အရှိအတိုင်းကို လက်ခံပြီး တွဲမှမြဲမယ့်လက်တစ်စုံသာ ဖြစ်ပါစေ

ဒီစာကြောင်းကတိုပေမယ့် အဓိပါ္ပယ်ကတော့ လေးနက်ပါတယ်။ ဟန်ဆောင်တတ်တဲ့လူတွေအများကြီးကြားထဲမှာ လူတိုင်းကတော့ အစစ်အမှန်ကိုသာ တောင့်တလိုချင်တတ်ကြတာပါပဲ။ ဒါပေမယ့် ကိုယ်တိုင်ကရော အစစ်အမှန်ဖြစ်ရဲ့လားဆိုတာကိုကျတော့ သိပ်မတွေးတတ်ကြပြန်ပါဘူး။ ရင်ခုန်စိတ်လှုပ်ရှားစအရွယ်မျိုးမှာဆိုရင် များသောအားဖြင့် ကိုယ်ချစ်ခင်နှစ်သက်တဲ့လူမျိုးက ကိုယ့်ကိုပြန်ပြီးချစ်ခင်နှစ်သက်လာဖို့သာ မျှော်လင့်တတ်ကြပါတယ်။ ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲကလို ချစ်ခြင်းတရားဟာ မြန်မာကားဆန်ဆန် ချောမွေ့လှပပြီး စိတ်ကူးယဉ်စရာကောင်းတယ်လို့ထင်ကြမှာပါ။ ကိုယ့်စိတ်ထဲက မှန်းထားတဲ့လူသားမျိုးဟာ ကိုယ့်ကိုမှ ရွေးချယ်ပြီး ချစ်ခြင်းမေတ္တာတုံ့ပြန်မယ်ဆိုရင် အတိုင်းထက်အလွန်ကို ကံကောင်းတယ်လို့ ခံစားနားလည်ထားကြတာပါပဲ။


ဒါပေမယ့် ဘဝဆိုတာ ရုပ်ရှင်မဆန်သလို၊ ဝတ္ထုထဲကလို ကိုယ်လိုသလို ဇာတ်သိမ်းပေးလို့လည်း မဖြစ်နိုင်ပြန်ပါဘူး။ မိသားစုအသိုင်းအဝိုင်းခြင်းမတူတဲ့လူနှစ်ယောက်၊ ဘဝဖြတ်သန်းပုံမတူတဲ့လူနှစ်ယောက်၊ အကျင့်စရိုက်မတူတဲ့လူနှစ်ယောက် လက်တွဲကြတဲ့အခါ ချစ်သူရည်းစားဘဝမှာတင် ပြဿနာလေးတွေစတင်ကြုံရပါတော့တယ်။ ကိုယ်ချစ်တဲ့သူမှာ ကိုယ်ထင်ထားသလိုအစွမ်းအစရှိမနေတာမျိုး၊ ကိုယ်မမျှော်လင့်ထားတဲ့ ပြစ်ချက်တွေရှိနေတာမျိုး၊ ကိုယ်ကချစ်ပေမယ့် သူ့ရဲ့အကျင့်စရိုက်နဲ့ထပ်တူမကျတာမျိုးတွေစတဲ့ ပြဿနာပေါင်းစုံနဲ့ ရင်းနှီးလာလေ ပိုသိလာလေဖြစ်လာတဲ့အခါ ချစ်တော့ချစ်တယ်…..စိတ်ဒုက္ခရောက်ရတယ်ဆိုတာမျိုးတွေဖြစ်လာတော့တာပါပဲ။ တကယ်တော့ ချစ်ခြင်းတရားဟာ သူ့ချည်းသက်သက်ဆို သိမ်မွေ့နူးညံ့ပါတယ်။ ဒါပေမယ့် လူတွေရဲ့မတူညီတဲ့အတွေးအခေါ်၊ အယူအဆတွေ၊ ဘဝအခြေအနေတွေ၊ ရိုးသားမှုတွေနဲ့ ဟန်ဆောင်မှုတွေ စသဖြင့် တချို့အရာတွေရောထွေးလိုက်တဲ့အခါ ချစ်ခြင်းတရားမှာ အမှိုက်တွေလို ရှုပ်ထွေးမှုတွေစတင်တော့တာပါပဲ။
လူတစ်ယောက်ရဲ့အချစ်မှာ အားနည်းချက်ကို အရှိကိုအရှိအတိုင်းလက်ခံနိုင်ခြင်းဟာလည်း အင်မတန်အရေးပါပါတယ်။ ကိုယ်နဲ့သူရဲ့မတူကွဲပြားခြားနားမှုကို လက်ခံနိုင်မယ်လို့ နှစ်ယောက်စလုံးအတွက် သေချာတယ်ဆိုတဲ့အခါမှာ ထိုလူနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာလည်း ပိုခိုင်မြဲတတ်ပါတယ်။

