မိန်းမလိုက်စားခြင်းကြောင့် ဘဝမည်သို့ပျက်နိုင်ပါသလဲ။

အပျော်အပါးလိုက်စားခြင်းက ဘယ်လိုမျိုးဘဝတွေကိုပျက်စေနိုင်ပါသလဲ၊ တော်တော်များများက သိပြီးသားဖြစ်ပေမယ့် တစ်ချို့ကသတိမမူတတ်ကြပါဘူး။ အိမ်ထောင်ဦးစီးတစ်ယောက်က မိန်းမလိုက်စားလိုက်တဲ့အခါ အဲဒီ့အိမ်ထောင်ဦးစီးတစ်ယောက်တည်းရဲ့ဘဝတစ်ခုတည်း ပျက်ရတာမဟုတ်ပါဘူး။ ထိုအိမ်ထောင်ဦးစီးနဲ့ပတ်သက်တဲ့ မိသားစုဝင်အားလုံးရဲ့ဘဝတွေပါ ပျက်စီးသွားနိုင်ပါတယ်။ အိမ်ထောင်ဦးစီးတော့မဟုတ်ဘူး ……ကိုယ်တွေက တစ်ယောက်တည်းသမားမို့ မိန်းမလိုက်စားတယ်၊ ဘာမှမဖြစ်ဘူးလို့များမထင်ပါနဲ့။ သင့်ဘဝကို သင်ကိုယ်တိုင်ဖျက်ဆီးပစ်နေတာနဲ့အတူတူပါပဲ။ အဲဒါအပြင် သင့်က တကယ်ချစ်ခင်နှစ်သက်သဘောကျလို့ လက်ထပ်ယူမယ့်အမျိုးကောင်းသမီးတွေ့လာတဲ့အခါ သင့်ကပါ သူ့ကို ဖျက်ဆီးသွားတဲ့တရားခံတောင်ဖြစ်နိုင်ပါသေးတယ်နော်။ အဲဒါအပြင် သင့်ရဲ့အနေအထိုင်မဆင်ခြင်မှုက သင့်ရဲ့မိဘ၊ ဆွေမျိုးအပေါင်းအသင်းတွေကိုတောင် ဖျက်ဆီးပစ်နိုင်ပါတယ်။ ဟုတ်ပါပြီ…..မိန်းမလိုက်စားရုံလောက်နဲ့များ ဘာလို့ဘဝတွေအများကြီး ပျက်စီးရမှာလို့ မေးစရာရှိပါတယ်။ အဓိက ပျက်စီးစေမယ့်အကြောင်းရင်းတွေ ရှိပါတယ်။ အဲဒါတွေကို ဖတ်ကြည့်လိုက်ပါအုံး။


- HIV / AIDS ရောဂါရနိုင်ပါတယ်။
အခကြေးငွေယူပြီး ဖျော်ဖြေမှုအလုပ်လုပ်ရတဲ့ အမျိုးသမီးတွေဟာ သင့်တစ်ယောက်တည်းကို အခကြေးငွေယူပြီး အလုပ်လုပ်တာမဟုတ်ပါဘူး။ အဲဒါကြောင့် လူပေါင်းများစွာနဲ့ သူမက ထိတွေ့ဆက်ဆံနေရတာပါ။ အဲဒါကြောင့် သူမမှာ HIV ပိုးရှိမရှိ သင်မသိနိုင်ပါဘူး။ အပြင်ပန်းချောလှတဲ့အမျိုးသမီးမို့ အခကြေးငွေပေးပြီ ပျော်ပါးခြင်းကြောင့် သူမဆီကနေ သင့်ထံ HIV ပိုး ကူးစက်နိုင်ပါတယ်။ HIV ပိုးကနေ AIDS ရောဂါဖြစ်ပွားနိုင်ပါတယ်။
ဒီရောဂါကို လူတိုင်းလိုလိုက ကြောက်ရွံ့နေဆဲပါ။ အရင်ကဆို ကုရာနတ္ထိဆေးမရှိတဲ့ရောဂါလို့တောင် ပြောကြပါသေးတယ်။ ကြောက်စရာမလိုပါဘူး…..သင်လိုက်စားခဲ့သမျှ မိန်းကလေးတွေအကုန်လုံးက သန့်ပါတယ်၊ ရောဂါမရှိနိုင်ပါဘူးလို့ သင်ဘယ်လိုသက်သေပြမလဲ။ သူတို့ကကော သင့်ကိုဘယ်လိုသက်သေပြကြသလဲ။ တွေးကြည့်ရင် ကြောက်စရာကြီးပါ။ အပျော်အပါးကို တစ်ခါလေး လိုက်စားမိရုံနဲ့တင် ထိုရောဂါဆိုးကို ကူးစက်ခံရနိုင်ပါတယ်။
