အချောင်လိုချင်စိတ်

အချောင်လိုချင်တယ်ဆိုတာ ကိစ္စတစ်ခုမှာဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုခုမှာဖြစ်ဖြစ်၊ ပစ္စည်းတစ်ခုခုကို ဖြစ်ဖြစ် ကိုယ့်ရဲ့ခွန်အား၊ ဉာဏ်အားတစ်ခုမှ မပါဘဲနဲ့ တန်ရာတန်ကြေးလဲမပေးချင်ဘဲ အသက်သာဆုံးနည်းနဲ့လိုချင်တာပဲဖြစ်ပါတယ်။ ကိုယ့်စိုက်ထုတ်မှုတစ်ခုမှမပါဘဲနဲ့ ကိုယ်က တစ်ခုခုကို ပိုင်ဆိုင်သွားရတယ်ဆိုတာ ဘယ်လောက်များ ကောင်းတဲ့ခံစားချက်ဖြစ်မလဲ။ လူတိုင်းလိုလို ကြိုက်ကြမှာပါပဲ။ ဈေးဝယ်ရင်တောင် discount ရတဲ့ပစ္စည်းမျိုးစောင့်ဝယ်တတ်ကြတာမျိုးမဟုတ်လား။ အဲဒါမျိုးက လူတိုင်းနီးပါးလိုချင်စိတ်ရှိကြတာမို့ ဒါက ပုံမှန်ပါပဲ။


ဒါပေမယ့် ဘယ်နေရာမှာမဆို ဘာဆိုဘာမှ မစိုက်ထုတ်ချင်ဘဲ အသက်သာဆုံးနည်းနဲ့ ဘယ်နေရာမှာမဆို လိုချင်နေတဲ့စိတ်ကတော့ တဖြေးဖြေးလူကို အကျင့်ပျက်လာစေပါတယ်။ ဆေးစွဲသလိုလည်း စွဲလမ်းတတ်လာပါသေးတယ်။ အဲလိုစွဲလမ်းလာရင်တော့ ဘယ်နေရာမှာဖြစ်ဖြစ် အလုပ်ဆိုလည်း ပင်ပန်းတကြီးအားစိုက်မထုတ်ဘဲ ငွေကျတော့ အလကားလိုချင်တာမျိုး ဖြစ်လာမှာပါပဲ။ အဲဒါဆိုရင် လွယ်သည်ဖြစ်စေ မလွယ်သည်ဖြစ်စေ လွယ်လွယ်ရချင်တဲ့စိတ်ဖြစ်လာပါပြီ။ ထိုစိတ်က လူကို ဒုက္ခပေးတော့တာပါပဲ။
ဘယ်လိုဒုက္ခပေးသလဲဆိုရင် လူကလည်း အပျင်းကြီးလာသလို၊ အရည်အချင်းလည်း မရှိတော့သလို၊ ကိုယ်ရဖို့အတွက်သာဆိုရင် သူများကို ဒုက္ခပေးရမယ်ဆိုလည်း မမူတော့ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်နေရာမှာ ဘာတွေအချောင်ရမလဲ၊ ငွေဆိုရင်လည်း ဘယ်သူကို ဘယ်လိုမျိုးများလိမ်လိုက်ညာလိုက်ရင် ဘယ်လိုရမလဲဆိုတဲ့စိတ်ဖြစ်လာမှာပါ။ အဲဒီ့စိတ်က ဘယ်သူ့ကိုမညှာတာတတ်သူအတွက်တော့ အရမ်းကို အဆင်ပြေစေပြီး ထိုသူ့ရဲ့ပတ်ဝန်းကျင် အသိုင်းအဝန်းကတော့ ဒုက္ခလှလှရောက်မှာပဲဖြစ်ပါတယ်။
အချောင်လိုချင်တဲ့အတွက်ကြောင့် သူများဘယ်လိုဒုက္ခတွေဖြစ်ဖြစ် ကိုယ်သာလျှင်ရဖို့စိတ်တစ်ခုတည်းဖြစ်လာမှာပါ။ အချောင်လိုချင်တာနဲ့ အတူ၊ အပျင်းကြီးခြင်းကပါ ကပ်ပါလာမှာပါပဲ။ ကိုယ့်ရဲ့ချွေးနဲ့သွေးနဲ့ ကြိုးစားရတာမျိုးကို ပင်ပန်းတယ်လို့ အထင်ရောက်ပြီး သက်သက်သာသာ ယပ်ခတ်ယူနိုင်တာမျိုးကိုမှ သက်သာတယ်ထင်တဲ့သူများလာတဲ့အခါ လောကမှာ လူလိမ်လူကောက်တွေများလာတော့တာပါပဲ။ ဒါပေမယ့် ထိုသူမျိုးက အမြဲ သူများကို ကလိမ်ကျလို့ အချောင်ရတတ်ပေမယ့် ထိုအချောင်ရတတ်သမျှကလည်း မမြဲဘဲ နေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူလိုလူမျိုးအတွက်က အချောင်ရတာမို့ တန်ဖိုးမထားဘဲ အလုပ်ကြိုးစားချင်စိတ်လည်း မရှိဘဲ လွယ်လွယ်သုံးဖြုန်းပစ်တတ်တာမျိုးမို့ပါ။ အဲဒါကြောင့်အချောင်ရတဲ့ပစ္စည်း အချောင်ကုန်တတ်တာပါပဲ။
အချောင်လိုချင်တတ်သူက အနေလည်း ချောင်ပါတယ်။ ဒါပေမယ့် ဘယ်တော့မှ လူရာမဝင်တတ်ပါဘူး။
ဘယ်နေရာမှာမဆို ကြိုးစားပမ်းစား ရှာဖွေစုဆောင်းတတ်သူက ရှာဖွေသမျှကို သွေးနဲ့ချွေးနဲ့ရှာရတာမို့ လွယ်လွယ်မသုံးပစ်ရက်လို့ ပစ္စည်းဥစ္စာလည်း တည်မြဲလွယ်ပါတယ်။ အချောင်လိုချင်သူကတော့ လွယ်လွယ်ရ…လွယ်လွယ်ဖြုန်းလို့ တည်မြဲတယ်မရှိသလို၊ ဘယ်နေရာက အချောင်ထပ်ရမလဲသာတွေးနေတဲ့အတွက် နှဲသမားပါးစပ်လို ပိန်လိုက်ဖောင်းလိုက်ပါပဲ ။
ဒါပေမယ့် အချောင်လိုချင်စိတ်က စိတ်ထဲမှာ သန္ဓေတည်သွားရင်တော့ အမြစ်ဖျက်ရတော်တော်ကို ခက်ပါတယ်။ အဲဒါအပြင် အချောင်လိုချင်စိတ်ရှိသူရဲ့ ဆွေမျိုးနီးစပ် ပတ်ဝန်းကျင်အားလုံးဟာလည်း ထိုသူကြောင့်ပဲ အမြဲဒုက္ခရောက်တတ်ပါသေးတယ်။ သူတစ်ယောက်ကောင်းစားဖို့အတွက် သက်သာစွာ အနေချောင်ဖို့အတွက်လည်း မိဘ၊ ဆွေမျိုး နဲ့ ပတ်ဝန်းကျင်ကို ဒုက္ခပေးတတ်လေ့ရှိပါတယ်။
အချောင်လိုချင်စိတ်က ဘဝကို ဘယ်တော့မှ လူရာမဝင်အောင် အညွှန့်ချိုးတတ်ပါတယ်။ အဲဒါကြောင့် လုံးဝမကောင်းပါဘူး။ အချောင်လိုချင်စိတ်ကို စိတ်ထဲမှာလုံးဝမရှိအောင် မမွေးမိပါစေနဲ့လို့ ဒီဆောင်းပါးလေးဖော်ပြပြီး တိုက်တွန်းလိုက်ပါတယ်။ အချောင်လိုချင်စိတ် အမြစ်တွယ်သွားရင် အမြစ်ဖျက်ရခက်လောက်အောင် စွဲလမ်းသွားတတ်လို့ပါ။
ဒီဆောင်းပါးဖတ်မိသူတွေလည်း ကိုယ့်ပတ်ဝန်းကျင်မှာ အချောင်လိုချင်စိတ်ရှိသူမျိုးတွေ့ရတဲ့အခါ ပြုပြင်ဖို့ကြိုးစားကြည့်ပါ။ ဒါပေမယ့် ပြုပြင်လို့မရရင် အချောင်လိုချင်စိတ်ရှိသူနဲ့ ဝေးဝေးနေလိုက်ခြင်းကသာ ကိုယ့်အတွက် အကောင်းဆုံးပါလို့ တိုက်တွန်းလိုက်ရပါတယ်။ ကိုယ့်တိုင်လည်း အချောင်လိုချင်စိတ်ရှိသူမျိုးမဖြစ်စေဖို့ ဒီစာလေးနဲ့သတိပေးလိုက်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။