ဥပမာ။ မိန်းကလေးတစ်ယောက်က အိမ်မှုကိစ္စနိုင်နင်းရမယ်ဆိုပေမယ့် ကိုယ်ချစ်တဲ့သူက ဘာကိုမှမချက်တတ်၊ မပြုတ်တတ်ဘူးဆိုရင် သူကိုယ်တိုင်ချက်တတ်ပြုတ်တတ်လာအောင် ကိုယ်က သေချာသင်ပေးလိုက်တာမျိုးပေါ့။ တဖက်မိန်းကလေးကလည်း ကိုယ့်ရဲ့အိမ်မှုကိစ္စမနိုင်နင်းခြင်းဆိုတဲ့အားနည်းချက်ကို ကိုယ့်ချစ်သူအတွက် အတတ်နိုင်ဆုံးကြိုးစားပြုပြင်မယ်ဆိုတဲ့စိတ်ထားလေးရှိမယ်ဆိုရင် နှစ်ဦးနှစ်ဖက်အဆင်ပြေစေမှာပါ။
ဒါပေမယ့် အဲဒီလိုမဟုတ်ဘူး ကိုယ်ကကိုယ့်ချစ်သူကို အိမ်မှုကိစ္စနိုင်နင်းစေချင်တယ်၊ ကိုယ်တိုင်က သူ့ရဲ့အားနည်းချက်ကို လက်ခံနိုင်တယ်၊ သူ့ဘက်ကတော့ အဲဒီ့အားနည်းချက်ကို ပြုပြင်ဖို့ လုံးဝမကြိုးစားချင်ဘူးဆိုတဲ့အခါမှာတော့ အပေးအယူမမျှတမှုက ချစ်ခြင်းမေတ္တာကို ဝင်နှောင့်ယှက်တော့တာပါပဲ။ အဲဒီ့လိုပါပဲ….မိန်းကလေးဘက်ကလည်း ယောကျ်ားလေးသဘာ၀ ဆေးလိပ်သောက်၊ အရက်သောက်တာကို ပြုပြင်စေချင်တယ်။ ဒါပေမယ့် ယောကျ်ားလေးဘက်ကလည်း မပြုပြင်နိုင်ဘူးဆိုတဲ့အခါ ပဋိပက္ခတွေစတင်ရတာပါပဲ။
ချစ်တော့ချစ်ပေမယ့် လူနှစ်ယောက်မတူကွဲပြားခြားနားချက်တွေကို လက်ခံနိုင်တဲ့အခါ ချစ်ခြင်းတရားဟာ မအေးချမ်းဘဲ ပိုပြီး ပူလောင်သလိုခံစားရတတ်ပါတယ်။ ကိုယ်က ကိုယ်လိုချင်တဲ့ပုံစံတစ်ခု ဖြစ်စေချင်ပေမယ့် ကိုယ်ချစ်တဲ့သူက မပြုပြင်နိုင်ဘူး၊ မပြည့်စုံနိုင်ဘူးဆိုတဲ့အခါ ကိုယ်မျှော်လင့်ထားသလိုမဖြစ်လာခြင်းဆိုတဲ့ စိတ်က ချစ်ခြင်းမေတ္တာကို ပူလောင်စေတာပါ။

