကြောင့် ငွေသာအရေးကြီးဆုံးဟုတ်ရဲ့လား….ဆိုတာကို ပြန်လည်စဉ်းစားသုံးသပ်နိုင်အောင် ဒီဆောင်းပါးလေးနဲ့ဖော်ပြပေးလိုက်ရပါတယ်။ ငွေထက်တန်ဖိုးကြီးတဲ့အရာတွေဟာ ငွေနဲ့တောင်လဲမရဘဲ တကယ်လေးစားစွာလိုက်နာတန်ဖိုးထားတဲ့အခါ လူ့လောကကြီးက ပိုပြီးသာယာလှပလာမှာအမှန်ပါပဲနော်။ စီးပွားရေးလုပ်ငန်းရှင်ကြီး Warren Buffett ကပြောခဲ့တဲ့စကားလေးသိပ်လှပါတယ်။ “ရိုးသားမှုက ဈေးကြီးတဲ့အတွက် အလကားလူတွေဆီက မမျှော်လင့်မိပါစေနဲ့” တဲ့။ ကျွန်တော်တို့တွေလည်း အလကားလူမဖြစ်အောင် ကြိုးစားကြပါစို့နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။