အိမ်ထောင်ရေးဖောက်ပြန်ရသည့်အခြေခံအကြောင်းရင်းများ

အိမ်ထောင်ရေးဖောက်ပြန်ခြင်းက အဆိုးဝါးဆုံးဖြစ်ရပ်တစ်ခုထဲက တစ်ခုပါပဲ။ ကိုယ့်ကျင့်တရားဖောက်ပြန်ခြင်းတွေထဲက တစ်ချက်လည်း ဖြစ်ပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်ခြင်းကြောင့် မိသားစုဘဝပြိုကွဲရသလို သားသမီးရှိနေခဲ့ရင်လည်း သားသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာအရ နာကျင်ကြေကွဲရတတ်ပါတယ်။ ဖောက်ပြန်ခံရသူအနေနဲ့လည်း ရင်ထဲမှာ နာကျင်မှုခံစားရမှာဖြစ်သလို အရှက်ရခြင်း၊ ဆောက်တည်မရခြင်း၊ စတာတွေခံစားရမှာပါ။ ဖောက်ပြန်သူဘက်ကကြည့်ပြန်တော့လည်း ဘယ်လိုအကြောင်းပြချက်တွေရှိနေမလဲ၊ တဏှာရာဂသက်သက်အတွက်ဖောက်ပြန်ခြင်းမျိုးလား….။ အခြားသော လူမှုရေး၊ စီးပွားရေး၊ အလုပ်အကိုင်၊ ငွေကြေးအခြေအနေတွေကြောင့်များဆိုတာလည်း ကျွန်တော်တို့မသိနိုင်ပါဘူး။ ဒါပေမယ့် အိမ်ထောင်ရေးတစ်ခုမှာ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ မဖောက်ပြန်ဖို့ သေချာစောင့်ထိန်းတာသာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့တခဏစိတ်အလိုလိုက်တဲ့စိတ်ကြောင့် ခံစားရမယ့်သူတွေက တစ်ယောက်မကပါဘူး။ မိသားစုနှစ်စုစာဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် အိမ်ထောင်ရေးဖောက်ပြန်မှုဖြစ်ရတဲ့ အခြေခံအကြောင်းရင်းအချို့ကို စဉ်းစားပြီးရေးသားဖော်ပြပေးလိုက်ပါတယ်။


၁) ငွေကြေးလိုအပ်ချက်ရှိခြင်း
အဓိကလိုအပ်ချက်ကတော့ ငွေကြေးဆိုင်ရာအရ လိုအပ်ချက်မပြည့်ဝခြင်းကလည်း အိမ်ထောင်ရေးဖောက်ပြန်ရတဲ့အကြောင်းရင်းတွေထဲက တချက်ဖြစ်နေတတ်ပါတယ်။ အိမ်ထောင်ရှင်အမျိုးသမီးတွေက ဝင်ငွေမရှိတာမျိုး၊ အမျိုးသားကိုသာ အဓိက မှီခိုရတဲ့အခါမျိုးမှာ အမျိုးသားရဲ့ဝင်ငွေကို လောက်ငအောင် အိမ်စရိတ်မှာအသုံးချရပါတယ်။ အဲဒီ့လိုအခါမျိုးမှာ ပုံမုန်ဝင်ငွေထက် အိမ်ရဲ့ထွက်ငွေကများနေတာမျိုးဖြစ်နေတဲ့အခါ ငွေကြေးလိုအပ်ချက်တွေ များလာနိုင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ အခြားသော အမျိုးသားတစ်ယောက်က ကူညီဖြေရှင်းပေးတာမျိုး၊ ဒါမှမဟုတ် အခြားသော အမျိုးသားတစ်ယောက်ရဲ့ဖေးမကူညီခြင်းကို သာယာသွားတာမျိုး။ အခြားသော အမျိုးသားတစ်ယောက်က ကိုယ့်ရဲ့အမျိုးသားထက် ဝင်ငွေပိုကောင်းနေတာကို အထင်ကြီးမိသွားတာမျိုးတွေကြောင့် တဖက်လူကလည်း ကိုယ်ကျင့်တရားအားနည်းတဲ့သူဖြစ်နေတာမျိုးမှာ ချိတ်ချိတ်ခြင်း ချိတ်မိသွားတာမျိုးကို အများဆုံးတွေ့ရတတ်ပါတယ်။

