အောင်မြင်ဖို့အတွက် PMPT

ဘဝမှာ ဘာပဲလုပ်လုပ် အောင်မြင်ချင်ရင် အဓိက (၄) ချက် လိုပါတယ်


အောင်မြင်မှုမှာ ဖော်မြူလာရှိပါတယ်။

ငယ်ငယ်က ကျွန်တော်တို့အိမ်နားမှာ စာအုပ်ငှားဆိုင်လေး တစ်ဆိုင်ရှိတယ်။ ဆိုင်နာမည်ကို အခုထိ မှတ်မိပါသေးတယ်၊ "စိန်ရွှေဖြိုး" တဲ့။ နွေရာသီ ကျောင်းပိတ်ရက်တွေဆို စာအုပ်တွေ ပုံမှန် ငှားဖတ်ဖြစ်တယ်။ သမိန်ပေါသွပ်၊ မြိုင်ရာဇာတွတ်ပီကစလို့ မင်းသိင်္ခစာအုပ်တွေ၊ တရုတ် သိုင်းဝတ္ထုတွေ အစုံပဲပေါ့။ အဲ့တုန်းက အခုခေတ်လို ဖုန်းတွေ၊ အင်တာနက်တွေလည်း မပေါ်သေးဘူးကိုး။

အဲ့လို စာအုပ်ငှားဆိုင်သွားရင်းနဲ့ ရွယ်တူကလေးတွေ စက်ဘီးစီးနေတာကို တွေ့ရပါများတော့ ကလေးတို့ ဘာသာဘာဝ ကျွန်တော်လည်း အားကျတာပေါ့လေ။ 🚴ငါလည်း စက်ဘီးလေးစီးပြီး စာအုပ်သွားငှားရင် တော်တော် အထာကျမှာပဲပေါ့ စိတ်ကူးယဥ်တာ။ အဲ့တာနဲ့ အိမ်ကို စက်ဘီးစီးသင်ပေးဖို့ ပူဆာပါတယ်။ ကံကောင်းချင်တော့ အိမ်မှာ ခေတ်ဟောင်း စက်ဘီးလေးတစ်စီးကလည်း အသင့်ရှိနေတယ်ဗျ။

ဒီလိုနဲ့ ကျွန်တော့်ကို အဖေက စက်ဘီးစီး စသင်ပေးပါတယ်။ ညနေဖက်တွေဆို အိမ်ရှေ့လမ်းပေါ်မှာ သားအဖနှစ်ယောက် စက်ဘီးတစ်စီးနဲ့ အလုပ်ရှုပ်ကြပြီ။ စစချင်းတော့ ဟန်ချက်ညီအောင်ကို မနည်းထိန်းရတယ်။ နင်းတာနဲ့ကို မှောက်တာပဲ။ လဲတာများလာတော့ အထာနပ်သွားတယ်။ နောက် မသင်ခင် တံတောင်ဆစ်ကာတို့ ဒူးခေါင်းကာတို့ ဝတ်ပြီးမှ စက်ဘီးပေါ်တက်တော့တယ်။

ဒါတွေ ဝတ်ထားလည်း လဲရင်တော့ နာသေးတာပဲနော်။ တချို့ အမာရွတ်တွေဆို အခုထိတောင် ရှိပါသေးတယ်၊ သေရာပါပဲ။ ဒါပေမဲ့ ကျွန်တော်ကလည်း အရမ်း စီးတတ်ချင်နေတာကိုး။ အဲ့တာနဲ့ မှောက်ရင်မှောက်ပါစေ၊ နင်းတာပဲ။ ဒီလိုကနေ စက်ဘီးစီးတတ်သွားခဲ့ပါတယ်။

ဆိုတော့ အောင်မြင်မှုကလည်း ဒီသဘောတရားနဲ့ ဆင်တယ်ဗျ။ ဘဝမှာ ဘာပဲလုပ်လုပ် အောင်မြင်ချင်ရင် အဓိက (၄) ချက် လိုပါတယ်။ အဲ့တာဘာတွေလဲဆိုတော့ ...

