ယုံကြည်ထိုက်တဲ့လူဖြစ်ဖို့ ဘယ်လိုပြုမူနေထိုင်သင့်သလဲ။

သင့်ကို သင့်ပတ်ဝန်းကျင်ကလူတွေက ယုံကြည်မှုတိုးစေချင်တယ်ဆိုရင် သင့်ရဲ့အနေအထိုင်၊ အပြုအမူ၊ အပြောအဆို နဲ့ သင့်ရဲ့ဝတ်စားဆင်ယင်မှု စတာတွေကို ပြင်ဆင်ရပါလိမ့်မယ်။ အပေါ်ယံဝတ်စားဆင်ယင်မှုကိုပဲ ပြင်ဆင်ထားပြီး သင့်ရဲ့အကျင့်စရိုက်ကလည်း အပြောတမျိုးအလုပ်တစ်မျိုးဖြစ်နေပြန်ရင် သင့်ကို ခဏတာပဲယုံကြည်ကြမှာပါ။ အဲဒီလိုမဟုတ်ဘဲ အပေါ်ယံဝတ်စားဆင်ယင်မှုကအရေးမကြီးဘူးလို့ သတ်မှတ်လို့လည်းမရပြန်ပါဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက်အတွက ပထမဆုံးအမြင်က ဝတ်စားဆင်ယင်မှုဖြစ်နေလို့ပါပဲ။ အဲဒါကြောင့် သင့်ပတ်ဝန်းကျင်ကလူတွေ သင့်အပေါ်ယုံကြည်မှုတိုးစေဖို့ ဘယ်လိုလုပ်သင့်သလဲဆိုတာဖတ်ကြည့်လိုက်ပါအုံး။


၁) သန့်ရှင်းသပ်ရပ်တဲ့အပြင်အဆင်ဖြစ်ဖို့ သတိထားပါ။
လူတစ်ယောက်ကို ပထမဆုံးမြင်လိုက်တာက ထိုလူရဲ့အဝတ်အစားနဲ့အပြင်အဆင်၊ သန့်ရှင်းမှုတွေပါပဲ။ အဲဒါက အရေးမပါဘူးလို့ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ပထမဆုံးအမြင်မှာတင် သင့်ကိုအထင်မကြီးရင်နေပါစေ၊ အထင်မသေးသွားဖို့လိုပါတယ်။ အဲဒါကြောင့် brand တွေဝတ်စားမှမဟုတ်ပါဘူး။ ရှိတာလေးကို သပ်ရပ်သန့်ရှင်းအောင် ကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်မှုရှိပြီး အခြားသူလည်း ကိုယ့်ကိုယ်ယုံကြည်မှုရှိစေမယ့် သပ်ရပ်တဲ့အပြင်အဆင်မျိုးဖြစ်ပါစေ။

၂) ကိုယ်လုပ်နိုင်တာကိုသာပြောပါ။
ပထမဆုံးအပြင်အဆင်ပြီးရင် ရေရှည်ပေါင်းသင်းကြည့်တဲ့အခါမှာတော့ သိလာရမှာ အကျင့်စရိုက်ပါပဲ။ ထိုထဲကမှ ကိုယ်ပြောထားတဲ့စကားအတိုင်း ဖြစ်အောင်လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းက လူတစ်ယောက်ကို ယုံကြည်ခြင်းမယုံကြည်ခြင်းကိုဖြစ်ပေါ်စေတာပါ။ စကားတွေဖောင်းပွအောင်ပြောပြီး မေ့လျော့တာ၊ ဖြစ်အောင်မလုပ်ဆောင်နိုင်တာမျိုးတွေက လူတစ်ယောက်ကို ယုံကြည်မှုလျှော့စေပါတယ်။ တစ်ကြိမ်တစ်ခါ အကြောင်းတိုက်ဆိုင်လို့မဖြစ်လာတာမျိုးက နားလည်လို့ရပေမယ့် အခါခါဖြစ်လာတဲ့အခါဆိုရင်တော့ သင့်ကို ဘယ်သူကမှယုံကြည်မှုရှိတော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ်လုပ်နိုင်တာကိုသာပြောပါ။ “ဒီအလုပ်ကတော့ ကိုယ်တကယ်လုပ်နိုင်တယ်၊ ဒီအလုပ်ကတော့ ကိုယ်မတတ်နိုင်ပါဘူး” ဆိုတာမျိုး ပွင့်လင်းစွာ ပြောပြတာမျိုးပေါ့။ စကားဆိုတာပြောပြီးတာနဲ့ ပြီးသွားတယ်ဆိုပေမယ့် မဖြစ်လာရင် သင်ပြောထားတဲ့စကားသာ အဖတ်တင်နေတတ်ပါတယ်။

