အခြားသူများ ကောင်းမှုတွေ များများလုပ်အောင် ဘယ်လိုတိုက်တွန်းမလဲ။

ပရဟိတဆိုတာ အထူးတလည်ကြီး ငွေတွေအများကြီးနဲ့ လူတွေအများကြီးကို ပေးဆပ်လှူဒါန်း၊ အလှူအတန်းအကြီးကြီးလုပ်၊ ပွဲတွေနဲ့ စည်ကားအောင် လုပ်တာမျိုးကို ဆိုလိုတာလို့ အက်မင်ကတော့မယူဆပါဘူး။ (အက်မင်တစ်ယောက်တည်းရဲ့အယူအဆပါနော်) ပရဟိတဆိုတာ ကိုယ်နိုင်သလောက်လေးနဲ့လည်း အခြားသူများအတွက် အခြားသူများအကျိုးရှိမယ့်ကိစ္စ (အကြီးအသေးမခွဲခြားဘဲ) မျိုးလုပ်ပေးချင်စိတ်ရှိတာ၊ လုပ်ပေးတာမျိုးကို ခေါ်တယ်လို့ ယူဆပါတယ်။ ငွေတွေအများကြီးရှိမှ၊ ဖောင်ဒေးရှင်းကြီးရှိမှ၊ လူတွေအများကြီးပါမှ လုပ်နိုင်တာမျိုးကို မဆိုလိုပါဘူးနော်။ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ….ကိုယ်တွေကြောင့် အခြားမပြည့်စုံ၊ လိုအပ်နေသူတွေ လိုအပ်နေတာလေး တခုခုရသွားစေချင်တဲ့စိတ်ကိုလည်း ပရဟိတစိတ်လို့ ခေါ်နိုင်တာပါပဲ။


အဲဒီ့ ပရဟိတစိတ်လေးက ဘာမှမဟုတ်ပေမယ့် ရရှိသွားတဲ့သူကော၊ ပေးလိုက်ရတဲ့သူကော နှစ်ဦးလုံးအတွက် အင်မတန်မှ ပီတိဖြစ်စေပါတယ်။ လိုအပ်နေတဲ့သူကလည်း ရရှိသွားတဲ့အတွက် ကျေနပ်ကျေးဇူးတင်ပီတိဖြစ်ရသလို၊ ပေးချင်လို့ ပေးအပ်လိုက်ရတဲ့သူကလည်း ကြည်ဖြူစွာလက်ခံကျေးဇူးတင်မှုကြောင့် ဒါမှမဟုတ် ကိုယ့်ရဲ့ပေးအပ်မှုကြောင့် အခြားသူအကျိုးရှိသွားတာကို ခံစားလိုက်ရတဲ့ ပီတိက ဘယ်အရာနဲ့မှာ မလဲနိုင်ပါဘူး။ ငွေနဲ့ပေးဝယ်မရနိုင်တဲ့ ခံစားချက်မျိုးပါ။ လောကမှာ ထိုကဲ့သို့ ပရဟိတစိတ်ရှိတဲ့လူမျိုးများစွာ ရှိလာရင် လောကကြီးက ဘယ်လောက်တောင်မှ သာယာလိုက်ပါ့မလဲ။ သင့်ဘဝကြီးက အရမ်းကိုဆိုးနေတယ်လို့ ခံစားရရင် အခြားသူများကောင်းဖို့လုပ်ပေးလိုက်ပါ။ အဲဒီ့အခါ ရလာတဲ့ခံစားချက်က သင့်ဘဝရဲ့အဆိုးတွေကိုပါ ဘယ်နားရောက်မှန်းမသိအောင် ပျောက်ပျက်သွားစေနိုင်ပါတယ်။ အဲဒါကြောင့် ကောင်းသောအမှုကိစ္စလေးတွေ၊ တနည်းအားဖြင့် ပရဟိတအလုပ် အကြီးအသေးမရွေးလုပ်သင့်ပါတယ်နော်။
ကိုယ်တိုင်လည်း ပရဟိတ အကြီးအသေးမရွေး လုပ်နိုင်အောင်ကြိုးစားပါ။ အထက်ကပြောခဲ့သလိုပါပဲ၊ အဆိုးတွေကြုံနေတယ်ခံစားရရင် အခြားသူအတွက်ကောင်းတာလေးတခုခုတော့ လုပ်ပေးလိုက်ပါ၊ ကိုယ်ကတော့ ငွေမတတ်နိုင်လို့၊ ဖောင်ဒေးရှင်းမထောင်နိုင်လို့ စတဲ့ဆင်ခြေတွေမလိုအပ်ပါဘူး။ နိုင်တာလေးကစလုပ်ပါ။ စလုပ်ရင်းနဲ့လည်း ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝန်းကိုပါ နှိုးဆော်ပေးပါ။ တိုက်တွန်းပါ။ ပရဟိတခံစားချက်ကို ခံစားတတ်လာတဲ့အခါ သင်တောင်အဖော်ခေါ်စရာလိုတော့မယ်မထင်ပါဘူး။ အခြားသော နေရာတွေ တကူးတကမသွားနိုင်ခဲ့ရင်လည်း ကိုယ့်ပတ်ဝန်းကျင်မှာ စပြီး လုပ်သင့်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်အနီးအနားမှာ လိုအပ်နေသူတွေကို စုပြီး ကူညီတာမျိုး၊ ကိုယ့်သူငယ်ချင်းတွေ စုပြီး တစ်လတစ်ခါ ဒါမှမဟုတ် သုံးလတစ်ခါ စသည်ဖြင့် အချိန်ကာလလေးတစ်ခုသတ်မှတ်ပြီး စုပေါင်းပရဟိတလုပ်ကြတာမျိုးလည်း လုပ်နိုင်ပါသေးတယ်။ အဓိကကတော့ သင်ကစပြီး လုပ်ဖြစ်ဖို့ ပါပဲ။ သင်ကိုယ်တိုင်က စတင်ပါ။ သင့်နဲ့နီးစပ်ရာကိုလည်း နှိုးဆော်ပေးပါ၊ သင်ကစပြီး မတည်ပေးပါ။ ပရဟိတစိတ်ကြောင့် ရလာတဲ့ ပီတိကို အခြားသူများကိုလည်း မျှဝေပေးပါ။ ထိုပီတိကို ခံစားတတ်သွားအောင် အားလုံးကိုမျှဝေပေးလိုက်ပါ။ အဲဒါက ပရဟိတလုပ်ဖြစ်ဖို့ အနုနည်းနဲ့ နှိုးဆော်ခြင်းပါပဲ။ ပရဟိတလုပ်ဖို့ အဝေးဆုံးကိုစဉ်းစားစရာမလိုပါဘူး။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလိုအပ်နေသူတွေ၊ ကိုယ့်မြို့မှာလိုအပ်နေသူတွေစသည်ဖြင့် လုပ်နိုင်သလောက် လုပ်လို့ရပါတယ်။
အဲဒါကြောင့် ဒီနေ့ကစတင်ပြီး ပရဟိတလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပေမယ့် နှမ်းတစ်စေ့ပေါင်းများစွာ စုပေါင်းနိုင်တဲ့အခါ ဆီဖြစ်လာနိုင်ပါတယ်နော်။
ဒီဆောင်းပါးလေးကို ရှယ်ရင်း စာဖတ်သူရဲ့အပေါင်းအသင်း၊ သူငယ်ချင်းတွေကို ပရဟိတ တစ်ပိုင်တစ်နိုင်ရသလောက် လုပ်ကြဖို့ တိုက်တွန်းလိုက်ကြပါအုံးလို့။
#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။