၂) အိမ်ထောင်ဖက်ကောင်းမဟုတ်ခြင်း
ပြောချင်တာက အိမ်ထောင်ပြုတယ်ဆိုတာက အပြန်အလှန်အမှီသဟဲပြုရင်း ဘဝကို အဆုံးထိ အတူလျှောက်လှမ်းကြတာဖြစ်ပါတယ်။ ကိုယ်နဲ့အတူ ဘဝကိုအဆုံးထိလျှောက်လှမ်းမယ့်အဖော်က အဖော်ကောင်းတစ်ယောက်အဖြစ် တိုင်ပင်သင့်တာတိုင်ပင်လို့ရမယ်၊ ဆွေးနွေးသင့်တာဆွေးနွေးအကြံပေးနိုင်ရမယ်၊ ပြဿနာကို အတူဖြေရှင်းကြမယ်၊ တစ်ယောက် အခက်ကြုံနေချိန်မှာ နောက်တစ်ယောက်က အဖြေအသင့်ရှာပေးထားတာမျိုးဖြစ်နေသင့်ပါတယ်။ အိမ်ထောင်ဖက်ကောင်းမဟုတ်သူတစ်ယောက်က တစ်ယောက်အခက်ကြုံ ဒုက္ခရောက်နေချိန်မှာ ဘာမှမကူညီနိုင်တာမျိုးဖြစ်နေမယ်ဆိုရင် တခါနှစ်ခါမသိသာပေမယ့် အခက်အခဲကြုံတိုင်း ကိုယ့်အိမ်ထောင်ဖက်ကမဖြေရှင်းပေးနိုင်တဲ့အခါမှာ ထိုအိမ်ထောင်ဖက်ကို စိတ်ပျက်လာနိုင်ပါတယ်။ စိတ်ပျက်ခြင်းများလာတဲ့အခါ ချစ်ခဲ့ဖူးတဲ့အချစ်တွေလည်း လေထဲလွှင့်သလို ပျောက်သွားစေပါတယ်။ အဲဒီ့အချိန်မှာ အခြားသော လူတစ်ယောက်ရဲ့အကူအညီကို ယူမိတာမျိုး၊ အခြားသော လူတစ်ယောက်က ကိုယ့်အိမ်ထောင်ဖက်ဖြေရှင်းရမယ့်ပြဿနာကို ကူညီဖြေရှင်းပေးသွားတာမျိုး အခါများလာတဲ့အခါ အိမ်ထောင်ဖက်နေရာမှာ ထိုလူကို အထင်ကြီးစိတ်အားသာလာနိုင်ပါတယ်။ အားကိုးတကြီးဖြစ်လာနိုင်ပါတယ်။ စိတ်ယိုင်လာနိုင်ပါတယ်။ အဲဒါကြောင့် အိမ်ထောင်ဖက်ကောင်းမဖြစ်တဲ့အိမ်ထောင်ဖက်မျိုးကြောင့်လည်း မဖြစ်သင့်တဲအိမ်ထောင်ရေးဖောက်ပြန်မှုမျိုးဖြစ်လာနိုင်ပါတယ်။

