အကျင့်ကောင်းတွေဖြစ်လာအောင်ဘယ်လိုလေ့ကျင့်မလဲ။

အကျင့်ကောင်းတွေသင့်ထံမှာ များလာတဲ့အခါ သင်ကိုယ်တိုင်လည်းတိုးတက်တဲ့လူတစ်ယောက်ဖြစ်လာဖို့အခွင့်အလမ်းများလာတာပေါ့။ အကျင့်ကောင်းတွေကို ကျင့်ယူနိုင်လေလေ သင့်အတွက် ပိုပြီး အခွင့်အလမ်းများလာလေလေ၊ သင့်အနာဂတ်ကို သင်ကိုယ်တိုင်ပုံဖော်နိုင်လေလေဖြစ်မှာပါ။ သင့်အလေ့အကျင့်တွေက သင့်အနာဂတ်ပါပဲဆိုတဲ့ဆောင်းပါးမှာ ဖော်ပြခဲ့ဖူးပါတယ်နော်။ အဲဒီ့တော့ မေးစရာဖြစ်လာတာက အကျင့်ကောင်းရှိတာက လူတစ်ယောက်ရဲ့ဘဝကိုတိုးတက်လာစေတာမှန်ပါတယ်။ ဒါပေမယ့် အကျင့်ကောင်းတွေကိုဘယ်လိုကျင့်ယူရမလဲဆိုတဲ့အမေးပါပဲ။ အဲဒါကြောင့် အကျင့်ကောင်းတွေဖြစ်လာအောင် ကျင့်ယူဖို့နည်းလမ်းအဆင့်ဆင့်ကိုဖော်ပြပေးလိုက်ပါတယ်။ အရေးကြီးတာကတော့ စာထဲမှာဘယ်လောက်ပဲဖော်ပြထားပါစေ၊ စာဖတ်သူကာယကံရှင်ကိုယ်တိုင်က မလိုက်နာ၊ မကျင့်သုံးရင်တော့ အကျင့်ကောင်းတွေက ကွန်ပျူတာထဲ copy paste လုပ်လိုက်သလို သင့်ထံချက်ချင်းကူးပြီးသားဖြစ်စေမှာမဟုတ်ပါဘူးနော်။ သင်ကိုယ်တိုင်လိုက်နာကျင့်သုံးမှရမယ်ဆိုတာ မမေ့လိုက်ပါနဲ့။


၁) သင့်ကိုသင်ပြန်သုံးသပ်ပါ။
အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်မညာတမ်း သုံးသပ်ဖို့ပါပဲ။ မှားတယ်လို့သိနေတယ်လူက ပြင်မယ်လို့ဆုံးဖြတ်ချက်ချပြီတကယ်ပြုပြင်လိုက်ရင်တကယ်အမှန်ရနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်မမှားဘူးလို့ထင်နေတဲ့သူကျတော့ ဘယ်သူမှ မပြင်ပေးနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်မညာတမ်းသေချာသုံးသပ်ဖို့လိုတယ်လို့ပြောတာပါ။ ကိုယ်ကဘယ်နေရာမှာတွေမှာ အကျင့်မကောင်းဘူးလဲ၊ ကိုယ်က ကိုယ်သွားနေတဲ့လမ်းကြောင်း၊ ကိုယ့်ရဲ့ရည်မှန်းချက်ကိုရောက်ချင်တယ်ဆိုရင် ကိုယ့်ကိုဖျက်ဆီးမယ့်အကျင့်ဆိုးတွေက ဘာတွေလဲသိမှဖြစ်ပါမယ်။ ကိုယ့်ကိုယ်ကိုယ်မညာတမ်းဝေဖန်၊ မလိမ်မညာဘဲ အမှားကိုလက်ခံ၊ အမှန်ပြင်နိုင်မှာဖြစ်ပါတယ်။

၂) ဆုံးဖြတ်ချက်ချပါ။
သေချာစိတ်ဓာတ်ခိုင်မာစွာဆုံးဖြတ်ချက်ချပါ။ အဓိကက ကာယကံရှင်က အကျင့်ကောင်းတွေကို အလေ့အကျင့်တစ်ခုလိုစွဲမြဲချင်တဲ့စိတ်ခိုင်မာဖို့ပါပဲ။ ကောက်ရိုးမီးလို ခဏတဖြုတ်ထပြီး တောက်လောင်ချင်တာမျိုးကတော့ ဘယ်နေရာမှာမှ အဆင်ပြေမှာမဟုတ်ပါဘူး။ အလေ့အကျင့်ကောင်းတွေလည်း ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ဆုံးဖြတ်ချက်ခိုင်မာအောင် စိတ်ဆုံးဖြတ်ပါ။ တကယ်ဆုံးဖြတ်ထားပြီးတကယ်လုပ်ပါ။ တကယ်လိုက်နာပါ။ အဲဒါမှ တကယ်ဖြစ်လာမှာပါ။

၃) အချိန် ဒါမှမဟုတ် အကြိမ်ရေ သတ်မှတ်ပါ။
ကိုယ်သတ်မှတ်ထားတဲ့အချိန်အတွင်း ကိုယ့်ကိုယ်ကိုယ်အကြိမ်ရေသတ်မှတ်လိုက်ပါ။ ထိုသတ်မှတ်ချက်ကိုလိုက်နာနိုင်အောင်ကြိုးစားပါ။ အထက်ကလို ဆုံးဖြတ်ချက်ပြတ်သားစွာ ချထားပြီး ကိုယ့်ကိုယ်ကိုယ်တကယ်နိုးဆော်ပါ။ သတိပေးပါ၊ သတိထားပါ။ ဥပမာ။ ဒီတစ်လအတွင်းမှာ စာအုပ်ဘယ်နှစ်အုပ်မရရအောင်ဖတ်မယ်လို့ဆုံးဖြတ်ပြီး မှတ်စုလေးထုတ်ထားတာမျိုးပေါ့။ တစ်လအတွင်း ကိုယ်လုပ်နိုင်သွားရင် နောက်တစ်ဆင့်တိုးပြီး စာအုပ်ဘယ်နှစ်ထပ်တိုးမယ်ဆိုတာမျိုးလုပ်ပါ။ တစ်ပတ်အတွင်း အင်္ဂလိပ်စာလုံးအသစ် ၁၀လုံးရအောင်မှတ်မယ်လို့သတ်မှတ်တာမျိုးပေါ့။
ဥပမာ။ ဒီနေ့ကစပြီး ဘယ်နှစ်ပတ်အတွင်း အကျင့်ကိုရအောင်ကျင့်မယ်ဆိုပြီး အချိန်သတ်မှတ်တာမျိုးပေါ့။ ဆေးလိပ်သောက်တဲ့အကျင့်ဆိုးကို ဖြတ်မယ်၊ တစ်ရက်မှာ ဆေးလိပ် သောက်တဲ့အကြိမ်ရေလျှော့မယ်။ ဘယ်နှစ်ကြိမ်အဖြစ်သတ်မှတ်မယ်၊ စသဖြင့်သတ်မှတ်ထားပြီး မရရအောင်လိုက်နာတာမျိုးပေါ့။ မနက်ကို ၆နာရီအိပ်ရာထဖြစ်အောင်ထမယ်ဆုံးဖြတ်ပြီး တစ်ပတ်လုံး ကျင့်မယ်ဆိုပြီးအချိန်သတ်မှတ်တာမျိုးပေါ့။
တစ်လ၊ ခြောက်လ၊ တစ်နှစ်စသဖြင့် အချိန်တစ်ခုမှာ ကိုယ့်ရဲ့အကျင့်ကောင်းတွေက မလုပ်ရမနေနိုင်စွဲမြဲလာတာကိုတွေ့ရပါလိမ့်မယ်။

