အလုပ်မှာမပျော်တော့တဲ့အကြောင်းရင်းကိုဆန်းစစ်ပါ။

လူရယ်လို့ဖြစ်လာရင် စားဝတ်နေရေးဆိုတဲ့စကားလုံးလေးလုံးအတွက် လှုပ်ရှားရုန်းကန်ရင်း ရှင်သန်ကြတာပါပဲ။ အဲဒီ့အခါမှာ ကိုယ့်ရဲ့အသက်မွေးနိုင်တဲ့အလုပ်တစ်ခုခုကိုတော့ လုပ်နေကြရတဲ့သူတွေချည်းပါ။ များသောအားဖြင့် ကျောင်းပြီးလို့ဘွဲ့တစ်ခုရချိန်မှာဖြစ်ဖြစ် အလုပ်တစ်ခုခုတော့ လုပ်ကြရပါတယ်။ အဲဒါမှသာ အမြင်ကျယ်လာမယ်၊ ကိုယ်တတ်မြောက်ထားတဲ့ပညာကို အသုံးချနိုင်မယ်၊ လူမှုဆက်ဆံရေး ကောင်းလာမယ်၊ ငွေရဲ့တန်ဖိုးကိုနားလည်လာမှာဖြစ်ပါတယ်။ အဲဒါကြောင့် အလုပ်တခုခုကိုတော့ လုပ်ကြတာပါတယ်။ အဲဒီလိုအလုပ်လုပ်ကြတဲ့အခါမှာ တစ်နေ့တာရဲ့ ၈နာရီခန့်ကို အလုပ်ခွင်ထဲမှာပဲ ကုန်ဆုံးကြရတာမို့ အလုပ်ခွင်မှာ ပျော်ရွှင်ဖို့က အရေးကြီးတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ အဲဒါကြောင့် အလုပ်မှာမပျော်တော့တဲ့အခါ ဘယ်လိုမပျော်တာလဲဆိုတဲ့အချက်ကလည်း စဉ်းစားသင့်တဲ့အချက်ဖြစ်ပါတယ်။


အလုပ်ခွင်မှာမပျော်ခြင်းက တရားခံဘယ်သူလဲ။
အလုပ်ခွင်မှာ မပျော်ရတဲ့အကြောင်းရင်းက အများကြီးဖြစ်နိုင်ပါတယ်။ အဲဒီ့အကြောင်းရင်းကို သေချာပြန်သုံးသပ်ဖို့လိုပါတယ်။ သင့်ရဲ့အထက်လူကြီးက သင့်ကိုအရမ်းဖိနှိပ်ပြီး သာရာကို မျက်နှာလိုက်နေလို့ သင်နေ့တိုင်း စိတ်ဆင်းရဲနေရတာလား။ ဒါမှမဟုတ် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်က သင့်ကို အမျိုးမျိုးပညာပြနေလို့ သင်စိတ်ညစ်နေရတာလား။ ဒါမှမဟုတ် သင့်ရဲ့သူဌေးက အလုပ်ချိန်တွေမတရားတိုးပြီးခိုင်းစဉ်တုန်းကတော့ အိုဗာတိုင်ကြေးပိုပေးမယ်ပြောထားပေမယ့် တကယ်တမ်းကျတော့ လစာတပြားမှ မတိုးတာမျိုးလား။ ဒါမှမဟုတ် သင့်အထက်လူကြီးက သင့်ကိုအရမ်းတွေ အော်ငေါက်ခိုင်းတတ်တာကြောင့် သင့်ကိုသင်အသုံးမကျတဲ့သူတစ်ယောက်လိုခံစားနေရလို့လား။ ဒါမှမဟုတ်
သင့်ရဲ့စွမ်းရည်က ပြဿနာဖြစ်နေတာလား ဥပမာ။ သင်ကအင်္ဂလိပ်စာညံ့ပြီး လုပ်ရတဲ့အလုပ်က အင်္ဂလိပ်စာကိုဘာသာပြန်နေရတာမျိုးလား။ ဒါမှမဟုတ် သင်က စာရင်းတွက်ရတာ စိတ်ညစ်ပြီး ပျင်းစရာကောင်းတယ်ထင်နေကာမှ သင်လုပ်နေရတာက စာရင်းကိုင်အလုပ်ဖြစ်နေတာမျိုးလား စသဖြင့် အကြောင်းရင်းက အများကြီးဖြစ်နိုင်ပါတယ်။

