အသက်ကြီးပေမယ့် အသိတရားမရင့်ကျက်လာတဲ့လူရဲ့ အကျင့်များ

အချို့သော လူတွေကြုံဖူးကြမှာပါ။ အသက်ကြီးပေမယ့် အသိတရားမရင့်ကျက်ဘူးလို့ ပြောရလောက်အောင် အသိတရားနည်းတဲ့သူမျိုးတွေပေါ့။ အဲဒီ့လိုလူမျိုးနဲ့ကြုံရတဲ့အခါ ကိုယ့်မှာ အတော်ဘေးကြပ်နံကြပ်ဖြစ်ရတတ်ပါတယ်။ အမှန်ကိုပြောပြ ထောက်ပြရင်လည်း လက်မခံသလို ၊ သူတို့ရဲ့အမှားကို မှားပါတယ်လို့ လက်မခံတတ်ပါဘူး။ ကိုယ့်ဆီက အကြံဉာဏ်ယူချင်ရင်တောင် အပေါ်စီးကနေ ခပ်ကြောကြောဆက်ဆံပြီး ကိုယ့်အိုင်ဒီယာကို သူ့အိုင်ဒီယာလုပ်သွားတတ်တာမျိုးနဲ့ ခံလိုက်ရတတ်ပါတယ်။ တခါတလေ အသက်ကြီးပြီး အသိတရားမကြီးတာမို့ ဒီက ယဉ်ကျေးမှုအရ ကိုယ်မှန်နေပေမယ့် ကိုယ့်ထက်အကြီးဖြစ်နေတာကြောင့်ငြိမ်ခံလိုက်ရတာမျိုးတွေပေါ့။


အဲဒီ့လိုအကျင့်ရှိတတ်တဲ့လူတွေရဲ့ အကျင့်တချို့ကို ဖော်ပြလိုက်ပါတယ်နော်။

၁) မမှားတတ်ဘူးလို့ထင်တယ်။
သူတို့လုပ်တာမှအမှန်လို့ တသတ်မတ်တည်းမှတ်ယူတတ်ကြပါတယ်။ သူတို့အမှားကို ထောက်ပြရင်လည်း မကြိုက်သလို၊ ¬အမှားကိုလည်း ခပ်တည်တည်နဲ့ ငြင်းတတ်ကြပါတယ်။ ပြောရရင် “ငါတို့က အတွေ့အကြုံအများကြီးရှိပြီးသားမို့ လုံးဝမမှားနိုင်ဘူး။” ရယ်လို့ တယူသန်တွေဖြစ်ပါတယ်။

၂) တောင်းပန်ရမှာအောက်ကျတယ်လို့ထင်တယ်။
သူတို့မှားတာကို တဖက်လူက သိသာအောင် သက်သေပြနိုင်ခဲ့ရင်တောင် သူတို့အမှားကို တောင်းပန်ရမှာ အောက်ကျတယ်လို့ထင်တတ်သူတွေပါ။ ဘယ်တော့မှ သူတို့မှားကြောင်း ပွင့်လင်းစွာ ပြောပြီးတောင်းပန်မှာမဟုတ်ပါဘူး။ သူတို့အမှားနေရင်တောင် ဟန်ကိုယ်ဖို့နဲ့ ခပ်တည်တည်နေမယ့်လူမျိုးတွေပါ။

၃) လူကြီး ဆိုတဲ့အတွေးနဲ့ အားလုံးကို လွှမ်းမိုးချင်တယ်။
“ငါလူကြီး….မို့ ငါတို့က အများကြီးသိတယ်” ထိုအတွေးမျိုးနဲ့ အနိုင်ယူလွှမ်းမိုးချင်သူတွေပါ။ သူတို့ပြောတာသာ နားထောင်၊ သူတို့ခိုင်းတာသာ လုပ်၊ သူတို့လုပ်သလို လိုက်မလုပ်နဲ့….ဆိုတဲ့လူမျိုးတွေပါ။ သူတို့သာ မဟုတ်တာလုပ်ရင်လုပ်မယ်၊ အခြားသူတွေကိုတော့ သူတို့လိုမဟုတ်တာမလုပ်ရဘူးဆိုတဲ့လူမျိုးတွေပေါ့။ ဘယ်လိုကိစ္စမဆို သူတို့ကအကြီးမို့ ဆိုတာနဲ့ အကုန်လုံးကို လွှမ်းမိုးချင်တဲ့စိတ်နဲ့အနိုင်ယူတတ်ပါတယ်။

