ကျောင်းမှာမသင်ခဲ့ရတဲ့ ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့စွမ်းရည်များ

လူရယ်လို့ဖြစ်လာတဲ့အခါ ဘဝတစ်လျှောက်လုံးမှာ ရှင်သန်နိုင်ဖို့ ၊ အကောင်းဆုံးရပ်တည်ဖို့ လိုအပ်တဲ့စွမ်းရည်တွေရှိပါတယ်။ အတန်းပညာ စာမေးပွဲတွေက သင်ယူလို့တတ်ပေမယ့် အောင်မြင်ကြောင်း လက်မှတ်တွေ၊ သက်သေတွေနဲ့ပြနိုင်ပေမယ့် ဘဝရဲ့စာမေးပွဲတွေကတော့ အောက်လက်မှတ်ရဖို့ ကိုယ်တိုင်ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှ ဘဝမှာ လဲကျတိုင်းပြန်ထနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့က အောက်ပါစွမ်းရည်တွေလိုအပ်ပါတယ်။


၁) အပြောင်းအလဲတွေကို လက်ခံပြီး ပြောင်းလွယ်ပြင်လွယ်တဲ့စွမ်းရည်
ဘဝက တသတ်မတ်တည်းဘယ်တော့မှမဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် မမျှော်လင့်ထားဘဲ ဖြစ်လာသမျှကို ရင်ဆိုင်နိုင်ဖို့ အပြောင်းလဲတွေကို လက်ခံနိုင်ဖို့လိုပါတယ်။ လက်ခံပြီး ဘယ်လိုအခြေအနေအရ ပြောင်းလွယ်ပြင်လွယ်မလဲဆိုတဲ့ စိတ်ဓာတ်နဲ့ခံနိုင်ရည်ရှိရှိ ကျော်လွှားဖို့လိုအပ်ပါတယ်။ အပြောင်းလဲတွေကို လက်ခံပြီး ဟန်မပျက်ရှေ့ဆက်သွားနိုင်မယ့်စွမ်းရည်မျိုးပေါ့။ မမျှော်လင့်ဘဲ ရလာတဲ့ အခက်အခဲတွေရောပေါ့။ ဘာတွေပဲကြုံကြုံ ဟန်မပျက်အားတင်းရှေ့ဆက်ဖို့ အသားကျအောင်ရင်ဆိုင်တတ်ဖို့ပါပဲ။

၂) စိတ်ဓာတ်ခိုင်မာဖို့
ဒါကတော့ ဘဝမှာမရှိမဖြစ်ကိုလိုအပ်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ စိတ်ဓာတ်က လူတစ်ယောက်ရဲ့အဓိကပါပဲ။ စိတ်ဓာတ်ပျော့ညံံံ့သူက ဘယ်လိုအခက်အခဲ၊ ပြဿနာကိုမှ ရင်မဆိုင်ရဲဘဲ လွယ်လွယ်အရှုံးပေးလိုက်မှာပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာမှ အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ စိတ်ဓာတ်ခိုင်မာသူတစ်ယောက်က ဘာတွေပဲကြုံကြုံ အောင်မြင်အောင်ပြန်ကြိုးစားနိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။ အထူးသဖြင့် ကလေးဘဝထဲက မိဘတွေက ဒါကို ကြိုတင်နားလည်ပြီး သင်ယူပေးထားရင်အကောင်းဆုံးပါပဲ။

၃) ငွေကို စနစ်တကျသုံးစွဲပြီး အသုံးချတတ်တဲ့စွမ်းရည်
ဒါကလည်း အရေးကြီးပါတယ်။ ငွေကို လွယ်လွယ်ရတယ်ထင်ပြီး လွယ်လွယ်သုံးတတ်သွားရင် ဘဝမှာ ငွေကြောင့်ပျက်စီးတဲ့သူဖြစ်ဖို့အလားအလာများပါတယ်။ အဲဒီလိုပါပဲ ငွေကို စနစ်တကျအသုံးမချတတ်ခြင်းဟာ ငွေကခိုင်းတာကိုလုပ်ရင်းနဲ့ပဲ ဘဝအဆုံးသတ်ဖို့များပါတယ်။ အဲဒါကြောင့် ငွေကို စနစ်တကျသုံးစွဲတတ်ဖို့နဲ့ ငွေရဲ့တန်ဖိုးကို နားလည်ပြီး ချင့်ချိန်တတ်ဖို့စွမ်းရည်လည်းလိုအပ်ပါတယ်။ ငွေကို စနစ်တကျကိုင်တွယ်အသုံးမချတတ်ခြင်းက ဘဝတစ်ခုလုံး စုတ်ပြတ်သတ်သွားတဲ့အထိ ဆိုးရွားစေနိုင်သလိုပဲ ဘာမှမရှိတဲ့လူတစ်ယောက်ဘဝကနေ စနစ်တကျအသုံးချတတ်မယ်ဆိုရင် အောင်မြင်မှုတွေအများကြီးရလာတဲ့အထိလည်း အကျိုးရှိသွားနိုင်ပါတယ်။ ဘဝတစ်ခုလုံးနဲ့သက်ရောက်နိုင်တာမို့ ဒီစွမ်းရည်ကလည်း မရှိမဖြစ် နားလည်ထားဖို့လိုအပ်ပါတယ်။