- HIV ပိုးအကြောင်း
HIV ပိုးဟာ လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ၂ပတ်မှ ၄ပတ်လောက်အထိ သာမန်တုတ်ကွေးလက္ခဏာမျိုးသာပြတတ်ပါတယ်။ ခုခံအားစနစ်နိုင်ပါက အောင်းချိန်အတွင်းရောက်သွားနိုင်ပါတယ်။ အောင်းချိန်က နှစ်ရှည်ကြာနိုင်ပါတယ်။ AIDS ရောဂါက HIV ပိုးရဲ့နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ HIV မှ AIDS သို့ ပြောင်းလဲသွားတဲ့အခါမှာ ဖြစ်စဉ်ပြောင်းလဲမှုတွေရှိပါတယ်။ သာမန်လူတစ်ယောက်မှာ CD4 အရေအတွက် ၅၀၀ မှ ၁၂၀၀ ထိရှိနေနိုင်ပါတယ်။ ဒါပေမယ့် CD4 အရေအတွက် ၂၀၀ ခန့်သာရှိတော့တယ်ဆိုရင် HIV မှ AIDS သို့ပြောင်းလဲသွားပြီလို့ပြောနိုင်ပါတယ်။ AIDS အဆင့်ကိုပြောင်းလဲသွားတဲ့အခါမှာတော့ ခုခံအားစနစ်က လုံးဝကိုပျက်စီးသွားပါပြီ။ ခုခံအားစနစ်ကို ပြန်လည်ပြင်ဆင်လို့မလွယ်ကူတော့ပါဘူး။ ထိုအခါမှာ အခြားသောရောဂါတွေ ဝင်လာပါတော့တယ်။ ကင်ဆာရောဂါ၊ တီဘီရောဂါ၊ နမိုးနီးယားရောဂါ စတဲ့ရောဂါပေါင်းစုံ ဝင်ရောက်လာပါတယ်။
HIV ပိုးအဆင့်မှာတင် ဆေးဝါးသုံးစွဲပြီး စနစ်တကျနေထိုင်မယ်ဆိုရင်တော့ ရောဂါကို ထိန်းထားနိုင်ပါတယ်။
HIV ပိုးက ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေကနေတဆင့်၊ သွေးကနေတဆင့်၊ ဆေးထိုးအပ်ကနေတဆင့်၊ မိခင်နို့ကနေတဆင့် ကူးစက်နိုင်ပါတယ်။
- သင့်မိသားစုဘဝဘယ်လိုပျက်စီးမလဲ
သင့်ရဲ့အပျော်အပါးလိုက်စားခြင်းကြောင့် သင်ကအိမ်ထောင်ဦးစီးတစ်ယောက်သာဆိုရင် အရင်ဆုံးကူးစက်ခံရမယ့်သူက သင့်ရဲ့ဇနီးမယားပါ။ သင့်ကို ယုံကြည်စိတ်ချပြီး အလုပ်ကအပြန်ကို အိမ်မှာမျှော်မယ့်ဇနီးမယားက သင့်ကြောင့် ရောဂါကူးစက်ခံနိုင်ပါတယ်။
သင့်ရဲ့သားသမီးတွေဆီကိုလည်း မိခင်ကိုယ်ဝန်ဆောင်နေချိန်မှာ ကလေးဆီကို ကူးစက်နိုင်ပါသေးတယ်။
သင့်ရဲ့သားသမီးတွေလည်း မမွေးခင်က သေမိန့်ချခံထားရတဲ့ တရားခံလို သူတို့ရဲ့အပြစ်မရှိပါဘဲ သင့်အပြစ်ကို မျှဝေခံစားကြရမှာပါ။ ဒီရောဂါကြောင့် ပတ်ဝန်းကျင်မှာလည်း မိသားစုတွေ မျက်နှာငယ်ရမှာဖြစ်သလို သူတို့ကနေတဆင့် အနေအထိုင်မဆင်ခြင်မိတဲ့အခါ အခြားသူကိုပြန်ပြီး ကူးစက်နိုင်ပါသေးတယ်။
