အချစ်ကြောင့် နာကျင်ရတဲ့အခါ……
ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးမှာ အချစ်ကြောင့် နာကျင်ခံစားဖူးခဲ့ကြမှာပါ။ ကျွန်တော်တို့ နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး ကိုယ်ချစ်တဲ့သူအတွက် စဉ်းစားပေးတာ၊ ကိုယ့်ဘဝတစ်ခုလုံးက သူပဲလို့ တွေးမိတဲ့အထိ ကိုယ့်ဘဝကြီးကို သူ့အတွက်အရာအားလုံးသက်ရောက်စေခဲ့တာမျိုးတွေထိ ရှိခဲ့ဖူးမှာပါ။ ဒါပေမယ့် အဲဒီလို ကိုယ့်ရဲ့အရာရာကို သူ့အတွက်လို့ တွေးထားခဲ့ပေမယ့် ကိုယ်ထင်ထားသလိုဖြစ်မလာခဲ့တာမျိုးလည်း ကြုံရမှာပါ။
တချို့တလေကတော့ နာကျင်မှု့ကို ကုစားဖို့ အချစ်သစ်တစ်ခုကို ရှာကြပါတယ်။ တချို့တလေကတော့ အခြားမူးယစ်စေတဲ့အရာတွေနဲ့ ကိုယ့်ရဲ့ရင်ဘတ်ထဲက ဒဏ်ရာကို ကုစားကြပါတယ်။ တချို့တလေကျပြန်တော့ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိတော့ဘဲ ဦးတည်ချက်တွေပျောက်ဆုံးကုန်ပြီး တေပေလေလွှင့်နေခြင်းနဲ့ သက်သာမလားရယ်လို့ နေချင်သလို နေကြပါတယ်။ တချို့တလေကတော့ နာကျင်မှုကို တိတ်တိတ်လေးရင်ထဲမှာ ထည့်သိမ်းထားပြီး ကိုယ့်ဘဝရဲ့နေ့စဉ်လုပ်ဆောင်စရာရှိတာတွေကို ဟန်မပျက် ဆက်လက်လုပ်ဆောင်ရင်းနဲ့မှ ပူဆွေးဝမ်းနည်းတတ်ကြပါတယ်။
ဒီနေရာမှာ အချစ်က ဘဝတစ်ခုလုံးနဲ့သက်ဆိုင်နေသလားဆိုတာကိုပြောပြပေးချင်ပါတယ်။ တကယ်လို့ အချစ်က ဘဝတစ်ခုလုံးနဲ့သက်ဆိုင်ပါတယ်လို့ သတ်မှတ်လိုက်တဲ့အခါ ဘယ်လိုဖြစ်နိုင်သလဲ။ တကယ်လည်း အချစ်က ဘဝတစ်ခုလုံးနဲ့သက်ဆိုင်ရဲ့လား။ ချစ်ဖူးတဲ့သူတွေသိမှာပါ။ ချစ်သူတစ်ယောက်ကို တစ်ဘဝလုံးစာအတွက်လို့ ရည်ရွယ်ပြီးလက်တွဲခဲ့တယ်၊ ဒါပေမယ့်အကြောင်းအမျိုးမျိုးကြောင့် ချစ်သူအဖြစ်ကနေ ပြတ်စဲသွားလို့ ထိုချစ်သူကိုပဲ နှစ်ပေါင်းဘယ်လောက်ထိကြာအောင် ဆက်ချစ်နေတတ်ပါသလဲ။(ဒါက လက်တွေ့ကျကျစဉ်းစားကြည့်သင့်တဲ့မေးခွန်းပါပဲနော်) လူတစ်ရာမှာ တစ်ယောက်လောက်ပဲ ထိုချစ်သူကို ထိုင်ပြီးလွမ်းဆွတ်နေရင်း အသက်ကြီးသွားမယ်ထင်ပါတယ်။ နောက်ထပ်အချစ်သစ်မတွေ့နိုင်တော့ပါဘူးလို့ တစ်ဘဝလုံးအတွက် အာမခံနိုင်ရဲ့လား။ (အများစုကတော့ အာမခံနိုင်မယ်မထင်ပါဘူးနော်)
အဲဒါဆိုရင် လက်ရှိအချိန်မှာ ခံစားနေရပါတယ်ဆိုတဲ့အချစ်ကြောင့် နာကျင်မှုတွေကရော တစ်ဘဝလုံးတည်မြဲနိုင်ပါ့မလား။ အချိန်တန် ဒဏ်ရာမှန်သမျှက အမာရွတ်သာသာပဲကျန်ခဲ့တော့တာပါပဲ။ အဲဒါဆို အချစ်က ဘဝဖြစ်နိုင်ပါ့မလား။ လက်ရှိ ခံစားနေရတုန်းအခိုက်အတန့်မှာတော့ ဖြစ်နိုင်မှာပါ။ အနာကျက်သွားရင်တော့ဟုတ်ချင်မှဟုတ်တော့မှာပေါ့။
