အသက် ၄၀ မတိုင်ခင် ပြုလုပ်သင့်သောအရာများ။

အသက် ၄၀ ဆိုတဲ့အရွယ်မှာမှ ဘဝစတယ်….လို့ ပြောကြတာ ကြားဖူးမှာပါနော်။ အက်မင်ကတော့ အသက် ၄၀ ဆိုတဲ့အရွယ်က တည်ငြိမ်သင့်သလောက်တည်ငြိမ်နေပြီး ဘဝမှာလည်း အတွေ့အကြုံတော်တော်များများရခဲ့ပြီးပြီလို့ ထင်ပါတယ်။ ဘဝနဲ့ပတ်သက်တဲ့ လူအမျိုးမျိုးကိုလည်း တွေ့ဆုံခဲ့ရပြီးပြီ၊ လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အလုပ်တော်တော်များများမှာလည်း ကျင်လည်ခဲ့ပြီးပြီဖြစ်မှာပါ။ အဲဒီမတိုင်မှီအချိန် အသက်၄၀ ဆိုတဲ့အရွယ်မှာ ပိုပြီး တည်ငြိမ်အောင် ပြင်ဆင်ထားသင့်နေပါပြီ။ အဲဒီ့တော့ အဲဒီ့အသက်အရွယ်မှာ ပြင်ဆင်ထားသင့်တာလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။


