တစ်နေ့မှာ လွယ်လွယ်အရှုံးမပေးမိခြင်းအတွက် သင့်ကိုယ်သင် ကျေးဇူးတင်မိလာမှာပါ။

ဒီစကားလေးကို သေချာပြန်တွေးကြည့်ရင် အဓိပ္ပါယ်အများကြီးရှိပါတယ်။ တကယ်လည်း သင်လက်လျှော့ချင်လာတဲ့အခါ အဲဒီစကားလေးကိုတွေးမိရင် တွေးစရာတွေအများကြီးရလာမှာပါ။ ကိုယ့်ကိုယ်ကိုယ်အရမ်း စိတ်ဆင်းရဲ၊ မွန်းကြပ်လွန်းတယ်လို့ထင်နေတဲ့အချိန်မျိုးမှာ လူတိုင်းဟာ ထွက်ပေါက်တစ်ခုခုကို အသည်းအသန်ရှာဖွေတတ်ကြပါတယ်။ အဲဒီ့အခါမှာ ကိုယ်ရွေးလိုက်မိတဲ့ထွက်ပေါက်ဟာ ဘယ်လိုထွက်ပေါက်ဖြစ်မလဲ။ တချို့ကတော့ မွန်းကြပ်မှုတွေထဲကနေ ထွက်ပြေးအရှုံးပေးတဲ့နည်းလမ်းနဲ့ အရှုံးပေးလိုက်ကြပါတယ်။


တချို့ကတော့ မရရအောင် ပြန်ပြီး တွန်းလှန်ကာ ပြန်လည်ထူထနိုင်အောင်ကြိုးစားကြပါတယ်။ တချို့ကျတော့ ဘယ်တော့မှ ပြန်ပြီးအနိုင်မရနိုင်တော့မယ့်နည်းလမ်း ကိုယ့်ကိုယ်ကိုယ်သေလိုက်တာမှအေးမယ်…..ဆိုတဲ့အတွေးမျိုးနဲ့ ဘဝကြီးတစ်ခုလုံးကိုပါ အဆုံးသတ်တဲ့နည်းလမ်းမျိုးကို ရွေးတတ်ကြပါတယ်။ ဒီနေ့ခေတ်မှာက ပိုပြီးပွင့်လင်းလာတာမို့ ဖေ့ဘုတ်ပေါ် Live လွှင့်ပြီး ကိုယ့်ကိုယ်ကိုယ်ဆူဆိုက် လုပ်တာမျိုးတွေအထိပါ ဖြစ်လာကြတာပါ။
တကယ်တော့ အရှုံးပေးလိုက်ခြင်းဟာ မှန်ကန်တဲ့အဖြေမဟုတ်သေးပါဘူး။ ဘယ်လိုထွက်ပေါက်မျိုးကို ရွေးမလဲဆိုတာက သင့်အပေါ်မူတည်ပါတယ်။ အဲဒီ့လို ရွေးချယ်မှုဟာ မှန်ကန်ဖို့အတွက် သင့်ရဲ့အတွေးအခေါ်၊ သင့်ဆုံးဖြတ်ချက်တွေအပေါ် မူတည်နေတာပါပဲ။ အဲဒီလို ထွက်ပေါက်မဲ့နေတယ် ၊ ကိုယ့်ဘဝကြီးတစ်ခုလုံး ဘာဆက်လုပ်ရမယ်မှန်းမသိဘူးဆိုတဲ့အနေအထားမျိုးနဲ့ ပိတ်လှောင်မိနေတဲ့အချိန်မှာ သင် ဒီဆောင်းပါးရဲ့ခေါင်းစဉ်လေးကို ပြန်တွေးကြည့်လိုက်ပါ။