အကြောင်းရင်းနှစ်မျိုးခွဲပါ။
အကြောင်းရင်းကို ခွဲခြားသိသွားတဲ့အခါမှာ အမျိုးအစား နှစ်မျိုးအကြမ်းဖျင်းခွဲနိုင်ပါတယ်။ တစ်မျိုးကတော့ ကိုယ်ထိန်းချုပ်နိုင်တဲ့အပိုင်းဖြစ်ပြီး နောက်တစ်မျိုးကတော့ ကိုယ်မထိန်းချုပ်နိုင်တဲ့အပိုင်းပဲဖြစ်ပါတယ်။ ပထမတစ်မျိုးက ကိုယ်ထိန်းချုပ်နိုင်တဲ့အပိုင်းဆိုတာဖြစ်ပါတယ်။ ဆိုလိုချင်တာက သင်ကိုယ်တိုင်လုပ်ယူ ပြောင်းလဲနိုင်တဲ့အခြေအနေမျိုးပေါ့။ ဥပမာ။ သင်က စာရင်းကိုင်လုပ်တယ်၊ စာရင်းကိုင်သင်တန်းလည်းတက်ထားတယ်၊ စာရင်းက အမြဲမမှန်လို့၊ အမြဲမှားနေတတ်လို့ စိတ်ဆင်းရဲပြီး ဒီအလုပ်ကို စိတ်ကုန်နေတာမျိုးပေါ့။ အထူးသဖြင့် သင့်ရဲ့အလုပ်ခွင်မှာ လေ့လာသင်ယူမှုစွမ်းရည်ကို မြင့်တင်လိုက်တာနဲ့တင် ဒီပြဿနာက အေးသွားမယ့်ပြဿနာမျိုးပါ။ စာရင်းကိုင်လုပ်ကာစမို့ စာရင်းတွေအမြဲမမှန်တာ စိတ်ညစ်စရာဖြစ်ပေမယ့် အလုပ်ခွင်မှာ စီနီယာတွေကို သေချာမေးမြန်းလေ့လာမှုအားပိုစိုက်လိုက်ရင် သင့်စွမ်းရည်တိုးလာစေမှာပါ။ အင်္ဂလိပ်စာညံ့လို့ ဒီအလုပ်ကနေထွက်ချင်တာမျိုးဆိုရင်လည်း သင့်စွမ်းရည်ကြောင့်သင်အလုပ်ထွက်ချင်နေတာမျိုးပါပဲ။ သင့်စွမ်းရည်ဆိုတာက သင်မြင့်တင်နိုင်ပါတယ်။ အဓိကက သင်တကယ်ဖြစ်ချင်စိတ်ပဲလိုတာပါ။ ဒီအလုပ်မှာ အင်္ဂလိပ်စာမတိုးနိုင်လို့ အခြားအလုပ်တစ်ခုပြောင်းမယ်ဆိုလည်း သင့်တစ်သက်လုံး အလုပ်လုပ်တိုင်း အင်္ဂလိပ်စာနဲ့ပတ်သက်သမျှ သင်ပတ်ပြေးနေရအုံးမှာပဲလေ။ စာရင်းတွေမနိုင်လို့ ဒီအလုပ်က ထွက်မယ်ဆိုလည်း နောက်ထပ်အလုပ်တွေမှာ ဒီလိုအခက်အခဲမျိုးထပ်ပြီး ရင်မဆိုင်ရဘူးလို့ ပြောနိုင်ပါ့မလား။ မဖြစ်နိုင်ပါဘူးနော် ။ အဖြေက သင့်ရဲ့ skills ကိုသာ မြင့်တင်လိုက်ပါ။ သင့်အလုပ်ခွင်မှာ အဆင်ပြေသွားနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကြောင့်အဓိကဖြစ်တဲ့ပြဿနာမျိုးဆိုရင်တော့ အလုပ်ထွက်တဲ့အထိဖြစ်စရာမလိုပါဘူးနော်။ ကိုယ်တိုင်ပြုပြင်ပြီး လေ့လာသင်ယူလိုက်ရုံနဲ့ ပြဿနာဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ ကိုယ့်ရဲ့စွမ်းရည်တွေတိုးတက်လာဖို့အတွက် အခက်အခဲကြုံလာရတာဖြစ်ပြီး၊ ထိုအခက်အခဲတွေထံမှ လွတ်မြောက်ချင်ဇောနဲ့ ဒီအလုပ်ကထွက်ချင်စိတ် ဖိစီးမှုဖြစ်နေတာဖြစ်ပါတယ်။ အဲဒီလိုပြဿနာမျိုးကို အလုပ်ထွက်ခြင်းနဲ့ဖြေရှင်းလိုက်မယ်ဆိုရင် နောက်ထပ်အလုပ်တစ်ခုက ထပ်ကြုံလာရမယ့် challenge တွေကိုလည်း သင်ထွက်ပြေးဖို့ကြိုးစားနေအုံးမှာပါပဲ။ အဲဒါဆိုရင် သင်က ဘယ်အလုပ်မှာမှ တည်မြဲနိုင်မှာမဟုတ်ပါဘူး။ အချိန်တွေသာ ကုန်ဆုံးသွားပြီး သင်လည်း စွမ်းရည်တိုးလာမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ့်ကိုကိုယ် challenge လုပ်ရမယ့်ကိစ္စမျိုးဆိုရင် ကျော်ဖြတ်နိုင်အောင် ကြိုးစားကြည့်လိုက်ပါ။ ခက်ခဲပေမယ့် ခက်ခဲတာကို လုပ်နိုင်သွားရင် ပြေလည်သွားပါလိမ့်မယ်။ ကိုယ်လည်း စွမ်းရည်တစ်မျိုးမဟုတ်တစ်မျိုးတိုးလာပါလိမ့်မယ်။

