ရင့်ကျက်လာတဲ့အခါ…….

ရင့်ကျက်လာတယ်ဆိုတာ ဘယ်လိုအခြေအနေမျိုးကို ခေါ်တာလဲ။ အသက်အရွယ်ကြီးလာတိုင်း ထိုသူတစ်ယောက်က ရင့်ကျက်သွားတယ်လို့ ပြောလို့မရသလို၊ အသက်အရွယ်ငယ်နေပေမယ့် မရင့်ကျက်ဘူးလို့လည်း ပြောလို့မရပြန်ပါဘူး။ တကယ်တော့ ရင့်ကျက်တယ်ဆိုတာက အသက်အရွယ်နဲ့မသက်ဆိုင်ဘဲ ဘဝမှာ ကြုံတွေ့ခဲ့ရတာတွေ၊ နာကျင်ခဲ့ရတာတွေ၊ ခံစားခဲ့ရတာတွေကို အတွေ့အကြုံတွေအဖြစ်နဲ့ ကျင့်သားရပြီး စိတ်ရှိတိုင်း မတုံ့ပြန်တတ်တော့ဘဲ နားလည်ပေးနိုင်သွားတာလို့ ထင်ပါတယ်။ အဲဒါဆိုရင် ရင့်ကျက်သွားတဲ့လူတစ်ယောက်အနေနဲ့ ဘယ်လိုမျိုး လက္ခဏာတွေရှိလာသလဲဆိုတာ ယေဘုယျအားဖြင့် ဖော်ပြပေးလိုက်ပါတယ်။


၁) အခြားသူတွေရဲ့စကားတွေအပေါ်မှာ လိုက်မခံစားတတ်တော့ပါဘူး။
ရင့်ကျက်လာတဲ့အခါ ကိုယ့်ကိုကိုယ်သာ အဓိကဆိုတာ ပိုနားလည်လာပါလိမ့်မယ်။ အခြားသူတွေက အထင်တွေနဲ့ ဘယ်လိုပဲ မှတ်ချက်ချချ၊ ဘယ်လိုပဲ သတ်မှတ်ပါစေ ကိုယ်မဟုတ်ရင် ဘာကိုမှ ခံစားနေစရာမလိုဘူးဆိုတာကို သေချာသဘောပေါက်သွားပါပြီ။ အဲဒါကြောင့် အခြားသူများက ဘယ်လိုပြောပြော ပြုံးပြုံးလေးနေလိုက်ဖို့ကလွဲပြီး အခြားသူများရဲ့စကားနဲ့တင် ကိုယ့်ဘဝကြီး ပြောင်းလဲသွားတာမဟုတ်ဘူးဆိုတာ အထူးနားလည်သွားသူတွေပါ။

၂) သောကြာနေ့လိုမျိုးမှာ အပြင်ထွက်လည်ပတ်ခြင်းထက် အိပ်ရေး၀၀အိပ်တာက ပိုပျော်စရာကောင်းမှန်းသိသွားပါပြီ။
ပြောချင်တာက အပေါင်းအသင်းနဲ့အလည်အပတ်ဆိုတာ လိုအပ်ပေမယ့်လည်း အိပ်ရေး၀၀အိပ်ဖို့က ကိုယ့်အတွက်ပိုလိုအပ်တာကို သိသွားကြပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ကိုယ့်ဘဝအတွက်၊ ကိုယ့်အလုပ်အတွက်၊ ကိုယ့်တိုးတက်လမ်းအတွက် ပြင်ဆင်သင့်တာပြင်ဆင်ဖို့ဆိုတာကို အမြဲတွေးနေတတ်သွားလို့ပါပဲ။ အပေါင်းအသင်းတွေနဲ့ လည်ပတ်ဖို့ ကြုံကြိုက်လာရင် လည်ပတ်တတ်ပေမယ့် အမြဲလို အပျော်အပါးအတွက်ပဲ အချိန်မပေးတတ်ကြတော့ပါဘူး။ ဘဝဆိုတာ ကိုယ့်တစ်ယောက်တည်းရဲ့ပြုပြင်ပြောင်းလဲမှုပေါ်မူတည်တယ်ဆိုတာ နားလည်သဘောက်ပေါက်သွားကြလို့ပါ။

၃) ပိုပြီးလည်းခွင့်လွှတ်ပေးတတ်သွားကြပါပြီ။
မရင့်ကျက်သူအချို့ကတော့ ခံစားချက်တစ်ခုခုကို ချက်ချင်းတုံ့ပြန်၊ ချက်ချင်းဖော်ပြလိုက်တတ်ကြပေမယ့် ရင့်ကျက်သွားတဲ့အခါမှာတော့ အရှုံးပေးရင်နှလုံးအေးတယ်…..ဆိုတာကို လက်သင့်ခံတတ်ကြပါပြီ။ အဲဒါသည် ကိုယ့်ကိုကိုယ် အေးချမ်းမှုရှာဖွေခြင်းပဲလို့ သဘောပေါက်သွားကြလို့ပါ။ အခြားသူတစ်ယောက်က ပေးတဲ့ မကောင်းတဲ့ခံစားချက်တစ်စုံတစ်ရာသည် ကိုယ့်ကိုလာလောင်ကျွမ်းမှာကို မလိုလားတော့တဲ့အတွက် ခွင့်လွှတ်ပေးတတ်သွားပါတယ်။

