အချိန်တန်တဲ့အခါ ပင်စင်ယူနိုင်ဖို့အတွက် ပြင်ဆင်ထားရမည့် အချက် ၅ ချက်

ဘဝမှာ အမြဲတမ်းအလုပ်တွေချည်းလုပ်နေလို့မရပါဘူး။ အနားယူတဲ့အချိန်ဆိုတာလည်း ရှိနေသင့်ပါတယ်။ သင့်ဘဝအတွက် အနားယူရမယ့်အချိန်မှာ သင်စိတ်အေးလက်အေး အနားယူပြီး ဘာကိုမှ နောက်ဆံမငင်နေရခြင်းကလည်း ကံကောင်းခြင်းတစ်မျိုးပါပဲ။ အသက်တွေကြီးလာလို့ အလုပ်တွေကနေ အနားယူရမယ့်အချိန်မှာ သင်ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားတော့ သင့်အတွက်ပိုပြီး သက်တောင့်သက်တာဖြစ်စေမှာပါ။ အဲဒါကြောင့် ပြင်ဆင်ထားသင့်တာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။


၁) စုငွေ ဖယ်ထားပါ။
သင်အလုပ်ကနေအနားယူတဲ့အခါ အဓိက ပူပင်ရမှာက စားဝတ်နေရေးပါပဲ။ သင့်ရဲ့ပုံမှန်ဝင်ငွေ ပမာဏတစ်ခုလျော့နည်းသွားပြီဆိုတဲ့အခါ သင့်စားဝတ်နေရေးအတွက် သင်ဘာလုပ်မလဲဆိုတာ တွေးရတော့မှာပါ။ ဒါပေမယ့် စားဝတ်နေရေးအတွက် သင့်ဘဝမှာ နှစ်ပေါင်း ၄၀နီးပါးလောက်ပူပန်တကြီးရှာခဲ့ပြီးပြီ မဟုတ်လား။ အခုလိုအချိန်မှာတော့ သင့်ကိုသင်အနားပေးလို့ စိတ်အေးလက်အေးနေသင့်ပါပြီလေ။ အဲဒါကြောင့် ပုံမှန်စုငွေတစ်ခု သတ်မှတ်ပြီး စုထားပါ။ သင်ပင်စင်ယူတဲ့အချိန်မှာ ထိုစုငွေက သင့်အတွက် အေးအေးလူလူ စားသောက်နိုင်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ အဲဒါကြောင့် ပင်စင်မယူမီကတည်းက ပင်စင်ယူမယ့်အချိန်အတွက် ကြိုတင်ပြင်ဆင်ထားရမယ့်အရာထဲမှာ စုငွေလည်း ပါပါတယ်နော်။
၂) အိမ်ပိုင်ရှိဖို့ ကြိုးစားပါ။
အိမ်ငှားနေရတဲ့ဘဝက အရမ်းကို ငွေကုန်များပါတယ်။ တစ်နှစ်ကို အိမ်ငှားစရိတ်တင်နည်းမှာမဟုတ်ပါဘူး။ တကယ်လို့များ သင်က အိမ်ငှားနေရတဲ့သူဆိုရင်တော့ သင်ပင်စင်မယူမီ အိမ်လေးတစ်လုံးလောက် ရအောင် စုဆောင်းထားသင့်ပါတယ်။ အဲဒါမှ သင်ပင်စင်ယူလို့ ပုံမှန်လစာငွေမရတော့တဲ့အခါ အိမ်ငှားခအတွက် သင်မပူပန်ရတော့မှာပါ။ အဲလိုမှမဟုတ်ရင်တော့ သင်ပင်စင်ယူပြီး သင့်မှာ နောက်ထပ်ငွေဝင်မယ့်အလုပ်တွေထပ်ရှာပြီး အိမ်ငှားဖို့အတွက် လုံးပန်းရအုံးမှာပါ။ ကောင်းမွန်စွာအနားယူနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် အိမ်ငှားဘဝနဲ့နေရတယ်ဆိုရင် ကြိုတင်ပြီး အိမ်ဝယ်ဖို့အတွက် ငွေစုဆောင်းထားပြီး မြေကွက်လေးပဲဖြစ်ဖြစ်၊ ကိုယ်နိုင်သလောက်ဈေးလေးနဲ့ဖြစ်ဖြစ် အိမ်လေးတစ်လုံးရနိုင်ဖို့ ကြိုတင်စီစဉ်ထားသင့်ပါတယ်။
၃) နောက်ထပ် ငွေဝင်ရလမ်းတစ်ခုစဉ်းစားပါ။