ကိုယ်တိုင်မထိန်းချုပ်နိုင်တဲ့ပြဿနာမျိုး
နောက်တစ်မျိုးကတော့ ကိုယ်တိုင်မဖြေရှင်းနိုင်တဲ့ပြဿနာပါ။ ဥပမာ။ သူဌေးက သင့်ကို အိုဗာတိုင်ကြေးပေးမယ်ပြောထားတယ်။ သင်ကလည်း အလုပ်ကို သေချာလုပ်ပေးတဲ့ကြားထဲက သင့်အပေါ်ကတိမတည်ဘူး၊ အကြောင်းပြချက်လည်းမပေးဘူး၊ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို အသုံးချနေတယ်ဆိုရင်တော့ ဒီပြဿနာကို သင်မဖြေရှင်းနိုင်ပါဘူး။ အဲဒီလိုမျိုးဆိုရင်တော့ ကတိမတည်တတ်တဲ့သူမျိုးအတွက် နောက်ထပ်လည်း ကတိတည်ချင်မှတည်နိုင်အုံးမှာဖြစ်ပါတယ်။ အဲဒီလိုပါပဲ။ သင့်အလုပ်ခွင်မှာ အာဏာအရှိဆုံးအကြီးအကဲတစ်ယောက်က သင်ဘယ်လောက်ကောင်းအောင်လုပ်ပေးပါစေ၊ သင့်ကို အဆိုးမြင်နေတယ်၊ သင့်ကိုပြဿနာအမျိုးမျိုးရှာနေတယ်ဆိုရင် သင်ဖြေရှင်းနိုင်တဲ့ဘောင်ထဲကနေတော့ ဖြေရှင်းသင့်ပြီး သင်မဖြေရှင်းနိုင်တဲ့ဘောင်အပြင်မှာဆိုရင်တော့ သင်ဘာမှမလုပ်နိုင်ပါဘူး။ အဲဒါက သင်မထိန်းချုပ်နိုင်တဲ့ပြဿနာမျိုးဖြစ်ပါတယ်။ အလားတူပါပဲ။ သင်နဲ့အတူလုပ်နေတဲ့ စီနီယာ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က သင့်ကိုအမျိုးမျိုး ချောက်တွန်းနေတယ်၊ သင်လုပ်တဲ့အလုပ်မှန်သမျှကို ဖျက်လိုဖျက်ဆီးလုပ်နေတယ်ဆိုရင်လည်း အထက်ကလိုပါပဲ။ သင်ဖြေရှင်းနိုင်တဲ့ဘောင်ထဲကနေ ဖြေရှင်းနိုင်မှာဖြစ်ပေမယ့် ဘောင်အပြင်ရောက်သွားရင် သင်မဖြေရှင်းနိုင်တော့ပါဘူး။ အဲဒီ့မှာ သင်နေ့စဉ်စိတ်ဖိစီးမယ်၊ စိတ်ဆင်းရဲမယ်ဆိုတာမျိုး အလုပ်သွားရမှာတောင် ကြောက်လာတဲ့အထိဖြစ်လာမယ်ဆိုရင်တော့ သင့်ကိုသင် မညှင်းဆဲသင့်တော့ပါဘူး။ ထိုမကောင်းတဲ့ပတ်ဝန်းကျင်မျိုးကနေ မြန်မြန်စွန့်ခွာလိုက်ခြင်းသာ လုပ်စရာရှိပါတယ်။ ထိုပတ်ဝန်းကျင်ကြောင့် သင့်ကိုသင် အစွမ်းအစမဲ့တဲ့လူတစ်ယောက်လို၊ ငတုံးတစ်ယောက်လို ထင်မြင်လာတတ်ပါတယ်။ သင့်ကိုသင်ယုံကြည်မှုလည်းကျဆင်းလာတတ်ပါတယ်။ အလုပ်ပြီးမြောက်နိုင်စွမ်းလည်း ကျဆင်းလာတတ်ပါတယ်။

အဲဒါကြောင့် အဲဒီလိုမျိုး ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကြောင့် ကိုယ့်အပေါ် ဖိစီးမှုဖြစ်ရတယ်ဆိုရင်တော့ ရေရှည်မှာ ကိုယ့်အတွက် အကျိုးမရှိနိုင်ပါဘူး။ အဲဒီလိုအလုပ်မျိုးမှာ အချိန်အကြာကြီးနစ်နေခြင်းက ကိုယ့်ဘဝရဲ့စွမ်းရည်တွေလည်း တုံးလာစေပါတယ်။ အဲဒါကြောင့် ပြတ်သားစွာ ဆုံးဖြတ်ချက်ချသင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။