၄) ကိုယ့်ရဲ့စွမ်းရည်တွေတိုးတက်ဖို့ မကြိုးစားချင်ဘူး။
သူတို့ရဲ့အမှားတွေကိုလည်း ပြင်ရမယ်လို့ ဘယ်တုန်းကမှ မတွေးတဲ့လူမျိုးပါ။ အဲဒါအပြင် သူတို့မှာလိုအပ်နေတဲ့အရည်အချင်းတွေရှိရင်လည်း ပြန်လည်သင်ယူပြီး ပြည့်ဝအောင်ကြိုးစားရမယ်လို့ ဘယ်တုန်းကမှ မတွေးသလို မကြိုးစားပါဘူး။ အဲဒါကြောင့် မှားပြီးရင်းမှားနေတဲ့သူမျိုးပေါ့။ တနည်းအားဖြင့် “နွားခြေရာခွက်ထဲက ဖားသူငယ်” လိုမျိုးပါ။ သူူတို့ရောက်နေတဲ့နေရာလေးတစ်ခုကိုပဲ ပင်လယ်ကြီးလိုထင်ပြီး လူတကာကို ဆရာလုပ်နေတဲ့လူတွေပါ။

၅) အောက်ကျို့မခံချင်ဘူး။
ကိုယ်မသိတာမတတ်တာ၊ ကိုယ်မှားနေတာမျိုး၊ ကိုယ့်ရဲ့အရည်အချင်းနဲ့ပတ်သက်ပြီး တိုးတက်ဖို့အတွက်လည်း ဟန်တလုံးနဲ့နေချင်ပြီး တခြားသူကို အောက်ကျို့ခံသင်ယူရမှာမျိုး မလုပ်ချင်သူတွေပါ။ အောက်ကျတယ်လို့ထင်တတ်သူတွေပါ။ အထူးသဖြင့် ကိုယ့်ထက်ငယ်သူ၊ ကိုယ့်ထက်အတွေ့အကြုံနည်းတယ်ထင်သူတွေကို ပိုပြီးအောက်မကျို့ချင်သူတွေပါ။ အဲဒါကြောင့် သူတို့ရဲ့အရည်အချင်းတွေလည်း မတိုးတက်နိုင်သလို၊ အမှားတွေလည်း အမှန်မဖြစ်နိုင်တော့ပါဘူး။

၆) ကိုယ်ဖြစ်ချင်တာပဲသိတယ်။
နောက်ထပ်သိသာတာတစ်ခုကတော့ မှားနေလား၊ မှန်နေလားမသိ၊ ဖြစ်နိုင်လားမဖြစ်နိုင်လား သိပ်မတွေးဘဲ သူတို့ဖြစ်ချင်တာပဲသိပါတယ်။ “ရေဘူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်” ဆိုတဲ့လူမျိုးတွေပါ။ သူတို့လိုချင်တာက မဖြစ်နိုင်ဘူးလို့လည်း အကျိုးသင့်၊ အကြောင်းသင့်ရှင်းပြလို့လည်း နားမဝင်တဲ့သူမျိုးတွေပါ။ တဖက်လူရဲ့ အခြေအနေ၊ အချိန်အခါနဲ့ တဖက်လူဘာဖြစ်နေသလဲဆိုတာမျိုးကို လုံးဝထည့်မတွေးတတ်တဲ့သူမျိုးပါ။ တကိုယ်ကောင်းဆန်တာမျိုးလည်းမဟုတ်ဘဲ သူတို့ဖြစ်ချင်တာကိုသာ သူတို့သိတဲ့လူမျိုးတွေပါပဲ။
ကဲ…..စာဖတ်သူတွေရော အဲဒီလို အသက်ကြီးပေမယ့် အသိတရားမရင့်ကျက်တဲ့ သူမျိုးတွေကို ရင်ဆိုင်ခဲ့ဖူးလား။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။