မိမိကိုယ်ကိုအဆိုးမြင်ခြင်းက ဘယ်လောက်ဆိုးဝါးစေသလဲ။

မိမိကိုယ်ကို အဆိုးမြင်ခြင်းဆိုတာ ဘာလဲ။ တကယ်တော့ မိမိကိုယ်ကိုအဆိုးမြင်ခြင်းက ဆိုးဝါးပါတယ်။ မိမိကိုယ်ကို အဆိုးမြင်ခြင်းက ဘယ်ကနေစဖြစ်လာသလဲဆိုရင် ကိုယ့်ကိုကိုယ်အထင်မကြီးတဲ့စိတ်၊ မလေးစားတဲ့စိတ်ကနေ စတင်ဖြစ်ပေါ်လာပါတယ်။ ကိုယ့်ကိုကိုယ်အထင်မကြီးဘဲ မလေးစားတဲ့စိတ်ဆိုတာက ကိုယ်လုပ်နေတဲ့အလုပ်တွေ( အထူးသဖြင့် ကိုယ်နေ့စဉ်ပြုမူနေတဲ့ အပြုအမူ၊ ဆက်ဆံရေး) စတာတွေနဲ့ အဓိက ပတ်သက်နေပါတယ်။


ကိုယ်လုပ်နေတဲ့အလုပ်၊ ကိုယ်ပြုမူနေတဲ့အပြုအမူ၊ ကိုယ့်ကိုကိုယ်သတ်မှတ်ထားတဲ့စည်းကမ်း၊ ကိုယ်တိုင်လိုက်နာကျင့်သုံးနိုင်ခြင်း ရှိမရှိ စတဲ့အချက်တွေကနေတဆင့် ကိုယ့်ကိုကိုယ်လေးစားခြင်း၊ အထင်ကြီးခြင်းက ဖြစ်လာတာပါ။ ဥပမာ။ သင်က သင့်ကိုသင် အခြားသူရဲ့ ငွေကို အလကားမယူဘူးလို့ သတ်မှတ်ထားတယ်ဆိုပါတော့။ သင်က အဲလိုသတ်မှတ်ထားပြီး တကယ်လည်း အဲဒီ့စည်းကမ်းကို လုံးဝမဖျောက်ဖျက်နိုင်ဘူး ဆိုရင် သင့်ကိုသင် အမြဲယုံကြည်မှုရှိနေမှာဖြစ်သလို၊ ကိုယ့်ကိုကိုယ်လည်း အထင်ကြီးစိတ်ဖြစ်နေမှာပါ။ အဲဒါကြောင့်လည်း သင့်ကိုသင် လေးစားစိတ်ရှိနေပါလိမ့်မယ်။
အဲဒါဆိုရင် အဲဒါနဲ့ဆန့်ကျင့်ဘက် သူမျာငွေကို သင်က အလကားသုံးပစ်လိုက်မိတယ်၊ ပြန်လည်း မပေးနိုင်ဘူးဆိုရင် သင့်ကိုယ်သင်သတ်မှတ်ထားတဲ့စည်းကမ်းကို သင်ဖောက်ဖျက်မိမယ်၊ မလိုက်နာဘူးဆိုတဲ့စိတ်က သင့်ကို အမြဲနှိပ်စက်နေပါလိမ့်မယ်။ တဖက်လူကတော့ သိချင်မှသိမှာဖြစ်ပေမယ့် သင့်စိတ်ထဲမှာ အဲဒါကို တွေးတိုင်း မကျေမနပ်ဖြစ်နေမိမှာပါ။ အဲဒီ့အခါ သင့်ကိုသင် ယုံကြည်မှုမရှိတော့ပါဘူး။ သင့်ကိုသင်လည်း လေးစားမှုမရှိနိုင်တော့ပါဘူး။ ကိုယ့်ကိုကိုယ်အထင်ကြီးစိတ်လည်းမရှိတော့သလို၊ “ငါဘာကြောင့်များ ဒီလိုလုပ်မိဘာလိမ့်…..” ဆိုပြီး သင့်ကိုသင် ဒေါသဖြစ်နေမိပါလိမ့်မယ်။ အဲဒါက သင့်ကိုသင်အဆိုးမြင်ခြင်း စတင်ဖြစ်ပေါ်လာတော့တာပါပဲ။
စိတ်ကိုအလိုလိုက်ပြီး လုပ်မိလုပ်ရာလုပ်ခြင်းက ခဏတဖြုတ်တော့ သင့်အတွက်အဆင်ပြေသွားစေပေမယ့် ပြန်တွေးတိုင်း သင့်စိတ်နဲ့သင် ရန်ဖြစ်နေရပါလိမ့်မယ်။ အဲဒီ့အခါ သင့်ကိုသင်အပြစ်မြင်လာပါလိမ့်မယ်။ အဲဒါက အဆိုးမြင်ခြင်းပါပဲ။ ပုံမှန်ကိစ္စလောက်ကို အဆိုးမြင်ခြင်းက ကိစ္စအကြီးအကျယ်မဖြစ်သေးပေမယ့် နောက်ထပ်ဆိုးရွားတဲ့ပြဿနာကိုတော့ ဦးတည်နေတတ်ပါတယ်။