၁) စုငွေပမာဏ တစ်ခုရှိနေသင့်ပါပြီ။
အသက် ၄၀မတိုင်ခင် ဖြတ်သန်းခဲ့တဲ့ကာလတွေမှာကတည်းက ငွေကြေးနဲ့ပတ်သက်ပြီး ပုံမှန်စုငွေတစ်ခုထားပြီး စုဆောင်းထားသင့်နေပါပြီ။ ဘာလို့လဲဆိုတော့ ထိုအသက်အရွယ်မှာ အလုပ်ကို အရမ်းပြင်းထန်စွာ ကြိုးစားဖို့ထက် သက်တောင့်သက်သာရှိစွာ အသက်မွေးဝမ်းကျောင်းနိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်။ အဲဒါကြောင့် စုငွေပမာဏတစ်ခုရှိထားသင့်နေပါပြီ။
၂) မိသားစု ဘဝတစ်ခု တည်ဆောက်ပါ။
အသက် ၄၀မတိုင်ခင်မှာ မိသားစုဘဝတစ်ခုကို ပိုင်ဆိုင်သင့်နေပါပြီ။ သားသမီးတွေသိုက်ဝန်းစွာနဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားခြင်းက သင့်အတွက် အပြန်အလှန်တာဝန်ယူပေးမယ့် လူသားတွေအဖြစ် မိသားစုက ရှိနေပေးမှာပါ။ သင်နေထိုင်မကောင်းတဲ့အခါ သင်တစ်ယောက်တည်းခံစားနေစရာမလိုဘဲ မိသားစုက သင့်ကိုပြုစုပေးပါလိမ့်မယ်။ အသက်အရွယ်ရလေ လူတွေက ပိုပြီး အထီးကျန်ခြင်းကို ခံစားတတ်လာလေလေပါ။ အဲဒါကြောင့်အသက်၄၀မတိုင်မီ သင့်မှာ မိသားစုဘဝလေးရှိနေခြင်းက သင့်ဘဝကို စိုပြေစေပါလိမ့်မယ်။
၃) ချစ်တဲ့သူနဲ့ ခရီးသွားပါ။
အသက် ၄၀မတိုင်မီမှာ အလုပ်တွေ၊ ငွေကြေးတွေ၊ တာဝန်တွေအားလုံးကို အသည်းအသန်ကြိုးစားထားပြီး အသက် ၄၀နောက်ပိုင်းမှာတော့ သင်ချစ်တဲ့သူနဲ့ အချိန်ဖြုန်းဖို့ စဉ်းစားပါ။ သင့်ဘဝတစ်ဝက်အထိ သာအတူ၊ နာအတူလက်တွဲခဲ့တဲ့ချစ်သူနဲ့ ဘဝကို သာယာပျော်ရွှင်စွာ ဖြတ်သန်းသင့်တဲ့အချိန်မို့ အတူခရီးတွေသွားဖို့ ပြင်ဆင်ပါ။(ငွေကြေးစုဆောင်းထားတာမျိုး၊ အလုပ်ကိစ္စတွေ၊ တာဝန်တွေကို လျော့ချပစ်လိုက်တာမျိုးပေါ့)
၄) ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်သင့်ပါပြီ။
အသက် ၄၀မတိုင်မီမှာ ကိုယ့်အတွက် ရှေ့ဆက်မယ့် လုပ်ငန်း plan တစ်ခုခုကို စတင် အကောင်အထည်ဖော်ထားသင့်ပါတယ်။ အသက် ၄၀မတိုင်မီ စတင်အရှိန်ယူထားမှသာ အသက် ၄၀နောက်ပိုင်းမှာ သင်က ဦးဆောင် စီမံခန့်ခွဲပြီး လုပ်ငန်းကလည်ပတ်နိုင်မှာပါ။ (အသက် ၄၀မတိုင်မီမှာ ကိုယ်စတင်မယ့်လုပ်ငန်းရဲ့သဘောတရားနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ ရသင့်သလောက်ရအောင် ကြိုးစားထားသင့်ပါတယ်) သူများအတွက် အလုပ်လုပ်ပေးတာမျိုးထက် ကိုယ့်ကိုကိုယ်အတွက် အလုပ်လုပ်သင့်နေပါပြီ။
၅) ကိုယ့်ကိုကိုယ်အတွက်အချိန်ပေးပါ။
သင့်ကိုသင်အချိန်ပေးသင့်ပါတယ်။ သင့်ဘဝတစ်လျှောက်လုံးမှာ အပြင်းအထန်ကြိုးစားခဲ့ပြီးပြီမဟုတ်လား။ အဲဒီ့တော့ သင့်နှစ်သက်တဲ့ဝါသနာ၊ အလေ့အကျင့်တစ်ခုခုအတွက် သင့်ကိုသင်အချိန်ပေးတာမျိုးလုပ်ပါ။ သင်က သင်ခံစားခဲ့ရတဲ့ ဘဝရဲ့အတွေ့အကြုံလေးတွေအကြောင်း စာရေးချင်တယ်ဆိုရင် ထွက်ပေါက်တစ်ခုအနေနဲ့ ချရေးတာမျိုး၊ ဒါမှမဟုတ် ဒိုင်ယာရီပြန်ရေးတာမျိုး၊ သင်ချစ်တဲ့အလုပ်တစ်ခုခုအတွက် အချိန်လေးပေးပြီး လုပ်နေပါ။ သင့်ကိုသင်ပြန်ချစ်ခင်သင့်တဲ့အချိန်ပါပဲ။
၆) အားကစားလိုက်စားသင့်ပါပြီ။
အားကစားကတော့ အရွယ်မရွေးလိုက်စားသင့်တာပါ။ ဒါပေမယ့် တော်တော်များများက ငယ်တုန်းက ကျောင်းကိစ္စ၊ အလုပ်ခွင်ဝင်တော့ အလုပ်ကိစ္စ၊ သင်တန်းကိစ္စ၊ အိမ်တွင်းရေးကိစ္စ စသည်ဖြင့် တကူးတက အားကစားလိုက်စားခဲ့သူ ရှားတတ်ပါတယ်။ အဲလိုမျိုး အားကစားမလိုက်စားခဲ့ဘူးဆိုရင်တော့ ခုချိန်မှာ အားကစားလိုက်စားတာမျိုး ပြန်လုပ်သင့်နေပါပြီ။ အပြင်းအထန်ကြီးမဟုတ်ရင်တောင် ဆောင်းတွင်းမှာ မနက်ခင်းစောစော လမ်းထလျှောက်တာမျိုးလောက်တော့ ပုံမှန်လုပ်သင့်ပါပြီ။
၇) ပရဟိတ လုပ်ဖို့ အချိန်ပေးပါ။
ပရဟိတလုပ်ခြင်းကလည်း အရွယ်မရွေးလုပ်သင့်တာပါပဲ။ ဒါပေမယ့် ငယ်တုန်းမှာ အထက်ကပြောခဲ့သလိုပဲ အကြောင်းအရာပေါင်းများစွာနဲ့ မလုပ်ဖြစ်ခဲ့သည်ရှိသော ခုချိန်မှာလုပ်ဖို့တွေးပါ။ ဘာလို့လဲဆိုတော့ ပရဟိတလုပ်ခြင်းက (လိုအပ်နေတဲ့သူများထံ လိုအပ်သလိုကူညီပေးလိုက်ရခြင်းက) အခြားသူများကိုပျော်ရွှင်စေသလို၊ သင့်ကိုလည်း ပျော်ရွှင်စေ၊ ပီတိဖြစ်စေပါတယ်။ အဲဒါအပြင် သင်တောင်ကျန်းမာရေးနဲ့ညီညွှတ်နိုင်ပါသေးတယ်။ သင့်ဘဝကိုလည်း ပိုပြီးအဓိပါ္ပယ်ရှိလာသလို ခံစားလာရစေပါတယ်။

ကဲအထက်ပါအချက်လေးတွေကတော့ အက်မင်လုပ်သင့်တယ်၊ လုပ်မယ်လို့ တွေးထားတဲ့အချက်လေးတွေပါပဲ။ စာဖတ်သူတို့လည်း အသက် ၄၀ အရွယ်မှာ လုပ်သင့်တယ်လို့ ထင်တဲ့အချက်လေးတွေရှိရင် မန့်သွားကြပါအုံး။ အခြားသူများကိုလည်း ဖလှယ်ကြရအောင်ပါ။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။