သတိထားဆက်ဆံရမယ့် သင့်အနားကလူများ

ကျွန်တော်တို့အနားမှာရှိသမျှ လူတိုင်းကို ယုံကြည်လို့မရသလို၊ မယုံကြည်ဘဲ သံသယနဲ့ဆက်ဆံလို့လည်း မရပြန်ပါဘူး။ လူ့အကြောင်းပေါင်းကြည့်မှသိ….ဆိုသလို လူအကြောင်းက ပေါင်းကြည့်လိုက်မှသိရတာပါ။ ပေါင်းကြည့်လို့အကြောင်းသိရတဲ့အခါမှ သတိထားဆက်ဆံရမယ့်လူမျိုးလား….သတိမထားရမယ့်လူမျိုးလား….ဆိုတာ သိသွားမှာပါ။ အဲဒါကြောင့်သင့်အနားမှာ ရှိနေမယ့်လူတွေထဲက သင်သတိထားသင့်တဲ့လူတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ဟန်ကိုယ့်ဖို့လုပ်တတ်သူများ
ထိုလူမျိုးက ဘယ်တော့မှ သူ့ရဲ့အစစ်အမှန်ကိုချပြမယ့်သူမျိုးမဟုတ်ပါဘူး။ သူတို့ရဲ့အတွင်းစိတ်က သိမ်ငယ်တတ်တာကို ဖုံးကွယ်ဖို့အတွက် သူတို့ကိုယ်သူတို့ ပတ်ဝန်းကျင်ကလူတွေထက် ပိုသာကြောင်း၊ ပိုပြီးအဆင့်အတန်းမြင့်ကြောင်း ၊ ပိုပြီး သာယာပျော်ရွှင်ပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတတ်ကြောင်း သကာဖုံးထားတတ်သူတွေဖြစ်ပါတယ်။ တကယ့်ဘဝအစစ်အမှန်ကို သိရတဲ့အခါ စိတ်ပျက်စရာအရမ်းကောင်းပြီး အလိမ်အညာတွေနဲ့ပြည့်နှက်နေတတ်ပါတယ်။ အဲဒီလိုလူမျိုးက သင့်ကိုဘယ်တော့မှ အစစ်အမှန်ချပြပြီးဆက်ဆံမှာမဟုတ်ပါဘူး။ တနည်းအားဖြင့် နှလုံးသားခြင်းရင်းနှီးပြီးပေါင်းသင်းလို့မရပါဘူး။

၂) အခွင့်အရေးယူတတ်သူများ
ဒီလူတွေကတော့ ပတ်ဝန်းကျင်မှာရနိုင်မယ့်အခွင့်အရေးပေါင်း သောင်းခြောက်ထောင်ကိုသာမြင်တတ်သူပါ။ အခွင့်အရေးသာရမယ်ဆိုရင် ဘယ်သူဘာဖြစ်ဖြစ် ဂရုမစိုက်ဘဲ ကိုယ်အသာရဖို့သာအာရုံထားတတ်သူဖြစ်ပါတယ်။ အဲဒီလိုလူမျိုးနဲ့ပေါင်းသင်းမိရင် သင့်ကိုသာဒုက္ခပေးသွားမှာပါ။

၃) ကလိမ်ကျတတ်သူများ
ဒီက ကိစ္စကို တမျိုးလိမ်၊ နောက်ထပ်ကိစ္စတွေကို တမျိုးလိမ်နဲ့ အလိမ်ချင်းဆင့်နေတဲ့သူမျိုးပါ။ သင်က သူ့လိမ်တာမိသွားလို့ ပြုပြင်မယ်မထင်ပါနဲ့။ သင့်ကို ယုံကြည်အောင်ထပ်လိမ်ပြီး ဉာဏ်ဆင်အုံးမှာပါ။ သင့်ကိုပြဿနာသာပေးမယ့်သူမျိုးပါ။

၄) မနာလိုတတ်သူများ
ထိုလူတွေကတော့ သင့်ကို ဘယ်တော့မှ ကြီးပွားတိုးတက်စေချင်မယ့်သူမျိုးမဟုတ်ပါဘူး။ သင်က သာလေ…သူတို့က မကျေနပ်လေ၊ သင့်ကို မကောင်းတဲ့ဘက်ကို ဆွဲချနိုင်ပါသေးတယ်။ သင်နိမ့်ကျနေတာကိုသာ လိုလားတဲ့သူမျိုးပါ။