1️⃣ Purpose လို့ခေါ်တဲ့ ရည်ရွယ်ချက်ပါ။ ပန်းတိုင်တစ်ခုတော့ တိတိကျကျ ရှိိဖို့ လိုတယ်။ ပြီးတော့ သူများ ချမှတ်ပေးတာ မဖြစ်ရဘူး၊ ကိုယ်တိုင် လိုလိုချင်ချင်ရှိတာမျိုး ဖြစ်ရမယ်။ စာအုပ်ငှားဆိုင်ကို စက်ဘီးနဲ့သွားချင်တာက ကျွန်တော့် ရည်ရွယ်ချက်ပေါ့။

2️⃣ Motivation လို့ခေါ်တဲ့ ထက်သန်မှုပါ။ ကိုယ့်ကိုယ်ကိုယ် ပေးဖို့လိုသလို၊ ပြင်ပကလည်း ရနိုင်ပါတယ်။ စက်ဘီးစီးသင်တဲ့ ဥပမာကိုပဲ ကြည့်ပါ။ ကျွန်တော် စက်ဘီးစီးတတ်သွားတာ ကိုယ်တိုင် စိတ်အားထက်သန်သလို ဘေးကနေ လိုက်ထိန်းကျောင်းပေးတဲ့ အဖေ့ရဲ့ အားပေးမှုလည်း ပါတာပေါ့။

3️⃣ Preparation လို့ခေါ်တဲ့ ပြင်ဆင်မှုပါ။ ဘာပဲလုပ်လုပ် အကောင်းဆုံး ပြင်ဆင်ထားတဲ့ အလေ့အကျင့်ရှိဖို့ လိုပါတယ်။ စက်ဘီးစီးသင်တုန်းက အကာအကွယ်တွေ ဝတ်တာနဲ့ တူတူပဲ။ မှောက်မကျတော့အောင် မဟုတ်ဘူး၊ မှောက်တယ်။ ဒါပေမဲ့ လဲကျရင် အရမ်းအထိ မနာဖို့၊ ပြန်ထနိုင်ဖို့ပါ။

4️⃣ Tenacity လို့ခေါ်တဲ့ ဇွဲရှိဖို့ပါ။ ဘယ်အရာမဆို ချက်ချင်းလုပ်၊ ချက်ချင်း အောင်မြင်တယ်ဆိုတာ မရှိိသလောက် ရှားပါတယ်။ 99.99% လောက်က အချိန်လိုပါတယ်။ ကျွန်တော်သာ မှောက်မှာ၊ အသားနာမှာ ကြောက်နေခဲ့ရင် စက်ဘီးစီးတတ်သွားမှာ မဟုတ်ပါဘူး။ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတာ သဘာဝပါပဲ။

ဒါတွေအပြင် လက်တွေ့ဘဝမှာ အောင်မြင်မှုက Luck (ကံတရား) နဲ့ External Factors (ပြင်ပအကြောင်းတရား) တွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။ ဒါပေမဲ့ အဲ့တာတွေက ကိုယ်ထိန်းချုပ်လို့ရတာ မဟုတ်ဘူးလေ။

ကိုယ်လုပ်နိုင်တာက ရည်ရွယ်ချက်ရှိဖို့၊ ထက်သန်မှုရှိိဖို့၊ ပြင်ဆင်မှုရှိဖို့၊ ဇွဲရှိဖို့ ဆိုတဲ့ အချက်တွေနဲ့ ကိုယ့်မှာ ပြည့်စုံနေအောင် ကြိုးစားဖို့ပါပဲ။

ကျွန်တော်ကတော့ ဒီဖော်မြူလာကို PMPT လို့ အလွယ်မှတ်ထားပါတယ်။ စာဖတ်ပရိတ်သတ်တွေအတွက်လည်း အသုံးဝင် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ 💛

#BAWA101 #SuccessFormual #LifeTips #Motivation

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။