အားနာတတ်တဲ့စိတ်က သင့်ကိုနစ်နာစေနိုင်သလား။
သင့်မှာ အားနာတတ်တဲ့စိတ်ရှိနေသလား။ မရှိဘူးဆိုရင်တော့ အရမ်းကောင်းပါတယ်လို့ပြောချင်ပါတယ်။ အားနာတတ်တဲ့စိတ်ထားဆိုတာ သနားကြင်နာတတ်တဲ့စိတ်နဲ့ ကိုယ်ချင်းစာစိတ်ပေါင်းစပ်ပြီး တဖက်လူကို “သူ့အခြေအနေမျိုးမှာဆိုရင် ငါလည်း ဒီလောက်ခံစားနေရမှာပါပဲလေ…..” ဆိုတဲ့အတွေးနဲ့ နာကျင်နေတဲ့သူကိုပဲဖြစ်ဖြစ်၊ အကူအညီလိုအပ်နေတဲ့သူကိုပဲဖြစ်ဖြစ် ပစ်ပစ်ခါခါ မငြင်းရက်တာ၊ ပြတ်သားစွာမပြောနိုင်တာမျိုုးဖြစ်ပါတယ်။
လူတွေရဲ့သဘောကိုက အနိုင်ကျင့်လို့ရတဲ့သူမျိုးကိုဆို ပိုပြီးအနိုင်ကျင့်တတ်ပါတယ်။ လူသားချင်းစာနာစိတ်နဲ့ သနားကြင်နာတတ်သူတွေက ကိုယ်ချင်းစာတတ်သူတွေဖြစ်ပါတယ်။ အဲဒီလို ကိုယ်ချင်းစာစိတ်အပြည့်နဲ့ လူတွေက ကိုယ့်ခံစားရသလို တဖက်လူခံစားသွားရမယ်ဆိုတဲ့စိတ်နဲ့ အားနာစွာတဖက်လူကို မပြောထွက်ခြင်းက အတ္တကြီးတတ်တဲ့တချို့လူတွေအတွက်တော့ ခုတုံးလုပ်စရာဖြစ်သွားတတ်ပါတယ်။
အဲဒါကြောင့် အားနာတတ်သူတွေဟာ အမြဲလိုနစ်နာတတ်သူတွေဖြစ်လေ့ရှိပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်အဖြစ် အားနာတတ်ခြင်းကို ကိုယ့်ပတ်ဝန်းကျင်မှာ အသုံးချတတ်တဲ့လူမျိုးရှိနေတယ်ဆိုရင် အဲဒါက ကိုယ့်အတွက် ကြီးမားတဲ့အန္တရာယ်ပါပဲ။ တခုခုဆိုရင် ကိုယ့်ရဲ့အားနာတတ်တဲ့အကျင့်ကို ခုတုံးလုပ်ပြီး အကူအညီတောင်းမယ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အခွင့်အရေ းဆုံးရှုံးသွားတဲ့အထိ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးတွေကို ပါဝင်စွက်ဖက်မယ်၊ “ငါတို့ဘာပြောပြောရတယ်…..” “ငါတို့ ဘယ်လိုလုပ်လုပ်သူက ဘာမှမပြောဘူး….အေးဆေးပဲ” “ငါတို့ ကြိုက်သလိုဆုံးဖြတ်နိုင်တယ်……သူ့ကိုအနိုင်ကျင့်လို့ရတယ်” ဆိုတဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ့်ရဲ့လွတ်လပ်ခွင့်၊ ကိုယ့်ရဲ့ကိုယ်ပိုင်စဉ်းစားပိုင်ခွင့်ကိုပါ ရိုက်ချိုးပြီး သူတို့ဆန္ဒကိုသာ ရှေ့တန်းတင်ခိုင်းလာတတ်ပါတယ်။ ကိုယ့်မှာတော့ “အားနာလို့…..ပြတ်သားစွာမငြင်းရက်ပါဘူး….” ဆိုတဲ့အခြေအနေမျိုးမှာ ကိုယ့်အားနည်းချက်ကို ချနင်းတတ်သူကတော့ ကိုယ့်ကိုအသုံးချသွားတတ်ပါတယ်။
နောက်ဆုံး အားနာခြင်းကြောင့် သူများရဲ့ ဆန္ဒတွေကိုသာ ဦးစားပေးဖြေရှင်းလာရပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်မှန်သမျှ ဆုံးရှုံးလာနိုင်ပါတယ်။ အားနာတတ်မှန်းသိတဲ့အတွက် ကိုယ့်ကို တဖက်လူက အပိုင်တွက်လာနိုင်ပါတယ်။ “လုပ်ရင်ရတယ်…..၊ ပြောရင်ရတယ်…….” ဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ်က သူတို့လက်ထဲက အရုပ်လိုဖြစ်သွားနိုင်ပါတယ်။ အဲဒီ့အခါမျိုးမှာ လူ့အတ္တသမားတွေအတွက် ကိုယ်က ဓားစားခံဖြစ်သွားခဲ့မယ်ဆိုရင် ကိုယ့်ဘဝကိုပါ အများကြီးထိခိုက်နစ်နာလာစေနိုင်ပါတယ်။ ကိုယ့်က ထိခိုက်သွားရပြီဆိုပြီး အခြားလူတွေကို ရင်ဖွင့်မယ်ဆိုရင်လည်း “ပြတ်ပြတ်သားသား ဘာလို့မငြင်းလဲ၊ အားနာတတ်တာကိုး ခံပေါ့။” ဆိုတဲ့ စကားမျိုးနဲ့ ကိုယ်ကတောင် ပတ်ဝန်းကျင်မှာ ပြန်ပြီး အပြစ်မြင်ခံရပါလိမ့်မယ်နော်။
အဲဒီ့အတွက် ကိုယ့်မှာ အားနာတတ်တဲ့အကျင့်ရှိနေတယ်ဆိုရင် အလွန်အမင်းအားနာတတ်တဲ့စိတ်ကို ပြုပြင်ပါ။
အားနာသင့်တဲ့နေရာမှာ အားနာပါ။ ကိုယ့်ကိုထိခိုက်နစ်နာစေမယ့် အရာမျိုး၊ ကိုယ့်ဘဝကိုပါ ခြယ်လှယ်တဲ့အထိဖြစ်လာတာမျိုးဆိုရင် လုံးဝအားမနာပါနဲ့။ ပြတ်သားစွာ ငြင်းပါ။ ထိုကဲ့သို့ ပြတ်သားစွာ ငြင်းလို့ သင့်ကို မုန်းတီးပြီး မပတ်သက်မဆက်ဆံတော့ရင်လည်း သင်ခံစားစရာမလိုပါဘူး။ ကိုယ့်အတ္တတစ်ခုထဲ ကြည့်တတ်တဲ့ လူ့အတ္တတွေနဲ့ကင်းဝေးရခြင်းက သင့်အတွက် ပျော်ရွှင်ရခြင်းပါပဲ။ ငြင်းဆန်သင့်တာကို ငြင်းဆန်ခြင်းက သင့်အခွင့်အရေး၊ သင့်ရွေးချယ်ခွင့်ဖြစ်ပါတယ်။
ငြင်းဆန်းသင့်တာကို အားနာပြီး မငြင်းရက်ရင်သာ သင့်ဘဝထိခိုက်နစ်နာစေမှာဖြစ်ပါတယ်လို့ မှတ်ထားသင့်ကြောင့် တိုက်တွန်းလိုက်ရပါတယ်။