အနုပညာဆိုသည်မှာ လူ့ ဘောင်အဖွဲ့အစည်းတွင် မရှိမဖြစ်လိုအပ်ပါတယ်။
အနုပညာဆိုတာက လူ့ဘောင်အဖွဲ့အစည်းမှာ မရှိမဖြစ်လိုအပ်ပါတယ်။ အရင်ဆုံး အနုပညာဆိုတာ ဘာလဲလို့ပြောပြချင်ပါတယ်။ လူတွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကို ပေါ်လွင်အောင် ထပ်ဟပ်ပြသနိုင်သော ပညာ။ လူတို့၏စိတ်ကို လှုပ်ရှားစေနိုင်သော ပညာမျိုးဖြစ်သည်။ လူတို့၏ စေတနာကို လှုံ့ဆော်နှိုးဆွပေးနိုင်သော ပညာမျိုးဖြစ်ပါတယ်။
အကြမ်းအားဖြင့်ပြောမယ်ဆိုရင်တော့ အနုပညာဆိုတာက ခံစားမှုကို နှလုံးသားကော ဦးနှောက်နဲ့ကောပေါင်းစပ်ပြီး တစ်ဖက်လူရဲ့ နှလုံးသားထဲထိ စူးဝင်သွားအောင် လှုံ့ဆော်ပေးနိုင်တဲ့ပညာရပ်ပဲဖြစ်ပါတယ်။ အနုပညာကို တင်ပြပုံခြင်း ကွာခြားသွားရာကနေမှ သရုပ်ဆောင်အနုပညာ၊ စာရေးခြင်းအနုပညာ၊ ပန်းချီ၊ ပန်းပု အနုပညာ၊ ဒီနေ့ခေတ်မှာဆိုရင် ပန်းချီနဲ့ ဒီဇီုင်းသမားတွေက ဆက်စပ်လာလို့ ဒီဇိုင်နာတွေကလည်း အနုပညာရပ်ထဲမှာ ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ ကဗျာနဲ့ဖော်ပြတဲ့အနုပညာ စသဖြင့် အများကြီး ကွဲထွက်သွားပါတယ်။
ဒါပေမယ့် ဦးတည်ချက်ကတော့အတူတူပါပဲ။ ခံစားတဲ့သူရဲ့ နှလုံးသားထဲမှာ တစ်ခုခု စွဲကျန်သွားအောင် လှုံ့ဆော်ပေးဖို့ပါပဲ။ ထိုကဲ့သို့ လှုံ့ဆော်ပေးနိုင်တဲ့အခါ ဘာတွေဖြစ်လာပါသလဲဆိုတော့ ခံစားချက် ၉မျိုးထဲက တစ်ခုခု နှလုံးသားထဲစွဲကျန်ခဲ့နိုင်ပါတယ်။ ထိုအချက်က အဓိက မိန်းပါပဲ။ ထိုအချက်ကပဲ ဘာလို့ အနုပညာရှင်ဆိုတာ လူ့ဘောင်အဖွဲ့အစည်းမှာ ရှိနေသင့်တာလဲဆိုတဲ့အချက်ပါပဲ။
အနုပညာရှင်ဖော်ပြလိုက်တဲ့ ဖန်တီးလိုက်တဲ့အရာတစ်ခုခုမှာ နှလုံးသားထိရောက်အောင် ပေးချင်တဲ့ အရာတခုခုပါနေတတ်ပါတယ်။ ထိုအရာကပဲ ခံစားလိုက်တဲ့သူရဲ့ နှလုံးသားကို ပြုပြင်ပေးနိုင်တာပါ။ ဥပမာ။ ဂျာနယ်ကျော်မမလေးရဲ့ ဝတ္ထုတစ်ပုဒ်ထဲမှာ (ခေါင်းစဉ်တော့ မမှတ်မိတော့ပါဘူး) သားမက်ဖြစ်သူက အိမ်ထောင်ရေးဖောက်ပြန်တာကို ယောက္ခမဖြစ်သူက ညတိုင်း ထိုင်စောင့်ပြီးတံခါးဖွင့်ပေးရပါတယ်။ သမီးဖြစ်သူကလည်း ယောကျ်ားဖြစ်သူ အိမ်ထောင်ရေးဖောက်ပြန်မှန်းသိပေမယ့် မိသားစုပြိုကွဲပြီး အရှက်ရမယ့်အရေးကြောင့် ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်နေရှာပါတယ်။ ထိုဝတ္ထုကို ဖတ်ဖူးတဲ့သူလည်း ဖတ်ဖူးကြမယ်ထင်ပါတယ်။ တွေးတစိမ့်စိမ့် ဝတ္ထုတိုပေါင်းချုပ်မှာပါတာပါ။ ပြောချင်တာက စာဖတ်သူက ထိုဝတ္ထုကို ဖတ်လိုက်တဲ့အခါ အိမ်ထောင်ရေးဖောက်ပြန်သူယောကျာ်းကို စိတ်တွေတိုပြီး အနစ်နာခံသူ မိသားစုကို သနားဂရုဏာသက်လာမိမှာအမှန်ပါပဲ။ အဲဒီ့အခါ ထိုမုန်းတီးစရာထိုယောကျ်ားကို ကြည့်ပြီး အိမ်ထောင်ရေးဖောက်ပြန်မှုကြီးဟာ ခါးသီးပါလား၊ ထိုကဲ့သို့ ပြုလုပ်ခြင်းက မကောင်းပါလားဆိုတဲ့ အသိလေးတစ်ခု နှလုံးသားထဲကို စူးနစ်ပြီး ဝင်ရောက်သွားပါမယ်။ ဒါဆိုရင် ထိုအသိကို လက်တွေ့ဘဝမှာ မဆင်ခြင်နိုင်ဘူးလား။ တကယ်ဆင်ခြင်တတ်လာပါတယ်။ အဲဒါက အနုပညာကပေးတဲ့ မက်ဆေ့ပါပဲ။ ဝတ္ထုတွေမှာမှ မဟုတ်ပါဘူး။ ကဗျာတွေကနေလည်း အသိတစ်ခုခုရသွားတာမျိုး၊ ဥပမာ ဆရာဇော်ဂျီရဲ့ “သင်သေသွားသော်….” ဆိုတဲ့ကဗျာဆိုရင်လည်း ခုထိ နောက်ဆုံးအပိုဒ်က “သင်သေသွားသော်…….သင်ဖွားသောမြေ၊ သင်တို့မြေလည်း အခြေတိုးမြင့် ကျန်ကောင်းသင့်၏” ဆိုတဲ့ ထိုစာသားလေးကိုရွတ်တိုင်း ကိုယ့်ကိုကိုယ် တိုင်းပြည်အတွက် တခုခုလုပ်နိုင်ဖို့ တိုက်တွန်းနေသလိုပါပဲ။ (အများကြီးမလုပ်နိုင်လည်း ကိုယ်အတတ်နိုင်ဆုံး တိုင်းပြည်ထိခိုက်မယ့်အလုပ်မျိုးမလုပ်ဖြစ်အောင် သင်ပေးနေသလိုပါပဲ) ပန်းချီဆိုလည်း ပန်းချီအလျောက် ယူတတ်ရင် ရတာချည်းပါပဲ။ ပြောချင်တာက အနုပညာက ခံစားရတဲ့သူရဲ့ နှလုံးသားထဲကို တခုခုပေးကိုပေးနိုင်ပါတယ်။ အဲဒါကလည်း ခံစားရသူရဲ့ အကျင့်စရိုက်နဲ့ စိတ်ထားကို၊ ဘဝကိုပါ ပြုပြင်ပြောင်းလဲပေးသွားနိုင်ပါတယ်။
အနုပညာဆိုတာ ခံစားသူတွေရဲ့ စိတ်ထားကို တနည်းအားဖြင့် နူးညံ့ပျော့ပြောင်းလာစေနိုင်ပါသေးတယ်။ အဲဒီ့အချက်တွေကြောင့် လူ့ဘောင်အဖွဲ့အစည်းမှာ အနုပညာဆိုတာရှိမှ တစ်ဦးကိုတစ်ဦးချစ်ခင်စိတ်တွေ၊ အတုယူစိတ်တွေ၊ ပြုပြင်သင့်တာပြုပြင်ချင်စိတ်တွေ၊ တစ်ဦးကိုတစ်ဦးဖေးမကူညီချင်စိတ်တွေ၊ ကိုယ်ချင်းစာစိတ်တွေ၊ စတဲ့ကောင်းတဲ့စိတ်ဓာတ်ရှိသူတွေ တိုးပွားလာစေနိုင်ပါတယ်။ ထိုစိတ်ဓာတ်ကောင်းရှိသူတွေ တိုးပွားလာတဲ့အခါ လူမှုဘဝကြီးက ဘယ်လောက်များ ကြည်နူးချင်စရာကောင်းလာပါ့မလဲ၊ သာယာလာပါ့မလဲ၊ လူ့လောကကြီးကို အနုနည်းနဲ့ပြုပြင်ပေးနိုင်တာက အနုပညာပါပဲ။ အဲဒါကြောင့် လူမှုဘဝမှာ အနုပညာဆိုတာ လိုကိုလိုအပ်ပါတယ်။ တစ်ခုရှိတာက အနုပညာယောင်ယောင်နဲ့ အနုပညာအရေခွံဖုံးအုပ်ပြီး လူတွေရဲ့စိတ်ဓာတ်ကိုဖျက်ဆီးမယ့်သူတွေ မတိုးပွားလာဖို့တော့လိုပါတယ်။ အဲဒါကြောင့် အနုပညာအစစ်အမှန်တွေတိုးပွားလာပြီး လူမှုဘဝကြီး ပိုပြီးသာယာလာပါစေလို့ ဆုတောင်းရင်း ဒီဆောင်းပါးလေးကို ဖော်ပြလိုက်ရပါတယ်။ #Bawa101