၄) ဘဝမှာ တစ်ယောက်တည်း ရှင်သန်ရပ်တည်နိုင်မယ့်စွမ်းရည်
ဘယ်သူကမှ သင့်အနားမှာ ထာဝရရှိမနေပေးနိုင်ပါဘူး။ အခြားတစ်ယောက်ကို အမြဲအားကိုးနေခြင်းဟာ သင့်ဘဝရဲ့တစ်နေ့တစ်ချိန်မှာ တစ်ယောက်တည်းရပ်တည်ဖို့လိုအပ်လာချိန်မှာ သင့်ကိုပြန်ပြီးဒုက္ခပေးနိုင်ပါတယ်။ အခုချိန်မှာ ကိုယ်တစ်ယောက်တည်းမဟုတ်ပေမယ့်လည်း နောင်တစ်ချိန်မှာ တစ်ယောက်တည်းဖြစ်လာခဲ့ရင် ကိုယ့်အားကိုယ်ကိုးဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ကိုယ်ပိုင်အစွမ်းအစနဲ့ရှင်သန်ရပ်တည်ခြင်းဟာ အကောင်းဆုံးအမွေပါပဲ။ ဘယ်သူကိုမှ မျှော်လင့်နေစရာမလိုတော့ဘူးပေါ့။

၅) ကိုယ့်ကျင့်တရားကို တန်ဖိုးထားဆုပ်ကိုင်နိုင်တဲ့စွမ်းရည်
လူသားတစ်ယောက်အနေနဲ့ အရေးကြီးပါတယ်။ အတန်းပညာတွေအများကြီးတတ်ခြင်းက ကိုယ်ကျင့်တရားကောင်းတယ်လို့ဆိုလို့မရသလို၊ အတန်းပညာတွေအများကြီးမတတ်သူဟာလည်း ကိုယ်ကျင့်တရားမကောင်းဘူးလို့ပြောလို့မရပြန်ပါဘူး။ လူသားတစ်ယောက်အနေနဲ့ရှင်သန်နေသရွေ့ လူသားပီသစွာ ကိုယ်ကျင့်တရားကို တန်ဖိုးထားဆုပ်ကိုင်ရင်း တန်ဖိုးရှိတဲ့လူဖြစ်ဖို့က ကျင့်သုံးတဲ့လူရဲ့တန်ဖိုးပါပဲ။ ငွေကြေးပေါများချမ်းသာခြင်း၊ ဆင်းရဲခြင်းနဲ့လည်း မသက်ဆိုင်ပဲ လူပီသဖို့ လူတိုင်းကျင့်သုံးသင့်တဲ့တရားဖြစ်တာမို့ လူတိုင်းမရှိမဖြစ်လိုအပ်တဲ့စွမ်းရည်ပါပဲ။

၆) ကိုယ့်ဘဝရဲ့အချိန်တွေကို တန်ဖိုးရှိစွာစီမံအသုံးချနိုင်မယ့်စွမ်းရည်
ငယ်ငယ်ကသင်ဖူးတဲ့ စိန်စီထားသောအချိန်များ ဆိုတဲ့စာကို အလွတ်ကျက်ခဲ့ရတော့ စာဖို့သာအာရုံရှိပြီး တကယ့်တန်ဖိုးဆိုတာကို နားလည်ချင်မှနားလည်ပါလိမ့်မယ်။ အရွယ်ရောက်လာချိန်မှာတော့ အချိန်ဟာဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ သိလာနိုင်ပါတယ်။ ဒါပေမယ့် အချိန်တန်ဖိုးရှိကြောင်းစောစောသိလေ စောစောတန်ဖိုးရှိစွာအသုံးချနိင်လေမို့ ကိုယ့်ဘဝရဲ့အချိန်တွေကို အလကားမဖြုန်းတီးပစ်ဖို့ တန်ဖိုးရှိရှိ စီမံခန့်ခွဲတတ်ဖို့ကလည်း မရှိမဖြစ်လိုအပ်တာပါပဲ။
အထက်ကစွမ်းရည်တွေကတော့ ငယ်စဉ်က ကျောင်းမှာမသင်ခဲ့ရဘဲ ဘဝတစ်လျှောက်ဖြတ်သန်းကြမှ တဖြည်းဖြည်း သိလာရင်း သင်ယူရကောင်းမှန်းနားလည်လာမှာပါ။ ကြိုတင်သိထားတဲ့အခါ ကိုယ့်ဘဝအတွက် ကိုယ့်ကိုယ်ကိုယ်အားကိုးသင့်ကြောင်း၊ ကိုယ့်အခက်အခဲကို ကိုယ်သာလျှင်ဖြေရှင်းနိုင်မှာဖြစ်ကြောင်း၊ ငွေဆိုတာလည်း ကိုင်တွယ်တတ်ဖို့လိုကြောင်း၊ ကိုယ်ကျင့်တရားဆိုတာ စောင့်ထိန်းသင့်တာဖြစ်ကြောင်း စတာတွေကိုလည်း ကြိုတင်သိရှိပြီး ကြိုတင်လိုက်နာကျင့်သုံးဖို့ အသိတရားလေးရအောင်ဖော်ပြပေးလိုက်ရပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။