၄) စိတ်ကိုရှင်းရှင်းထားတတ်သွားပါပြီ။
စိတ်ထဲမှာ ကြိတ်မနိုင်ခဲမရတဲ့ကိစ္စမျိုးတွေ မထားတတ်တော့ပါဘူး။ ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာလည်း ကောင်းကောင်းကြီးနားလည်သွားပြီပေါ့။ ခုဖြစ်ခုဖြေရှင်းပြီး စိတ်ထဲမှာ အရှင်းဆုံးနေတတ်သွားလို့ အမြဲတမ်း ပေါ့ပါးနေတဲ့သူမျိုးပါပဲ။

၅) မတူကွဲပြားချက်တွေကို နားလည်သဘောပေါက်သွားပါပြီ။
မတူညီတာတွေရှိလာတဲ့အခါ ငြင်းခုံတာမျိုး မလုပ်တတ်တော့ပါဘူး။ လောကမှာ ကိုယ်လက်မခံနိုင်ပေမယ့် လက်ခံပေးရမယ့်ကိစ္စတွေ၊ လက်ခံသင့်တဲ့ကိစ္စတွေ နဲ့ နားလည်ပေးရမယ့်ကိစ္စတွေရှိတယ်ဆိုတာ ကောင်းကောင်းသဘောပေါက်သွားပါပြီ။ အဲဒါကြောင့်ကို ငြင်းခုံရန်ဖြစ်တာမျိုး မလုပ်တတ်တော့ပါဘူး။

၆) နာကျင်မှုတွေကိုလည်း လက်ခံတတ်သွားပါပြီ။
ကိုယ့်ကိုမချစ်တဲ့သူအတွက်လည်း နာကျင်မှုကိုလက်ခံတတ်သွားသလို ကိုယ်ကို့ထားခဲ့တဲ့သူအတွက်လည်း နေသားကျသွားပါပြီ။ အရူးအမူးခံစားပြီး ဘာမှမလုပ်နိုင်မကိုင်နိုင်တဲ့အခြေအနေမျိုးကို ရုန်းထွက်နိုင်သွားပြီပေါ့။ လောကမှာ ကိုယ်ကချစ်ပေမယ့် ကိုယ့်ကိုပြန်မချစ်နိုင်သူတွေ၊ ကိုယ့်ကိုချစ်တယ်ပြောပြီး လမ်းခွဲသွားတဲ့သူတွေကိုလည်း နားလည်ပေးနိုင်သွားပါပြီ။

၇) မနာလိုမဖြစ်တတ်တော့ပါဘူး။
ကိုယ့်ထက်သာတဲ့သူက ကိုယ့်ထက်သာတဲ့အရည်အချင်းရှိလို့ဆိုတာကို မြင်တတ်သွားသလို၊ ကိုယ့်ရဲ့အရည်အချင်းကိုသာ တိုးတက်အောင် ကြိုးစားသင့်တယ်ဆိုတာ သဘောပေါက်သွားလို့ ကိုယ့်ထက်သာတိုင်း မနာလိုရှုစိမ့်မဖြစ်တတ်တော့ပါဘူး။ ကိုယ့်ထက်နိမ့်ကျသူတိုင်းကိုလည်း မလှောင်ပြောင်တတ်တော့သလို၊ ကိုယ်နဲ့တန်းတူချင်းဆိုရင်လည်း လေးစားတတ်သွားပါပြီ။

၈) ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ ကိုယ့်ထံမှာသာ မူတည်တယ်ဆိုတာ သဘောပေါက်သွားပါပြီ။
အောင်မြင်မှုဆိုတာ သင်လိုချင်တာကို ရခြင်းဖြစ်ပြီး ပျော်ရွှင်မှုဆိုတာကတော့ သင်ရထားတာကို လိုချင်ခြင်းပါပဲတဲ့။ ရင့်ကျက်သူတစ်ယောက်က ထိုသဘောတရားကို သဘောပေါက်သွားပါပြီ။ ကိုယ့်ရဲ့ပျော်ရွှင်ခြင်းက အခြားသူများထံမှာ မှီခိုနေတာမဟုတ်မှန်း နားလည်သွားပါပြီ။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်ပျော်ရွှင်ဖို့အတွက်သာ အာရုံစိုက်နိုင်သွားပါပြီ။

ဖော်ပြထားတဲ့အချက်တွေ ကိုယ့်မှာမရှိဘူးဆိုရင်လည်း ခုချိန်ကစပြီး ကျင့်ယူနိုင်အောင် ကြိုးစားပါလို့တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။