ကိုယ့်ကိုကိုယ်အဆိုးမြင်စိတ်ဖြစ်ပေါ်လာတဲ့အခါ ကိုယ့်ကိုကိုယ်ချစ်ခင်စိတ်လျော့နည်းလာပါလိမ့်မယ်။ သပ်ရပ်သန့်ရှင်းစွာနေဖို့ထက် ဖြစ်သလိုနေဖြစ်လာမယ်၊ ကိုယ့်ဘဝတိုးတက်ဖို့ဘာမှ လုပ်ချင်စိတ်မရှိလောက်အောင် ပျောက်ဆုံးလာမယ်၊ ကိုယ့်ဟာကိုယ် ဘာမှမလုပ်နိုင်တဲ့လူတစ်ယောက်လို ယုံကြည်မှုအမြဲကင်းမဲ့နေမယ်၊ စိတ်ဓာတ်ကျရောဂါဝင်လာမယ်၊ ဝမ်းနည်းလွယ်လာမယ်၊ စသည်ဖြင့် ဆိုးကျိုးတွေတန်းစီဖြစ်လာနိုင်ပါတယ်။ အဲဒါထက်အဆိုးဆုံးကတော့ လုပ်ချင်တာတွေကို စိတ်အလိုလိုက်လုပ်မိပြီးမှ လုံးဝပြန်ပြုပြင်လို့မရတဲ့အမှားမျိုးကြုံလာတဲ့အခါ ကိုယ့်ကိုကိုယ် သတ်သေဖို့လည်း ဝန်မလေးနိုင်တော့ပါဘူး။ နောက်ဆုံး ကိုယ့်ကိုကိုယ်သတ်သေတဲ့အထိ ဖြစ်လာတော့တာမျိုးပါပဲ။
အဲဒါကြောင့် ကျွန်တော်တို့ဘဝမှာ ကိုယ့်ကိုကိုယ်အဆိုးမြင်ခြင်းက အရမ်းကိုဆိုးဝါးပါတယ်။ ကိုယ့်တစ်ယောက်တည်းကို ထိခိုက်နိုင်တာမျိုးမဟုတ်ဘဲ ကိုယ့်ကြောင့် မိဘဆွေမျိုးအသိုင်းအဝန်းတွေက အစ ထိခိုက်ပူလောင်ခံစားရနိုင်ပါတယ်။
အဆိုးမြင်စိတ်မဖြစ်ပေါ်စေဖို့ အခြားဘယ်သူကမှ မတတ်နိုင်ပါဘူး။ ကိုယ်တိုင်ပဲ လုပ်ယူနိုင်တာပါ။ အဲလိုလုပ်ယူနိုင်ဖို့ ကိုယ်တိုင်သတ်မှတ်ထားတဲ့စည်းကမ်းတွေထားပါ။ ကျောင်းသင်ခန်းစာမှာ ထည့်မသွင်းထားပေမယ့် ကိုယ်တိုင်လိုက်နာသင့်တဲ့ အကျင့်စရိုက်တွေကို လိုက်နာနိုင်တဲ့လူကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။ ကိုယ့်ကိုကိုယ်သတ်မှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာပါ။ အဲဒါက သင့်ကိုသင် ယုံကြည်မှုရှိစေပါတယ်။ သင့်ကိုယ်သင်ယုံကြည်မှုရှိလာတဲ့နောက်တော့ ဘယ်အရာမဆို အကောင်းမြင်စိတ်ဖြစ်ပေါ်လာပါလိမ့်မယ်။ ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်လာသလို၊ ကိုယ့်ကိုကိုယ်ချစ်ခင်လာပါတယ်။ ဘဝမှာလည်း ပိုပြီး စွမ်းရည်ထက်မြက်လာပြီး ပိုတိုးတက်လာပါလိမ့်မယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။