အခက်အခဲတွေရဲ့အလွန်မှာ….

အခက်အခဲလို့ပြောလိုက်တာနဲ့ စိတ်ထဲမှာ ဘာမှန်းမသိတဲ့ခံစားချက်မျိုးဖြစ်ဖူးကြမှာပါနော်။ တနည်းအားဖြင့်တော့ ကိုယ့်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာတွေအတွက် အဟန့်အတားလို့ပြောရမှာဖြစ်ပါတယ်။ ဘယ်နေရာမှာမဆို အခက်အခဲမရှိတဲ့နေရာတော့ရှိမယ်မထင်ပါဘူး။ ကျွန်တော်တို့ အူဝဲလို့အော်ပြီးမွေးလာကတည်းကကို လမ်းမလျှောက်တတ်တဲ့အခက်အခဲ၊ စကားမပြောတတ်တဲ့အခက်အခဲ၊ စာသင်ဖို့အခက်အခဲ စသဖြင့် အဲဒါတွေအားလုံးကို ရင်ဆိုင်ဖူးတဲ့သူချည်းပါပဲ။ လေ့ကျင့်ရင်း၊ သင်ယူရင်းနဲ့မှာ လမ်းမလျှောက်တတ်တဲ့အရွယ်ကနေ လမ်းလျှောက်တတ်လာမယ်၊ စကားမပြောတတ်ရာကနေ သင်ယူရင်းစကားပြောတတ်လာမယ်၊ စာသင်တတ်လာမယ် စသဖြင့် အခက်အခဲတွေကိုဖြေရှင်းခဲ့ကြရတာပါပဲ။


အဲဒီ့တော့ အခက်အခဲမရှိတဲ့ဘဝဆိုတာ မရှိပါဘူးနော်။ လူတိုင်းဟာ သူတို့ဘဝအလျှောက် အခက်အခဲနဲ့တိုက်ပွဲဝင်နေရတာချည်းပါပဲ။ ဒီနေ့လုပ်ဒီနေ့စားရတဲ့သူမှာလည်း အခက်အခဲရှိသလို ငွေကြေးများစွာကြွယ်ဝချမ်းသာနေတဲ့သူမှာလည်း သူ့အခက်အခဲနဲ့သူရှိတာပါပဲ။
သာမန်ကတော့ အခက်အခဲကြုံရင် စိတ်ညစ် ၊ စိတ်ရှုပ်ခြင်းအရင်ဆုံးဖြစ်ပေါ်လေ့ရှိတတ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းပြန်စဉ်းစားကြည့်ရင်တော့ အခက်အခဲဆိုတာ ကျွန်တော်တို့ရဲ့စွမ်းရည်ကို တိုးလာစေပါတယ်။

“Difficulties in your life do not come to destroy you, but to help you realise your hidden potential and power, let difficulties know that you too are difficult.” — Abdul Kalam ပြောထားသလိုပေါ့။ အခက်အခဲဆိုတာက သာမန်အမြင်အားဖြင့်တော့ ကျွန်တော်တို့ရည်မှန်းချက်ကို မအောင်မြင်အောင် အနှောင့်အယှက်ပေးတယ်လို့ထင်ရပါတယ်။ ဥပမာ။ အလုပ်ခွင်မှာ ဆိုင်ကယ်စီးတတ်မှာဖြစ်မယ် ။ ဒါပေမယ့် သင်ကလုံးဝဆိုင်ကယ်မစီးတတ်ဘူးဆိုရင် ထိုအလုပ်ကနေ ထွက်မလား။ ဆိုင်ကယ်စီးတတ်အောင်သင်မလား။ တကယ်လို့များ သင်ဆိုင်ကယ်စီးတတ်အောင်သင်လိုက်မယ်ဆိုရင် သင့်မှာ ဆိုင်ကယ်စီးတတ်တဲ့ skill တစ်ခုမတိုးလာဘူးလား။ တကယ်တော့အခက်အခဲတွေက စာမေးပွဲတစ်ခုပါပဲ။ သင်အောင်မြင်အောင်ဖြေဆိုနိုင်တဲ့အခါ သင့်မှာ အောင်လက်မှတ်တစ်ခုတိုးလာတာပါပဲနော်။ အဲဒါကြောင့် အခက်အခဲဆိုတာက သင့်ရဲ့စွမ်းရည်ကို တိုးလာစေတာ၊ သင့်မှာရှိပေမယ့် သင်ကိုယ်တိုင်တောင်မသိလိုက်တဲ့စွမ်းရည်ကို ဖော်ထုတ်ပေးတာပါ။
များသောအားဖြင့်က အခက်အခဲနဲ့ကြုံရင် “ဟာ…မလုပ်နိုင်တာကို လာခိုင်းနေတယ်၊” “ဟာ ဘယ်လိုလုပ်တတ်မှာလဲ။ မဖြစ်နိုင်ဘူး” “မလုပ်ဘူး….မလုပ်တတ်ဘူး” ဆိုတဲ့ အနုတ်သဘောဆောင်တဲ့အတွေးမျိုးတွေးမိတာပါပဲ။ ဒါပေမယ့် သင်လျှောက်နေတဲ့လမ်းက ပိုကြမ်းလေလေ သင့်မှာ အကြမ်းခံနိုင်စွမ်းတိုးလာလေလေဆိုတာ မမေ့ပါနဲ့။ အခက်အခဲနဲ့ကြုံတိုင်းသင်တွေးရမှာ ဒီအခက်အခဲကို ကျော်လွန်အောင်ကြိုးစားနိုင်ရင် ဘာစွမ်းရည်တိုးလာမလဲဆိုတာပါပဲ။ “Nomality is a paved road: It’s comfortable to walk, but no flowers grow”- Vincent Van Gogh ပြောထားသလိုပေါ့။ ပုံမှန်အတိုင်းလျှောက်ရတဲ့လမ်းကတော့ သက်တောင့်သက်သာရှိတာပေါ့ ဒါပေမယ့် ပန်းတွေတော့ ဘယ်ပွင့်ပါ့မလဲ။ အဲဒီလိုပါပဲ အခက်အခဲရယ်လို့မရှိတဲ့လမ်းမှာ သင့်ရဲ့စွမ်းရည်တွေဘယ်တိုးပါ့မလဲနော်။ အခက်အခဲများလေ ရှောင်ပြေးဖို့မကြိုးစားဘဲ တိုက်ခိုက်နိုင်ဖို့ကြိုးစားပါ။ အဲဒါက သင့်စွမ်းရည်တိုးလာစေပါတယ်။ သင့်စွမ်းရည်တိုးလာလေလေ သင့်အတွက် အခက်အခဲဘယ်လောက်ကြီးကြီး နိုင်အောင်တိုက်နိုင်လာပါတယ်။ သင့်စွမ်းရည်တိုးလာတဲ့အခါ သင်လည်းပိုပြီး ခွန်အားကြီးမားလာတာပါပဲ။

ကိုယ့်ကျမှ ခက်ခဲလိုက်လေခြင်း….ရယ်လို့တွေးမိပြီဆို ကိုယ့်ထက်ခက်ခဲတဲ့ဘဝတွေရှိတယ်ဆိုတာ သတိရပါ။ ကိုယ့်ထက်ခက်ခဲတဲ့သူတွေရဲ့ဘဝကို မြင်အောင်ကြည့်ပါ။ အခက်အခဲနဲ့ရင်ဆိုင်မိတဲ့အခါ အရှုံးပေးထွက်ပြေးချင်စိတ်ကို ဖျောက်ပြီး အခက်အခဲဆိုတာ ကိုယ့်စွမ်ရည်တိုးလာစေဖို့ပါ
လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ အခက်အခဲတွေသာမရှိဘဲ ပုံမှန် comfort zone ထဲမှာနေရရင် သင့်မှာရှိပြီးသားအစွမ်းအစတွေတောင် တုံးလာနိုင်ပါတယ်။ သင့်ရုံးမှာ သင်တန်းတစ်ခုတက်မှဖြစ်မယ်ဆိုရင် ထိုသင်တန်းကိုမတက်ချင်ဘူး၊ စာမကျက်ချင်ဘူး၊ အချိန်မရှိဘူးဆိုတဲ့ဆင်ခြင်တွေနဲ့ အလုပ်ကထွက်မလား။ ဒါမှမဟုတ် မဖြစ်မနေတက်ဖြစ်အောင်တက်ရင်းကနေ သင့်အတွက်နောက်ထပ်စွမ်းရည်တစ်ခုမတိုးလာနိုင်ဘူးလား။ ရုံးမှာ အလုပ်ကိုနှစ်ယောက်စာ တစ်ယောက်တည်းလုပ်နေရလို့ စိတ်ညစ်တယ်ဆိုရင် ပြန်တွေးကြည့်လိုက်ပါ။ သင့်တစ်ယောက်တည်းနဲ့နှစ်ယောက်စာအလုပ်ကိုသင်လုပ်နိုင်သွားရင် သင့်စွမ်းရည်တိုးလာတာပဲမဟုတ်လား။ ပြောင်းဖူးခြင်းထဲကျသွားတဲ့ကြွက်ဟာ စားစရာအတွက်ပူစရာမလိုတော့လို့ ပျော်ရွှင်ပြီး စားလိုက်သောက်လိုက်နဲ့ပြောင်းဖူးခြင်းထဲကနေ ထွက်ဖို့မစဉ်းစားတော့ပါဘူး။ ဗိုက်ကားသွားတာကြောင့် ခြင်းတောင်းထဲကပြန်ထွက်ဖို့အရေးမထွက်နိုင်ဖြစ်ပြီး ခြင်းတောင်းထဲအိပ်လိုက်စားလိုက်လုပ်နေရာက နောက်ဆုံးကြောင်တစ်ကောင်ရောက်ပြီး စားတာကို ခံလိုက်ရပါသတဲ့။ အဲဒီ့ပုံပြင်ထဲကလိုပါပဲ။ သင့်လည်း လက်ရှိကြုံနေရတဲ့အခက်အခဲကို မဖြစ်နိုင်ဘူး….မလုပ်နိုင်ဘူးဆိုတဲ့ အရှုံးသမားအတွေးကိုပိုက်ပြီး အခက်အခဲကိုရင်မဆိုင်ဘဲထွက်ပြေးတဲ့အခါ သင့်မှာစွမ်းရည်မတိုးရုံပဲရှိမှာပေါ့။ ဘယ်နေရာမဆို အခက်အခဲမရှိတဲ့နေရာတွေချည်းမို့ ဒီနေရာမှာ အခက်အခဲနဲ့တွေ့လို့ရှောင်ပြေးလိုက်၊ ဟိုနေရာမှာ အခက်အခဲနဲ့ထပ်တွေ့လို့ရှောင်ပြေးလိုက်နဲ့ နောက်ဆုံး ဘာအစွမ်းအစမှမတိုး၊ အချိန်ကုန်လေ အသက်သာကြီးလေ ဘာမှအသုံးမကျတဲ့သူအဖြစ်နဲ့သာ ဘဝဆုံးရမှာပါပဲ။
အဲဒါကြောင့် “Do not pray for easy life. Try for the strength to endure a difficult one” ဆိုတာမမေ့ပါနဲ့နော်။ ပိုလွယ်တဲ့ဘဝက အသုံးမကျတဲ့ဘဝကိုသာဖြစ်စေမှာပါ။ အဲဒီ့တော့ ပိုလွယ်တဲ့ဘဝဖြစ်ဖို့ဆုမတောင်းပါနဲ့။ ကြုံလာသမျှ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်တဲ့ခွန်အားရှိဖို့သာ ကြိုးစားပါလို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။