၃) အစွမ်းအစမရှိခြင်း
လူတိုင်းမှာ တန်ဖိုးတစ်ခုစီရှိပါတယ်။ အဲဒီ့တန်ဖိုးကို သိပြီး ထိုတန်ဖိုးကို အရောင်တောက်လာအောင် ကြိုးစားခြင်းက ထိုလူရဲ့စွမ်းရည်ဖြစ်လာစေပါတယ်။ ဒါပေမယ့် တချို့လူတွေကတော့ အဲဒါကို သဘောမပေါက်တတ်ပါဘူး။ အဲဒီအခါ ရှိပြီးသားတန်ဖိုးကို ပိုပြီးတောက်ပလာအောင် မသွေးနိုင်တော့ပါဘူး။ အဲဒီလိုနဲ့ တန်ဖိုးက အရောင်မှိန်သထက်မှိန်လာပြီး လူပျင်းလူဖျင်းဖြစ်လာပါတော့တယ်။ အဲဒီလို လူမျိုးကို လက်ထပ်ပြီးတဲ့နောက်ပြုပြင်မှာပဲလို့ အတွေးရောက်ပြီး လက်ထပ်မိတဲ့အခါမျိုးမှာ အိမ်ထောင်ရေးသာယာမှုဖြစ်နိုင်မှာမဟုတ်တော့ပါဘူး။ လက်ထပ်ပြီးအချိန်အတန်ကြာတဲ့အထိ ကိုယ့်တန်ဖိုးကိုယ်မသိ၊ ကိုယ်အရည်အချင်းကို တိုးတက်အောင်မကြိုးစားချင်တဲ့အိမ်ထောင်ဖက်ကို ငတုံးငအ၊ ရိုးအလွန်းတယ်ရယ်လို့ စိတ်မျိုးဖြစ်လာတဲ့အခါမှာ အခြားထက်မြက်သူတစ်ယောက်ကို မြင်လာတတ်ပါတယ်။ အိမ်ထောင်ရေးတစ်ခုမှာ တက်ညီလက်ညီဖြစ်ဖို့လည်းလိုအပ်ပါသေးတယ်။ တစ်ယောက်က ထက်မြက်လွန်းပြီး နောက်တစ်ယောက်က တုံးအလွန်းတဲ့အခါ တုံးအတဲ့သူက ချောင်ထဲမှာကျန်နေခဲ့တာမျိုးဖြစ်လာပါတယ်။ အဲဒါကြောင့်အတူတကွထက်မြက်လာပါစေ၊ တစ်ယောက်က အစွမ်းအစတိုးတက်လာချိန်မှာ အခြားတစ်ယောက်ကလည်း အတူ တိုးတက်လာအောင် ကြိုးစားသင့်ပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ ထက်မြက်သူက သူ့ရဲ့ဘေးပတ်ဝန်းကျင်က အသိုင်းအဝန်းထဲမှာ ထက်မြက်သူတွေကို မျက်စိကျလာတာမျိုးကနေ အိမ်ထောင်ရေးဖောက်ပြန်မှုထိဖြစ်လာနိုင်ပါတယ်။

၄) မဦးဆောင်နိုင်ခြင်း
အိမ်ထောင်တစ်ခုမှာ မှန်ကန်စွာနဲ့ ရှေ့ဆောင်နိုင်တဲ့အိမ်ထောင်ဦးစီးကို မှီခိုရသူအမျိုးသမီးက အားကိုးတတ်ပါတယ်။ ဒါပေမယ့်အိမ်ထောင်ဦးစီးတစ်ယောက်ကပါ မိသားစုမှာ အားမကိုးရ၊ မှန်စွာဦးမဆောင်နိုင်ဘူးဆိုရင်တော့ တစ်အိမ်လုံးက အားကိုးမဲ့သွားတတ်ပါတယ်။ အဲဒါကြောင့် အိမ်ထောင်ဦးစီးတစ်ယောက်က ဦးဆောင်နိုင်ဖို့လိုပါတယ်။ ပတ်ဝန်းကျင်မှာတွေ့လေ့ရှိတာက မဦးဆောင်နိုင်၊ အားမကိုးရတဲ့အိမ်ထောင်ဦးစီးကြောင့် အမျိုးသမီးဖြစ်သူက အားကိုးရှာရာကနေ အိမ်ထောင်ရေးဖောက်ပြန်သွားတာမျိုး မဦးဆောင်နိုင်တဲ့အိမ်ထောင်ဦးစီးကြောင့်အမျိုးသမီးက ဦးဆောင်ရင်း ယေကျာ်းမာန၊ အတ္တအရ ရှေ့ကနေဦးဆောင်နေသူအမျိုးသမီးကို စိတ်ပျက်ပြီး ရှေ့မဆောင်နိုင်တဲ့အမျိုးသမီးတစ်ယောက် တနည်းအားဖြင့် ယေကျာ်းအတ္တကိုရှင်သန်ခွင့်ပေးတဲ့အမျိုးသမီးမျိုးကို သာယာသွားပြီး အိမ်ထောင်ရေးဖောက်ပြန်ခြင်း စတဲ့ကိစ္စမျိုးတွေအဖြစ်များပါတယ်။

