အလုပ်အရမ်းများလို့ စိတ်တိုလွယ်တဲ့မေမေတွေ ဒေါသကို ဘယ်လိုထိန်းမလဲ။

မိခင်နဲ့ဖခင်တောင်မတူပါဘူး။ မိခင်ဖြစ်သူက အိမ်မှုကိစ္စ၊ ကလေးဝေယျာဝစ္စ၊ လူကြီးဝေယျာဝစ္စ၊ ငွေကြေးကိစ္စ၊ အလုပ်ကိစ္စ၊ အခြားမိသားစုဝင်တွေကိစ္စ စသဖြင့် မရိုးနိုင်အောင် ဖိစီးမှုမှန်သမျှကို ဦးနှောက်ထဲထည့်နိုင်သူတွေဖြစ်ကြပါတယ်။ အဲဒါကြောင့်လည်း မိခင်ဖြစ်သူက ပိုပြီး ဖိစီးမှုများ၊ အာရုံများတတ်ပြီး စိတ်တိုဒေါသထွက်လွယ်လာတတ်ပါတယ်။ အဲဒီလိုအလုပ်အရမ်းများလို့ စိတ်တိုဒေါသဖြစ်လွယ်တဲ့အခါ သားသမီးတွေကို သတိလက်လွတ်အော်ဟစ်မိတာမျိုး၊ အိမ်ထောင်ရေးမှာ စကားများရတာမျိုး၊ အမေမိဘ မောင်နှမကို မချေမငံပြန်ပြောမိတာမျိုးတွေ မကြာခဏဆိုသလို ဖြစ်လာနိုင်ပါတယ်။ ပြောရရင် စိတ်တိုစိတ်ဆတ်မှုကြောင့် ရန်တွေလိုမိနေတာမျိုးပေါ့။ အဲဒါကြောင့် အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်စိတ်ကိုဘယ်လိုထိန်းမလဲဆိုတာလေးကို ဖော်ပြပေးလိုက်ပါတယ်


၁) ကိုယ့်ကိုကိုယ်သိပါစေ။
ကိုယ့်ကိုကိုယ် နားလည်ဖို့လိုပါတယ်။ ဒီနေ့ အလုပ်တွေအရမ်းများလို့ စိတ်ရှုပ်နေလား၊ အိမ်မှုကိစ္စမှန်သမျှ စုပုံနေတာ ကိုယ်တစ်ယောက်တည်းဒိုင်ခံရှင်းနေရလို့ စိတ်က ဆတ်နေပြီလား။ ကိုယ့်အခြေအနေကိုယ်သိတယ်ဆိုတာနဲ့ ကိုယ့်ကိုကိုယ်ဘာလုပ်ရင် ဘယ်လိုစိတ်ထွက်ပေါက်ရမလဲဆိုတာ နားလည်ဖို့လွယ်ပါတယ်။ ကိုယ်ကတော့ မကြာခင် စိတ်တွေဖိစီးပြီး ပေါက်ကွဲမိတော့မယ်ဆိုတာမျိုးဆိုရင် ကိုယ့်ကိုစိတ်ပြေစေတဲ့အခြေအနေတစ်ခုခုကို လုပ်သင့်တယ်ဆိုတာ သိလာမှာဖြစ်ပါတယ်။

၂) အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ပါ။
ကိုယ်စိတ်က တင်းကြပ်နေပြီ…..အဲဒီ့အချိန်မှာ ကလေးက တခုခုကို အမေးအမြန်းထူနေတာမျိုး ဒါမှမဟုတ် အမျိူးသားလုပ်သူက အလုပ်တွေတန်းစီပြီးလာခိုင်းနေတာမျိုး စသဖြင့်တခုခုလုပ်နေတယ်ဆိုရင် သေချာပါတယ်။ သင်ထိုလူအပေါ် သင့်ရဲ့တင်းကြပ်မှုတွေအကုန်ပေါက်ကွဲတော့မှာပါ။ အဲလို လက်မတင်အချိန်လေးမှာ သင့်ကိုယ်သင်ရိပ်စားမိနေတယ်ဆိုရင်တော့ သတိအနေအထားနဲ့ အသက်ကို ခပ်ပြင်းပြင်းရှုသွင်း၊ ရှုထုတ်လုပ်ကြည့်လိုက်ပါ။ မိနစ်ပိုင်းလောက် ခဏတဖြုတ် အသက်ခပ်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်လိုက်တဲ့အခါမှာ သင့်စိတ်တွေပြေလျော့သွားပါလိမ့်မယ်။

၃) ရေတစ်ခွက်လောက်သောက်လိုက်ပါ။
သင့်ကလေးက သင့်အခြေအနေကို နားမလည်ဘဲ မေးခွန်းတွေချည်း ဆက်တိုက်လာမေးနေတယ်ဆိုပါတော့။ ခဏလေး ဘာမှပြန်မပြောမိအောင်ထိန်းပြီး ရေတစ်ခွက်လောက် သောက်ချလိုက်ပါ။ အဲဒါက သင့်တင်းကြပ်မှုတွေကို အာရုံပြောင်းသွားစေပါတယ်။ ဒါမှမဟုတ်လည်း သင့်တင်းကြပ်နေတာတွေ၊ စိတ်တိုဒေါသထွက်နေတာတွေ အားလုံး ရေနဲ့မြောသွားပါလိမ့်မယ်။

၄) တစ်ယောက်တည်းဆိတ်ဆိတ်နေကြည့်လိုက်ပါ။
သင့်ကိုတခုခုလာပြောတာနဲ့ သင်ကစတင်ပြီး ဒေါသတကြီးအော်ဟစ်မိတော့မယ်ဆိုရင် အသံတိတ်လေးခဏတဖြုတ် နေကြည့်လိုက်ပါ။ ခဏတဖြုတ်လောက်ပဲဖြစ်ဖြစ် တစ်ယောက်တည်း ငြိမ်ငြိမ်လေးထိုင်နေလိုက်တာမျိုး၊ ခဏတဖြုတ် မှေးနေလိုက်တာမျိုး ဘယ်သူနဲ့မှ စကားမပြောဘဲ ဆိတ်ဆိတ်နေကြည့်လိုက်ပါ။ အဲဒီ့အချိန်လေးမှာ သင့်စိတ်တွေတည်ငြိမ်သွားပါလိမ့်မယ်။

၅) ပွေ့ဖက်ထားလိုက်ပါ။
ကလေးကို သင့်ရဲ့ဖိစီးမှုတွေကြားထဲကနေ အော်ဟစ်မိတော့မယ်ဆိုရင် အရင်ဆုံးမအော်ခင်ကလေးကို ခဏလောက်ဖက်ထားလိုက်ပါ။ ဘာဆိုဘာမှမပြောဘဲ ကလေးကိုဖက်ထားလိုက်ခြင်းက ကလေးနဲ့သင့်ကို နွေးထွေးမှုဖြစ်ပေါ်စေပြီး ဒေါသတကြီးပေါက်ကွဲချင်နေတဲ့စိတ်တွေလည်း အနည်ထိုင်သွားပါလိ့မ်မယ်။

မိခင်တွေက ပိုပြီးလည်း စိတ်ဖိစီးမှုကို ခံရပြီး ပိုပြီးလည်း တာဝန်များအလုပ်များတဲ့သူမို့ ပိုပြီးလည်း စိတ်တိုဒေါသထွက်လွယ်ပါတယ်။ အဲဒီလိုပါပဲ….စိတ်တိုဒေါသထွက်ပြီးတိုင်းလည်း သနားမိ၊ စာနာမိ၊ အားနာမိတဲ့စိတ်တွေနဲ့ စိတ်မကောင်းဖြစ်၊ ယူကြုံးမရဖြစ်နေတတ်တာလည်း မိခင်တွေပါပဲ။ အဲဒါကြောင့် အလုပ်များတတ်တဲ့မေမေတွေ စိတ်ဖိစီးမှုတွေကြောင့် ဒေါသထွက်လွယ်၊ စိတ်ဆိုးလွယ်နေတယ်ဆိုရင် အထက်က အချက်လေးတွေလိုက်လုပ်ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။