အဲဒီ့တော့ ပြောချင်တာက အချစ်ဆိုတာက မီးခိုးတွေလိုပါပဲ။ မီးခိုးတွေအူနေတုန်းမှာတော့ ကိုယ့်မှာ အသက်ရှုရခက်လောက်အောင် မွန်းကြပ်နေပါလိမ့်မယ်။ အချိန်တန် လေနဲ့အတူ မီးခိုးတွေ လွှင့်ပြယ်သွားတဲ့အခါကျတော့ ပတ်ဝန်းကျင်က ကြည်လင်သွားသလို၊ ကိုယ်လည်း အသက်ရှုချောင်သွားတာပါပဲ။ အဲဒီ့သဘောပါပဲ။ အမြဲတည်မြဲနေမယ့်အရာမဟုတ်နိုင်ပါဘူး။ အဲဒါကို သဘောပေါက်ဖို့လိုပါတယ်။ အချစ်ကြောင့် နာကျင်နေတဲ့အခါ ဘဝတစ်ခုလုံးကို ရှင်သန်ချင်စိတ်မရှိလောက်အောင် ဖြစ်နေတယ်ဆိုရင် အထက်က မီးခိုးဥပမာကို ပြန်သတိရလိုက်ပါ။ ကိုယ်က အခုမီးခိုးတွေအူပြီး အသက်ရှုရခက်နေတဲ့အခိုက်အတန့်လေးပါလားလို့ ပြန်တွေးလိုက်ပါ။
ထိုအခိုက်အတန့်လေးကို ကျော်ဖြတ်နိုင်တဲ့အခါ ပတ်ဝန်းကျင်ကြည်လင်သွားတာကို ကိုယ်မြင်နိုင်မှာပါ။ အဲဒီ့တော့ ထိုအခိုက်အတန့်လေးမှာ ခံစားနေရတဲ့ကိုယ့်စိတ်ကို တည်ငြိမ်အောင် ထားသင့်ပါတယ်။ အဲဒါမှာ ရဲရဲရင်ဆိုင်နိုင်မှာပါ။ ကိုယ့်ဘဝရဲ့ ကျန်ရှိနေသေးတဲ့နေ့ရက်တွေမှာ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ပါ။ ကိုယ်တက်နေတဲ့သင်တန်းမှာ တကယ်ကျွမ်းကျင်တတ်မြောက်အောင် သင်ယူဖို့ ပြန်ပြီးအာရုံစိုက်ပါ။ ကိုယ့်အလုပ်ခွင်မှာ အလုပ်ကို အာရုံစိုက်ပြီး အလုပ်တွေပြီးမြောက်ပါစေ။ ကိုယ့်ကိုချစ်ခင်ပေးတဲ့အခြားသော သူတွေကို ပြန်ချစ်ခင်ဖို့ အာရုံထားပါ။ ကိုယ့်ကိုနာကျင်စေတဲ့သူထက် ကိုယ့်ကိုချစ်ခင်ပြီး ကြည်နူးစေတဲ့သူတွေကို တန်ဖိုးထားလိုက်ပါ။ ကိုယ့်ကိုချစ်တဲ့သူတွေအတွက် ကိုယ်ပျော်ရွှင်ပါ။ ကိုယ့်ကိုနာကျင်စေတဲ့သူတွေအတွက်နဲ့ ဝမ်းနည်းမနေပါနဲ့။ ဝမ်းနည်းနေတဲ့အခါ ကိုယ်ရှင်သန်ရမယ့် သက်တမ်းတွေထဲက ရက်တချို့ အလကားဖြစ်သွားပါလိမ့်မယ်။
အဲဒါကြောင့် အချစ်ကြောင့်နာကျင်ရတဲ့အခါ ခဏတာ မီးခိုးမှိုင်းမိနေသလိုမျိုးခံစားပါ။ အချစ်က ဘဝတစ်ခုလုံးမဟုတ်ပါဘူး။ အချိန်တန် နာကျင်မှုတွေ လွှင့်ပြယ်သွားတဲ့အခါ ပျော်စရာတွေရှာဖွေပါ။ နာကျင်မှု့ကို မမေ့ဖျောက်နိုင်သေးလည်း ဘဝမှာ အခြားသော ပျော်ရွှင်စရာအခိုက်အတန့်တွေအများကြီးရှိပါသေးတယ်။ ကိုယ့်ကိုချစ်ခင်တဲ့သူတွေအတွက် ရှင်သန်ပါ။ ပျော်ရွှင်ပါ။ တကယ်တော့ အချစ်ဆိုတာ ဘဝထဲက မပါမဖြစ်ပါဝင်ရတဲ့ အစိတ်အပိုင်းလေးတစ်ခုပါပဲလို့ တိုက်တွန်းအားပေးလိုက်ပါတယ်။ #BAWA101