သင်က အိမ်ထောင်ဦးစီးတစ်ယောက်မဟုတ်လို သင့်ဝေဒနာကို သင်တစ်ယောက်တည်းခံစားရမှာပါလို့မထင်လိုက်ပါနဲ့။ သင်ကသာ အနေအထိုင်မဆင်ခြင်ခဲ့ရင် သင့်မိသားစု၊ ညီအကိုမောင်နှမဆွေမျိုးသားချင်းတွေဆီ ရောဂါကူးစက်နိုင်ပါတယ်။ ဥပမာ။ သင့်ညီရဲ့မုတ်ဆိတ်ရိတ်ဓားကို သင်ကရိတ်ပြီး သွေးထွက်သွားတာမျိုး၊ သင့်ညီက ထိုမုတ်ဆိတ်ဓားကို ပြန်သုံးတဲ့အခါ သူ့ကို HIV ပိုးကူးစက်နိုင်ပါတယ်။ ပြီးတော့ သွားပွတ်တံမှတဆင့် ကူးစက်တာမျိုး၊ ရောဂါရှိနေတဲ့သင့်သွေးကို အခြားသူများကို သွင်းဖို့ပေးလိုက်တာမျိုး၊ စသည်တို့ကနေတဆင့်ကူးစက်နိုင်ပါတယ်။
အဲဒါကြောင့် အပျော်အပါးလိုက်စားခြင်းက သင့်တစ်ယောက်တည်းရဲ့ဘဝတွေကိုသာမက သင်နဲ့ပတ်သက်နေတဲ့ ပတ်ဝန်းကျင် မိသားစု မိတ်ဆွေ အပေါင်းအသင်းတွေကို သင့်ရဲ့ မဆင်မခြင်နေထိုင်မှုကနေ တဆင့်ကူးစက်နိုင်ပါတယ်။
အထူးသဖြင့်သိထားရမှာက HIV ပိုးကြောင့်ဖြစ်လာတဲ့ AIDS ရောဂါက ကုသလို့ အရှင်းပျောက်တဲ့ရောဂါမျိုးမဟုတ်ဘဲ virus မပြန့်အောင်သာ ထိန်းထားနိုင်ပြီး လူ့သက်တမ်းကို အတတ်နိုင်ဆုံး ဆွဲဆန့်ထားနိုင်တာမျိုးသာဖြစ်ပါတယ်။
မိန်းမတော့လိုက်စားပါတယ်။ ခုလက်ရှိ ရောဂါကူးစက်ခံရမှုမရှိသေးဘူးဆိုရင်ကော ဘာမှမထိခိုက်နိုင်ပါဘူးလို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ တကယ်တော့ အဲဒါကမှားပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာမရှိဘူး၊ ကာကွယ်သင့်တာမကာကွယ်ဘူးဆိုရင်တော့ တစ်နေ့မဟုတ်တစ်နေ့တော့ သင့်မှာ ရောဂါကူးစက်နိုင်မယ့်အလားအလာရှိနေပါတယ်။
မိန်းမတော့မလိုက်စားပါဘူး…….သင့်ချစ်သူနဲ့သာ living thgether အတူနေဖြစ်ပါတယ်ဆိုရင်လည်း အတူတူပါပဲ။ သင့်ချစ်သူမှ HIV ပိုးရှိမရှိ အပြင်ပန်းကနေကြည့်ရုံနဲ့မသိနိုင်ပါဘူး။ ပထမချစ်သူနဲ့တုန်းကလည်း အတူနေဖြစ်တယ်။ ဒါပေမယ့်လက်မထပ်ဖြစ်ဘူး။ ဒုတိယချစ်သူနဲ့လည်း အတူနေလိုက်တယ်၊ လက်မထပ်ဖြစ်ဘူး။ ဆိုရင်တော့ စဉ်းစားစရာဖြစ်လာပါပြီ။ သတိထားရမှာက အကာအကွယ်မဲ့ လိင်ဆက်ဆံဖော်များလာလေလေ သင့်အတွက် HIV ပိုးကူးစက်ခံရမယ့် အခြေအနေများလေလေပါပဲနော်။

ဒီလောက်ဆိုရင်တော့ မိန်းမလိုက်စားခြင်းက သင့်ဘဝကိုဘယ်လိုဖျက်ဆီးနိုင်သလဲဆိုတာ သဘောပေါက်လောက်ပြီထင်ပါတယ်။ အားလုံးပဲ အသိအမြင်ကြွယ်ဝနိုင်ကြပါစေ။

HIV / AIDS ရောဂါနