အမှားလုပ်မိတဲ့အခါ ပြန်ပြီး ဆင်ခြင်သည့် အချက် ၄ချက်

လောကမှာ မမှားသော ရှေ့နေ၊ မသေသော ဆေးသမားဆိုသလိုပါပဲ၊ မမှားဖူးတဲ့သူ ဘယ်သူမှမရှိပါဘူး။ ဒါပေမယ့် ထိုအမှားကို ဘယ်လိုပြန်အသုံးချသလဲဆိုတဲ့အပေါ်၊ ပြန်ပြီးဆင်ခြင်တယ်ဆိုတဲ့အပေါ် မူတည်ပြီး အမှားနည်းသွားတဲ့သူရယ်၊ အမှားများတဲ့သူရယ် ကွာခြားသွားတာပါပဲ။ အဲဒီ့တော့ ကိုယ့်ဘဝမှာ အမှားလုပ်မိတဲ့အခါ ဘာဆက်လုပ်သင့်သလဲဆိုတဲ့ အချက် ၄ချက်ကို ဖော်ပြလိုက်ပါတယ်။


၁) အမှားကို မှတ်ထားပါ။
အမှားတွေလုပ်မိလို့ ကျရှုံးရတယ်ဆိုရင် ကျရှုံးမှုက မရှောင်လွှဲနိုင်ပါဘူး။ ဒါပေမယ့် ကျရှုံးမှုတွေကနေ ပြန်ပြီး ပြောင်းလဲပစ်လို့ရမယ့်အချက်တွေ တွေ့နိုင်ပါတယ်။ ကိုယ့်မှားခဲ့ဖူးတဲ့အမှားတွေကို မှတ်ထားပါ။ နောက်ထပ်မမှားအောင် သင်ခန်းစာယူနိင်ပါတယ်။ အဲဒါသည်ပင် ကျရှုံးမှုထဲက အမြတ်တစ်ခုပါပဲ။

၂) ဝန်ခံပါ။
အမှားကို ဝန်ခံရဲဖို့လိုပါတယ်။ အဲဒါကလည်း အရေးကြီးတဲ့အချက်တစ်ချက်ပါပဲ။ တစ်ချို့တွေက ကိုယ်တိုင်ကမှားနေပေမယ့် ဘေးလူထောက်ပြရင် မကြိုက်တတ်ဘဲ အမှားမဟုတ်ကြောင်း ငြင်းဆိုတတ်ကြပါတယ်။ အဲဒါက အမှားကိုဝန်ခံတဲ့အတွက် အမှားကို ပြုပြင်ရကောင်းမှန်း လက်မခံတာနဲ့အတူတူပါပဲ။ အမှားကို အမှားပါလို့ရဲဝင့်စွာ ဝန်ခံပြီး နောက်တခါမမှားစေရဘူးလို့ ကိုယ့်ကိုကိုယ်သတ်မှတ်လိုက်တာက နောက်ထပ် အလားတူအမှားမျိုးဖြစ်လာနိုင်ချေနည်းသွားတဲ့အပြင် ကိုယ့်ကိုကိုယ် စည်းကမ်းသတ်မှတ်လိုက်သလို၊ သတိပေးပြီးသားလည်း ဖြစ်စေပါတယ်။

၃) အမှားတွေကနေ သင်ယူပါ။
မမှားဘူးတဲ့သူ မရှိပါဘူး။ ဒါပေမယ့် ထပ်မမှားဖို့ပဲ လိုပါတယ် ။ ထပ်မမှားဖို့က တခါမှားဖူးတဲ့အမှားကို သင်ခန်းစာယူဖို့လိုပါတယ်။ သင်ခန်းစာယူပြီး မှတ်သားလိုက်တဲ့အခါ နောက်တခါ အလားတူအမှားမျိုး မဖြစ်နိုင်တော့ပါဘူး။ အဲဒါကြောင့် မှားပါစေ၊ အမှားတွေထဲက ဘာကြောင့်မှားတာလဲဆိုတဲ့အချက်ကို တွေ့အောင် ရှာပါ။ ထိုသင်ခန်းစာကို မှတ်သားပါ။ နောင်မမှားအောင် ကြိုးစားပါ။

၄) သင်ခန်းစာယူပြီးတဲ့အခါ အမှားတွေကို မခံစားနေပါနဲ့တော့။
အမှားတွေကို ယူကြုံးမရဖြစ်နေလို့လည်း ပြန်ပြင်လို့မရတော့ပါဘူး။ အမှားတွေကိုချည်း ပြန်ပြန်တွေးလေ….သင်ပိုပြီး စိတ်ဓာတ်ကျ၊ စိတ်ညစ်လေဖြစ်နေမှာပါ။ အဲဒါက သင့်ကို ရှေ့ဆက်မယ့်ခွန်အားတွေကိုတောင် နုတ်ယူသွားနိုင်ပါတယ်။ အဲဒါကြောင့် မှားပြီးတဲ့ အမှားတွေထဲက သင်ခန်းစာယူပြီး နောက်မမှားဖို့သာ အာရုံစိုက်ပါ။ အမှားတွေကို တဖန်တလဲလဲ ပြန်တွေးပြီ းဝမ်းမနည်းပါနဲ့။ လက်ရှိအချိန်တွေ ကုန်ပါတယ်။ ခုလက်ရှိအချိန်မှာ အမှားကိုသင်ခန်းစာယူလို့ ရှေ့ဆက်သွားဖို့သာ စဉ်းစားပါ။

အထက်က အချက်လေးချက်ကို အမြဲစွဲမြဲနေအောင် မှတ်ထားပါ။ အမှားတွေလုပ်မိတဲ့အခါ ပြန်ပြီးကျင့်သုံးပါ။ အမှားတွေက သင်ခန်းစာရအောင်ယူပြီး ရှေ့ဆက်ဖို့သာ ကြိုးစားပါလို့ တိုက်တွန်းလိုက်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။