Albert Einstein ပြောခဲ့တဲ့စကားလိုပါပဲ။
“Men marry women with the hope they will never change. Women marry men with the hope they will change. Invariably they are both disappointed.” အမျိုးသားတွေက အမျိုးသမီးတွေကို မပြောင်းလဲဘူးလို့ ယူဆပြီး လက်ထပ်ကြတယ်။ အမျိုးသမီးတွေကြတော့ အမျိုးသားတွေပြောင်းလဲလာလိမ့်မယ်အထင်နဲ့ လက်ထပ်ကြတယ်။ အဆုံးသတ်မှာတော့ ထင်သလိုဖြစ်မလာတဲ့အခါ နှစ်ဖက်စလုံးစိတ်ပျက်ရတာပဲတဲ့။ အဲဒီ့စကားက အတော်များများအတွက်မှန်ကနု်တယ်လို့ ပြောနိုင်ပါတယ်။ အမျိုးသားအချို့ရဲ့အတွေးက အမျိုးသမီးတွေဟာသူတို့ကိုသမီးရည်းစားဘဝမှာ လက်ခံပေးသလို လက်ထပ်ပြီးတဲ့အခါမှာလည်း လက်ခံပေးလိမ့်မယ်လို့
မျှော်လင့်တတ်ကြပါတယ်။ဒါပေမယ့်အမျိုးသမီးတွေဟာလည်း သမီးရည်းစားဘဝက အမျိုးသားတွေရဲ့အကျင့်တွေဟာ လက်ထပ်ပြီးတဲ့အချိန်မှာတော့ ပြုပြင်ကြမှာပါပဲဆိုတဲ့စိတ်နဲ့ လက်ထပ်လိုက်ကြပြန်ပါတယ်။ အဲဒီမှာ ထင်သလိုမဖြစ်ကြတဲ့အခါ ပြဿနာပေါင်းစုံကြုံလာရတော့တာပါပဲ။
အဲဒါကြောင့်သာ တချို့သောချစ်သူတွေမှာ “အရင်က ဘယ်လိုပဲဖြစ်ခဲ့၊ ဆိုးခဲ့၊ ကိုယ်လက်ထဲမှာ မဆိုးရင်ရပြီ” ဆိုတဲ့မျှော်လင့်ချက်ထားတဲ့စကားမျိုးတွေပြောတတ်ကြတာပါပဲ။
အလားတူပါပဲ….ကိုယ်ချစ်တဲ့လူရဲ့ အရှိကိုအရှိအတိုင်းအားနည်းချက်ကို ကိုယ်တိုင်ကလက်ခံမယ်၊ နှစ်ဦးနှစ်ဖက်ရဲ့ အားနည်းချက်တွေ၊ အမှားတွေကို အချင်းချင်းသိပြီး အချင်းချင်းပြုပြင်ဖို့ တက်ညီလက်ညီကြိုးစားကြမယ်ဆိုတဲ့စိတ်ထားမျိုးနဲ့ တွဲတဲ့လက်တစ်စုံကတော့ ပိုပြီး စွဲမြဲသွားတတ်ပါတယ်။

ကိုယ်တိုင်က သူ့ရဲ့အပေါ်ယံရုပ်ရည်လှပမှုကို တပ်မက်တာမျိုး၊ သူ့ရဲ့မိဘဂုဏ်ကိုတပ်မက်တာမျိုး၊ သူ့ရဲ့စည်းစိမ်ချမ်းသာကို တပ်မက်တာမျိုးစတဲ့ အပေါ်ယံပကာသနတွေကြောင့် တပ်မက်တဲ့ချစ်ခြင်းမျိုးနဲ့ချစ်နေတယ်ဆိုရင်တော့ အချိန်တန် အပေါ်ယံပကာသနတွေ ကုန်ဆုံးသွားချိန်မှာ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာဟာလည်း ကုန်ဆုံးချိန်ရောက်သွားမှာပါပဲ။
စင်ဒရဲလားပုံပြင်ထဲကလို ပြီးပြည့်စုံတဲ့ ဖူးစာရှင်ရယ်လို့တော့ ဘယ်နေရာမှာမှ မတွေ့နိုင်ပါဘူး။ အထူးသဖြင့် အချင်းချင်းရဲ့ အားနည်းချက်ကို နားလည်ပေးပြီး အမှားတွေကိုလည်း အတူတူ ပြုပြင်ကြမယ်ဆိုတဲ့စိတ်၊ ဘဝကို အတူတူ တိုက်ပွဲဝင်ကြမယ်ဆိုတဲ့ အခြေခံစိတ်ထားလေးတွေရှိရင်ပဲ ပြီးပြည့်စုံသလောက်ဖြစ်နိုင်ပါပြီ။
အဲဒါကြောင့် အပြန်အလှန်အားနည်းချက်တွေကို လက်ခံနိုင်မယ်၊ perfect တော့မဖြစ်နိုင်ပေမယ့် အတတ်နိုင်ဆုံး တွဲထားတဲ့လက်တစ်စုံအတွက် အပြန်အလှန် perfect ဖြစ်အောင်ကြိုးစားကြမယ်ဆိုတဲ့စိတ်မျိုးနဲ့ဆိုရင် relationship တွေပိုအဆင်ပြေလာနိုင်ပါတယ်ရယ်လို့
့ ခွဲခြားမိသလောက် ဖော်ပြလိုက်မိပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။