၅) ဘေးထိုင်ဘုပြောသူများ
ဘေးထိုင်ဘုပြောတတ်သူတွေကတော့ သူတို့သာမလုပ်နိုင်တာ အခြားသူတွေလုပ်နိုင်တာကိုလည်း မုဒိတာမပွားတတ်ပါဘူး။ မကောင်းတာကိုသာ မြင်ပြီး အပြစ်ထိုင်ပြောနေတတ်သူတွေပါ။ ကိုယ်တိုင်လည်းအဖြစ်မရှိ၊ အဖြစ်ရှိအောင်လုပ်တတ်သူကိုလည်း အပြစ်ပြောတတ်တဲ့သူတွေပါ။ ထိုလူတွေက သင့်ကိုလည်း ဘယ်တော့မှ အကောင်းပြောမယ့်သူမျိုးမဟုတ်ပါဘူး။

၆) တာဝန်မယူတတ်သူများ
တာဝန်မယူတတ်တဲ့သူက အခြားသူကိုလည်း အပြစ်လွှဲချတတ်သူတွေဖြစ်ပါသေးတယ်။ နေရာရရင်သာလိုချင်မယ်၊ တာဝန်ကျတော့ မယူချင်ပါဘူး။ နာမည်ကောင်းရရင်သာ သူတို့လိုချင်ပေမယ့် တကယ့်တာဝန်တော့မလိုချင်ပါဘူး။ အဲဒါအပြင် အပြစ်ဖြစ်လာရင် အခြားသူကိုလည်း အပြစ်လွှဲချပြီး ပြောဆိုတတ်ပါသေးတယ်။

၇) အတင်းပြောတတ်သူများ
အတင်းပြောတတ်သူတွေကတော့ သူတို့ပတ်ဝန်းကျင်မှာ မြင်သမျှကို မကောင်းပြောဖို့လောက်သာ အာရုံရှိတဲ့သူတွေဖြစ်ပါတယ်။ သင်ဘယ်လောက်ကောင်းအောင်နေပါစေ၊ သူတို့အတွက် ပြောစရာအပြစ်ရှိနေမှာပါပဲ။ သင်နဲ့တည့်အောင်ပေါင်းနေလဲ သင့်ကွယ်ရာမှာ သင့်မကောင်းကြောင်းကို ပြန်ပြောနေအုံးမှာပါပဲ။

၈) တင်စီးတတ်သူများ
တင်စီးတတ်သူတွေကတော့ သူတို့ကိုယ်သူတို့သာ အတော်ဆုံး၊ အတတ်ဆုံးလို့ ခံယူထားသူတွေပါ။ ကိုယ့်ကိုယ်ကိုယ်မနှီမ့်ချတတ်ဘဲ အခြားသူကို အမြဲသူ့ထက်နှီမ့်ကျတယ်လို့ထင်နေတတ်သူတွေပါ။ အဲဒီလိုကြောင့် သူတို့က အမြဲသူများကို ဖိနှိမ့်ဆက်ဆံတတ်သူတွေပဲဖြစ်ပါတယ်။ သူတို့နဲ့အပေါင်းအသင်းလုပ်သူတွေကိုလည်း မညှာမတာ ဖိနှီမ်တတ်ပါတယ်။
လူအမျိုးမျိုးစိတ်အထွေထွှေဆိုပေမယ့် ပြုပြင်သင့်တဲ့စိတ်ထားကိုသိပြီး ကိုယ့်ကိုယ်ကိုယ်ပြုပြင်ရမှာပဲဖြစ်ပါတယ်။ အထက်ကဖော်ပြထားတဲ့စိတ်ဓာတ်ရှိသူတွေကတော့ ကိုယ့်အနားမှာရှိနေရင် ကိုယ့်ကိုအကျိုးမရှိစေဘဲ ကိုယ့်ကိုတောင် အကျိုးယုတ်အောင်လုပ်မယ့်သူတွေဖြစ်ပါတယ်။ ကိုယ့်အတွက်ပတ်ဝန်းကျင်ကောင်းရှိဖို့ကလည်း အရေးကြီးပါတယ်။ ပတ်ဝန်းကျင်ကလူတွေရဲ့အကျင့်ကောင်းတွေက ကိုယ်နေ့စဉ်တွေ့နေမြင်နေတဲ့အခါ ကိုယ့်ထံကူးစက်လာတတ်သလို မကောင်းတဲအကျင့်ဆိုးတွေကလည်း ကိုယ့်ကိုကူးစက်လာတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ အထက်ကလိုလူတွေရှိနေရင် သတိထားဆက်ဆံပြီးရှောင်ရှားကြဖို့တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။