၃) စကားကြီးစကားကျယ်မပြောမိပါစေနဲ့။
စကားကြီးစကားကျယ်ဆိုတာက ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြောတာမျိုးကို ပြောချင်တာပါ။ စာကြီးပေကြီးတွေဖတ်ပြီး စာအုပ်ထဲကစာတွေအတိုင်းနေထိုင်ပြုမူပြောဆိုတာမျိုးက လက်ခံလိုရပေမယ့် တစိတ်ကို တစ်အိတ်လုပ်ပြောတာမျိုးကတော့ တကယ့်လက်တွေ့မှာ ခြားနားမှုရှိနေတာကြောင့် ဘယ်သူကမှလက်ခံမှာမဟုတ်ပါဘူး။ အချိန်တန် အမှန်ပေါ်လာတဲ့အခါ
သင်သာလေပေါကြီးဖြစ်သွားမှာပါ။ အဲဒီ့အကျင့်ကလည်း သင့်ကိုလူတွေ စိတ်ပျက်အထင်သေးစေပါတယ်။

၄) ကတိတည်ပါစေ။
များသောအားဖြင့် ကတိမတည်တတ်သူတွေကို အကြောင်းသိသွားတဲ့အခါမှာတော့ လူတွေတဖြည်းဖြည်း ယုံကြည်မှုလျော့လာပါတယ်။ “ဒီနေ့ ဒါကို မဖြစ်ဖြစ်အောင်လုပ်ပေးပါ့မယ်” “ဘယ်နေ့ဘယ်ရက်မှာတော့ သေချာဖြစ်စေရမယ်” ဆိုပြီးကတိခံထားပြီးမှ အခါခါ မဖြစ်မြောက်ရင် ကတိပေးထားတဲ့သူကို တကယ်မလုပ်နိုင်တဲ့လူအဖြစ်သာ မြင်လာစေပါတယ်။ အဲဒါကြောင့် ကိုယ်မတည်နိုင်တဲ့ကတိကိုမပေးပါနဲ့။ ကတိပေးပြီးရင်လည်း တကယ်တည်ပါစေ။ အဲဒါက သင့်ကို အခြားသူတွေက ယုံကြည်လာစေပါတယ်။

၅) ကိုယ်ကျင့်တရားကိုစောင့်ထိန်းပါ။
အဓိကကတော့ ကိုယ်ကျင့်တရားကောင်းခြင်းပါပဲ။ ကိုယ်ကျင့်တရားကောင်းတဲ့သူဟာ မျက်မြင်ရော၊ မျက်ကွယ်မှာပါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေသလို၊ အကြောင်းသိလာတဲ့အခါ အခြားသူတွေကပါ ယုံကြည်စေပါတယ်။ ဥပမာ။ အခြားသူရဲ့ငွေကို အလကားမလိုချင်တာမျိုး၊ ငွေကြေးနဲ့ပတ်သက်ရင် ယုံကြည်စိတ်ချရတာမျိုး၊ လူမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ ခိုးဝှက်တတ်တဲ့အကျင့်မရှိတာမျိုး စသဖြင့်ပေါ့။ ကိုယ်ကျင့်တရားခိုင်မာစွာတည်ဆောက်တတ်သူက ဘယ်သူယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ သူ့ကိုယ်သူတော့ လိပ်ပြာလုံနေပါတယ်။ အဲဒါကြောင့်လည်း ရဲဝင့်ပါတယ်။ ကိုယ်မှန်ကန်ကြောင်းသိလာတဲ့အခါ အခြားသူတွေလည်း ကိုယ့်အပေါ်ယုံကြည်မှုတိုးလာစေပါတယ်။
သင့်ရဲ့အပေါ်ယံအပြင်အဆင်ကို လူတွေကမယုံကြည်ရင်တောင် သင်က အထက်ကလို နေထိုင်ပြုမူမယ်ဆိုရင် သင့်ကိုအကြောင်းသိသွားတဲ့အခါ ယုံကြည်စိတ်ချလာစေမှာပါ။ ဒါပေမယ့် ဘယ်သူယုံသည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ်သိနေတဲ့အသိက ပိုအရေးကြီးပါတယ်။ ကိုယ်မှန်ကန်နေတဲ့အခါ အမှန်တရားက ခေါင်းမရွေ့ပါဘူးဆိုသလိုပဲ သင့်ကိုအကြောင်းသိလာတဲ့အခါ သင့်ရဲ့မှန်ကန်မှုကို အသိအမှတ်ပြုလာကြမှာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။