သင်ပင်စင်မယူမီ ရခဲ့တဲ့ ဝင်ငွေတွေကို အသုံးမသုံးပစ်သင့်ပါဘူး။ သင်ပင်စင်ယူတဲ့အခါ အေးဆေးနေနိုင်ဖို့ အဲဒီ့အချိန်တည်းက ကြိုတင်စဉ်းစားထားသင့်တာပါ။ ပုံမှန်ဝင်ငွေထဲကနေ နောက်ထပ် ဝင်ငွေတစ်ခု ရနိုင်မယ့်နည်းလမ်းကို စဉ်းစားထားတာမျိုးပေါ့။ ဥပမာ။ သင်ရဲ့ပုံမှန်လစာတွေစုဆောင်းထားတာကနေ သင်က ကားတစ်စီးဝယ်ခဲ့မယ်ဆိုရင် သင်ပင်စင်ယူတဲ့အခါ သင့်မှာ ပုံမှန်ရနေကျ အလုပ်ကနေ လစာမရတော့ပေမယ့် သင့်ကားကို အငှားဆွဲခြင်းကနေလည်း သင့်အတွက် ၊ သင်ကိုယ်တိုင်အားစိုက်စရာမလိုတဲ့ ဝင်ငွေတစ်ခု သင်ရပြီး ၊ ပင်စင်ယူပြီးတဲ့အခါ သင်အေးဆေးနေနိုင်မှာပါ။ အဲလိုမဟုတ်ဘဲ တခြားငွေပုံမှန်ဝင်မယ့်နည်းလမ်းတစ်မျိုးမျိူးဆိုလည်း အဆင်ပြေနိုင်တာပါပဲ။ သင့်အတွက် သင်ကိုယ်တိုင်ဝင်ပြီး စီမံကွပ်ကဲရုံနဲ့ ဝင်ငွေရစေမယ့်လုပ်ငန်းတစ်ခုခုပေ့ါ။
၄) ကျန်းမာရေးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေလုပ်ပါ။
အသက်အရွယ်ရလာတဲ့အချိန်ထိ ကျန်းမာသန်စွမ်းနေခြင်းက ကံကောင်းခြင်းတစ်မျိုးပါပဲ။ အဲလိုကျန်းမာသန်စွမ်းနေဖို့ကလည်း သင့်ငယ်စဉ်အချိန်မှာကတည်းက ကျန်းမာရေးလုပ်စားမှဖြစ်မှာပါ။ အဲဒါကြောင့် သင့်အတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေရအောင် လေ့လာပါ။ စာဖတ်ပါ။ ကျန်းမာရေးလိုက်စားပါ။ ခုအရွယ်ထိကျန်းမာနေတဲ့အခါ စိတ်သွားတိုင်းကိုယ်ပါလို့ ဖြတ်လတ်နေပါလိမ့်မယ်။
၅) ဝါသနာပါရာတစ်ခုခုကို ရွေးချယ်လုပ်ဆောင်ပါ။
ဒီအချိန်မှာ ကိုယ်နှစ်သက်ရာလေးတွေကို အာရုံထားပြီး ကိုယ်ပျော်ရွှင်ရာလုပ်သင့်တဲ့အချိန်ပါပဲ။ ကိုယ်က သိုးမွေးထိုးတာဝါသနာပါရင် သိုးမွှေးထိုးတာမျိုး၊ အားလပ်ချိန်စာဖတ်၊ စာရေးတာမျိုး၊ အပင်လေးတွေစိုက်တာမျိုးပေါ့။ အဲဒါတွေက အလုပ်မရှိလို့ အားသွားတဲ့အချိန်တွေမှာ စိတ်ဓာတ်ကျခြင်းကနေတောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ အဲဒါကြောင့် သင်နှစ်သက်ရာတစ်ခုခုကို လုပ်ဖို့ ကြိုတင်ပြင်ဆင်ထားတာမျိုးလုပ်သင့်ပါတယ်။ ဥပမာ။ သင့်နေအိမ်ဝန်းကျင်မှာ အပင်လေးတွေစိုက်မယ်ဆိုရင် အပင်စိုက်ဖို့အတွက် မြေသြဇာဝယ်တာ၊ အပင်မျိုးပေါက်လေးတွေဝယ်တာ၊ ပိုးသတ်ဆေးတွေ ဝယ်တာမျိုးပေါ့။ ဒါမှမဟုတ်ရင်လည်း စာကြည့်တိုက်အသင်းဝင်တာမျိုး၊ ပရဟိတအဖွဲ့ဝင်တာမျိုး စသည်ဖြင့် အထီးမကျန်စေဘဲ ကိုယ့်အတွက် အပေါင်းအဖော်လည်းရစေ၊ ကိုယ်လည်း ဝါသနာပါရလုပ်ရစေဆိုပြီး တစ်ချက်ခုတ်နှစ်ချက်ပြတ် လုပ်သင့်ပါတယ်။
ဒီအချက်လေးတွေက တစ်ချို့တွေအတွက်တော့ အဆင်ပြေနိုင်ပေမယ့် တစ်ချို့တွေအတွက်တော့ အဆင်မပြေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ အလုပ်ကနေ မရပ်နားရခင် အထက်ကအချက်လေးတွေအတွက် ကြိုတင်စဉ်းစားပြီး ကြိုတင်ပြင်ဆင်ထားတာက သင့်အတွက် ပိုပြီး စိတ်အေးလက်အေးနဲ့လက်ကျန်ဘဝကို ဖြတ်သန်းနိုင်စေမှာပါ။ အဲဒါကြောင့် အတတ်နိုင်ဆုံး အထက်က အချက်လေးအတွက် ကြိုတင်ပြင်ဆင်ဖို့ မေ့လျော့နေမှာစိုးတဲ့အတွက် သတိပေးရင်းဒီဆောင်းပါးလေးကို ဖော်ပြလိုက်ရပါတယ်။
အားလုံးပဲ အလုပ်ကနေ ရပ်နားရတဲ့အခါ ဘဝရဲ့စိတ်အေးလက်အေးအချိန်ကို ကျော်ဖြတ်နိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။