၄) အသေးအဖွဲလေးတွေကနေကျင့်ယူပါ။
မှန်းထားတဲ့ရည်မှန်းချက် / ပန်းတိုင်ရောက်ဖို့က တဆင့်ချင်းလှမ်းမှရတာပါ။ အဲဒါကြောင့် ကိုယ်လှမ်းမယ့်ခြေလှမ်းတိုင်းကို အဆင့်ငယ်လေးတွေအဖြစ်သတ်မှတ်ပြီး ထိုအဆင့်ငယ်လေးတွေကနေ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ဖို့ကျင့်ယူပါ။ ဥပမာ။ တစ်လအကြာမှာဆေးလိပ်ရအောင်ဖြတ်မယ်လို့ဆုံးဖြတ်လိုက်ပြီဆိုပါတော့ ထိုရည်မှန်းချက်မရောက်ခင်စပ်ကြား တစ်လအတွင်းက နေ့ရက်တိုင်းက သင့်အတွက်ရည်မှန်းချက်ကိုရောက်အောင်သွားရမယ့်အဆင့်ငယ်လေးတွေပါပဲ။ တစ်လလုံးဆေးလိပ်သောက်နေမှာတော့ လကုန်ချိန်မှာ ဘယ်လိုလုပ်ဆေးလိပ်ပြတ်ပါတော့မလဲ။ တစ်လအကြာမှာ ဆေးလိပ်လုံးဝပြတ်အောင်ဖြတ်မယ်၊ အဲဒါကြောင့် တစ်ပတ်မှာ ဆေးလိပ်အရင်ကသောက်တာထက်ပိုလျှော့သောက်ဖို့က သင့်အတွက်အဆင့်ငယ်လေးပါပဲ ။ ထိုအဆင့်ငယ်လေးကို လိုက်နာနိုင်မှ သင်မှန်းထားတဲ့ရည်မှန်းချက်အကြီးကြီးဖြစ်လာမှာလေ။ အဲဒီ့တော့ တစ်ရက်ကို ဆေးလိပ်ဘယ်လောက်သောက်မယ်လို့ပြန်သတ်မှတ်ရမှာပေါ့၊ အဲဒါမှ တစ်ပတ်မှာ ဆေးလိပ်ဘယ်နှစ်လိပ်ဆိုတာ သတ်မှတ်နိုင်မယ်၊ တစ်လအကြာဆေးလိပ်ပြတ်မပြတ် သိနိုင်မှာပါ။ အဲဒီလို ကိုယ်မှန်းထားတာရောက်ဖို့ အသေးအဖွဲလေးတွေကနေ စတင်ပြီး ထိန်းချုပ်နိုင်အောင်ကျင့်ယူရတာပါ။

၅) ကိုယ့်ကိုယ်ကိုယ်အမြဲတပ်လှန့်နေပါ။
ကိုယ်က တကယ်ဆုံးဖြတ်ပြီး တကယ်ကျင့်ယူမယ်ဆိုရင် ကိုယ့်မှန်းထားတဲ့ပန်းတိုင်ကို မရောက်မချင်း ကိုယ့်ကိုယ်ကိုယ်အမြဲတပ်လှန့်နေပါ။ သတိပေးနေပါ။ “ငါ….ဒါကိုမလုပ်ဘူး၊ ငါ….ဒါကို မဖြစ်ဖြစ်အောင်လုပ်မယ်၊ မရရအောင်လုပ်မယ်၊ ငါ့ကိုငါသတ်မှတ်ထားတာက ဘာလဲ…..” စသဖြင့် ကိုယ်ရည်မှန်းထားတာဖြစ်လာဖို့ ကိုယ့်ဟာကိုယ်ထိန်းချုပ်နိုင်ဖို့သတ်မှတ်ထားတာကို မမေ့ပါစေနဲ့။ အမြဲကိုယ့်ကိုယ်ကိုယ်သတိပေးနေပါ။
၆) ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ပါ။
ကိုယ်မလုပ်ဘူးလို့ဆုံးဖြတ်ထားပြီး အမှတ်တမဲ့ မလုပ်မိအောင် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ဖို့အရေးကြီးပါတယ်။ မလုပ်ဘူးရယ်….လို့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်တာမျိုး ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်လုပ်ကိုလုပ်ရမယ်လို့….တွန်းအားပေးတာမျိုးနဲ့ ထိန်းချုပ်နိုင်ဖို့လိုပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။