တခါတလေ ဘဝရဲ့အခက်အခဲတွေဟာ ဘာဆက်လုပ်ရမယ်မှန်းမသိအောင် ခက်ခဲလွန်းတဲ့ ဘေးကြပ်နံကြပ်အခြေအနေမျိုးကို ကြုံရမှာပါ။ ဘဝဆိုတာ တိုက်ပွဲဆိုတဲ့စကားက အမှန်ပါပဲ ။ လူတိုင်းဟာ သူ့အခက်အခဲနဲ့သူ အားလုံးကိုယ်စီ ကိုယ့်တိုက်ပွဲကိုယ်တိုက်နေကြတဲ့သူတွေချည်းပါနော်။ ဒါပေမယ့် တကယ်တမ်း မွန်းကြပ်နေတဲ့အခါ ၊ စိတ်ဆင်းရဲနေတဲ့အခါမှာ ကိုယ့်ဘဝသာ အခက်ခဲဆုံး၊ ကိုယ့်ဘဝသာ မွန်းကြပ်ပိတ်လှောင်နေတယ်လို့ ထင်တတ်ကြပါတယ်။ စိတ်လိုက်မာန်ပါ မဆုံးဖြတ်သင့်တဲ့အချိန်တွေထဲမှာ ဒေါသဖြစ်နေတဲ့အချိန်၊ ဝမ်းသာနေတဲ့အချိန်၊ ဝမ်းနည်းနေတဲ့အချိန်ရယ်က သတိထားသင့်တဲ့အချိန်တွေပါပဲ။ အဲဒီ့အချိန်တွေမှာ စိတ်ခံစားတွေက အမြင့်ဆုံးရောက်နေတဲ့အချိန်မို့ တခုခုကို ဆုံးဖြတ်ချက်ချပြီး လုပ်မိတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်မှ တော်ရာကျပါတယ်။
တကယ်လို့များ ကိုယ့်ဘဝမှာ အရမ်းကို ခက်ခဲတဲ့အချိန်တစ်ခုကြုံလာခဲ့မယ်ဆိုရင် အရင်ဆုံး

၁) ကိုယ့်စိတ်ကို တည်ငြိမ်အောင် ကြိုးစားပါ။
စိတ်တည်ငြိမ်သွားမှသာ ကိုယ်လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို အခါခါပြန်တွေးတောသုံးသပ်သင့်ပါတယ်။

၂) ကိုယ့်ထက်ခက်ခဲခဲ့တဲ့အခြေအနေကို ကျော်ဖြတ်ခဲ့သူတွေကို လိုက်ရှာကြည့်ပါ။
အဓိကအရေးကြီးတာက အဲဒီ့အချိန်မှာ ကိုယ့်စိတ်ဟာ အဆိုးဘက်ကိုမြင်တာများနေတဲ့အတွက်ကြောင့် အရှုံးပေးခဲ့တဲ့လူတွေကို လိုက်မကြည့်ပါနဲ့။ အရှုံးပေးခဲ့တဲ့လူတွေကို လိုက်ကြည့်နေမယ်ဆိုရင် ပိုပြီးတောင် အဆိုးမြင်စိတ်ဖြစ်လာစေပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ့်ထက်ခက်ခဲခဲ့တဲ့သူတွေဟာ ဘယ်လိုကျော်ဖြတ်ခဲ့သလို၊ ဘယ်လိုအသက်ဆက်ရှင်ခဲ့လဲ၊ ဘယ်လိုများ လက်မလျော့ဘဲ ပြန်လည်ထူထောင်ခဲ့သလဲဆိုတာမျိုးတွေကို မြင်အောင်ကြည့်ပါ။ အဲဒါမှသာ “အော်….ငါ့အခြေအနေက ဒီလောက်မဆိုးသေးပါဘူး” ဆိုတဲ့စိတ်ဖြစ်လာစေမှာပါ။ ကိုယ်ကဖိနပ်မပါတဲ့အခါ ကိုယ့်ဘဝကိုယ်ဆိုးတယ်ထင်ပေမယ့် ခြေထောက်မပါတဲ့လူကိုတွေ့လိုက်မယ်ဆိုရင် ကိုယ့်ဘဝဒီလောက်မဆိုးသေးမှန်းမြင်လာပြီး ဖြေတွေးတတ်လာပါလိမ့်မယ်နော်။ ဒါကလည်း ကိုယ့်စိတ်ကို စိတ်နဲ့ပြန်ကုစားနည်းတစ်မျိုးပါပဲ။

၃) ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးစိန်ခေါ်ပါ။
အဲဒီ့လို ကိုယ့်ထက်ဆိုးဝါးတဲ့အခြေအနေမှာတောင် ပြန်လည်နလန်ထူနိုင်ခဲ့သူတွေကိုမြင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြန်စိန်ခေါ်ကြည့်ပါ။ ဘာလို့များ ဒီလောက်အခြေအနေလေးနဲ့ ငါ့ဘဝကိုငါအရှုံးပေးရမှာလဲဆိုတဲ့အတွေးမျိုးတွေးကြည့်ပါ။