၅) အချင်းချင်းစိတ်ပျက်လာခြင်း
တဏှာနဲ့မေတ္တာကို မခွဲခြားနိုင်ဘဲ စောစီးစွာအိမ်ထောင်ကျတတ်သူတို့မှာ အတွေ့များပါတယ်။ အခြေအနေတစ်ခုကြောင့် မဖြေမနေ လက်ထပ်လိုက်ရတဲ့အိမ်ထောင်ရေးမှာ အချိန်တန်လို့ အချစ်မှေးမှိန်လာချိန်မှာ တစ်ယောက်ကိုတစ်ယောက်စိတ်ပျက်လာစေပါတယ်။ အချင်းချင်းစိတ်ပျက်လာမှုက အပြင်မှာ သာယာမှုအသစ်ကိုရှာဖို့တွန်းအားပေးပါတယ်။ စပြီး အသစ်ရှာသူက စပြီးဖောက်ပြန်သူဖြစ်လာတော့တာပါပဲ။

၆) ဘာသာရေးအသိအားနည်းခြင်း
ဘာသာရေးအားနည်းတတ်သူက အိမ်ထောင်ရေးမှာဖြစ်လာသမျှကို တည်ငြိမ်စွာမထိန်းချုပ်နိုင်ပါဘူး။ စိတ်မတည်ငြိမ်ဘဲ တွေ့ရာမြင်ရာကို တွယ်ငြိလွယ်ပါတယ်။ ဘာသာရေးအသိမရှိသူက တဏှာရာဂကိုလည်း ထိန်းချုပ်နိုင်စွမ်းအားနည်းပါတယ်။ အဲဒီ့အခါမျိုးမှာ လူတစ်ယောက်အနေနဲ့ စောင့်ထိန်းသင့်တာ၊ ကိုယ့်ကျင့်တရားကို ဘာသာရေးအရထိန်းဖို့ အားနည်းပါတယ်။ ကံငါးပါးကို ချိုးဖျက်ဖို့လည်း လွယ်သွားစေပါတယ်။ ပြောချင်တာက ကိုယ့်ရဲကဖောက်လွဲဖောက်ပြန်ဖြစ်တတ်တဲ့စိတ်ကို ဘာသာရေးအသိနဲ့မထိန်းချုပ်နိင်ပါဘူး။
တကယ်တော့ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့အတူ ဒိုးတူဘောင်ဖက်ပျော်တဲ့အခါအတူပျော်လို့၊ ငိုတဲ့အခါ တစ်ယောက်ကိုတစ်ယောက်ဖေးမနှစ်သိမ်းပေးပြီး ဘဝအဆုံးထိ ရှေ့ဆက်သွားနိုင်ခြင်းက အိမ်ထောင်ဖက်ကောင်းဖြစ်ပါတယ်။ ဒါပေမယ့် ဘဝအဆုံးထိမရောက်ခင် လမ်းတစ်ဝက်မှာတင် ကြုံလာသမျှ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ နာကျင်စရာတွေကို နှစ်ယောက်အတူတူ ကိုယ့်တာဝန်ကိုယ်ယူရမှာဖြစ်ပါတယ်။ အမျိုးသားကလည်း အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်ဖို့၊ သားသမီးတွေအတွက် အမှန်တကယ်အားကိုးရတဲ့ အမှန်တရားတန်ဖိုးထားသူ ဖခင်ကောင်းဖြစ်ဖို့၊ အမျိုးသမီးကလည်း အိမ်ထောင်ဖက်ကောင်းဖြစ်ဖို့၊ သားသမီးတွေကို မှန်ကန်စွာ ပြုစုပျိုးထောင်တတ်တဲ့ အမြော်အမြင်ရှိတဲ့မိခင်ကောင်းဖြစ်ဖို့ နှစ်ဦးနှစ်ဖက်တာဝန်ကျေဖို့လိုပါတယ်။ အဲဒီလို ကိုယ့်တာဝန်ကိုယ်မကျေနိုင်တဲ့အခါမှာ မဖြစ်သင့်တာတွေကို အလိုလိုက်မိတာမျိုး၊ အလိုမလိုက်မိပေမယ့် အလွယ်နည်းနဲ့ဖြေရှင်းလိုက်တာမျိုးတွေဖြစ်လာပါတော့တယ်။ အဲဒါကြောင့် အိမ်ထောင်ရေးဖောက်ပြန်မှုဖြစ်နိုင်တဲ့ အခြေခံအကြောင်းတရားတွေကို မှတ်သားထားပြီး ကိုယ့်တာဝန်ကိုယ်အသီးသီးကျေပွန်ဖို့ ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။