၄) နောင်တစ်နှစ်ကိုကျော်တွေးကြည့်လိုက်ပါ။
အခုလက်ရှိအချိန်မှာ ဘာကိုမှအရှုံးမပေးဘဲ ကျော်ဖြတ်လိုက်မယ်ဆိုရင် နောင်တစ်နှစ်မှာ ကိုယ်ဘာဖြစ်နေမလဲဆိုတဲ့အတွေးမျိုးတွေးကြည့်လိုက်ပါ။ နောင်တစ်နှစ်လောက်အကြာမှာ ခုဖြစ်နေတဲ့ခံစားချက်တွေ၊ ခုဖြစ်နေတဲ့နာကျင်မှုတွေ၊ ခုဖြစ်နေတဲ့ အရှုံးပေးချင်တဲ့စိတ်တွေဟာ ဆက်ရှိနေပါ့အုံးမလား။ အားလုံးဟာ အကြောင်းအရာတစ်ခုအနေနဲ့သာ ကျန်ခဲ့မှာပါ။ ပတ်ဝန်းကျင်ကသင့်ကိုထိုးမယ့်လက်ညိုးတွေဟာလည်း နောင်တစ်နှစ်ကြာရင် သူ့အပူနဲ့သူအားလုံးမေ့ပျောက်ကုန်ကြမှာပါ။ သင်ကိုယ်တိုင်တောင် လက်ရှိအဖြစ်အပျက်ကို သိပ်ခံစားနေတော့မှာမဟုတ်ပါဘူး။ မယုံရင် ပြီးခဲ့တဲ့ ၅နှစ်က သင့်နာကျင်မှုတစ်ခုခုကို ပြန်တွေးကြည့်လိုက်ပါ။ သင်မှတ်မိပါသေးရဲ့လား။ မှတ်မိချင်မှတ်မိနေပါလိမ့်မယ်။ အဲဒီ့တုန်းက နာကျင်မှုနဲ့ထပ်တူတော့ သိပ်မခံစားရတော့ဘူးမဟုတ်လား။ အဲဒီ့သဘောတရားပါပဲ။

နောင်တစ်နှစ်အကြာမှာ သင်လုပ်ချင်တာလေးတွေလုပ်နေမယ်၊ ပျော်ရွှင်နေမယ်၊ သင့်ရည်မှန်းချက်တွေ သင်အကောင်အထည်ဖော်နေမယ်၊ သင့်ကိုကျရှုံးစေချင်တဲ့လူတွေကို သင်ပြုံးရွှင်နေတာတွေကို မြင်စေမယ် ၊ သင့်ကိုကျရှုံးစေချင်တဲ့လူတွေကို သင်အောင်မြင်နေတာကို မြင်စေမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ သင်တွေးကြည့်လိုက်ပါနော်။
တကယ်တော့ ခုလက်ရှိခံစားချက်ကိုချည်းတွေးပြီး အရှုံးပေးလိုက်ခြင်းဟာ မှန်ကန်တဲ့နည်းလမ်းမဟုတ်သေးပါဘူး။ အရှုံးပေးလိုက်မှသာ တကယ်ရှုံးသွားတာပါ။ အရှုံးမပေးသေးသရွေ့ ပြန်ပြီး အနိုင်ရနိုင်ပါသေးတယ်။
“Defeat is not the worst of failures. Not to have tried is the true failure”- George Edward Woodberry ရှုံးနိမ့်မှုသည် အဆိုးဝါးဆုံးသော ဆုံးရှုံးမှုမဟုတ်ပါဘူး။ ပြန်မကြိုးစားခြင်းကသာ တကယ့်ဆုံးရှုံးမှုဖြစ်ပါတယ်တဲ့။ ပြောချင်တာက ကိုယ်တစ်ခုခုကြောင့် ကျရှုံးသွားတယ်၊ ဆုံးရှုံးသွားတယ်ဆိုရင်တောင် အဲဒါတကယ့်ကျရှုံးမှုအစစ်မဟုတ်သေးပါဘူး။ အဲဒီ့ကျရှုံးမှုကို ပြန်လည်မကြိုးစားတော့ဘဲ အရှုံးပေးလိုက်ခြင်းကသာ တကယ့်ကျရှုံးမှုပါပဲ။ ဘယ်တော့မှ ပြန်ပြီးအနိုင်ရတော့မှာမဟုတ်ပါဘူး။
အဲဒါကြောင့် ကိုယ့်ဘဝကို အရှုံးပေးတော့မယ်လို့ ဆုံးဖြတ်ချက် ချမစောစေချင်ပါဘူး။ ကိုယ့်ဘဝကို အရှုံးမပေးခင် ကိုယ်အနိုင်ပြန်ရဖို့ကြိုးစားနိုင်သေးတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။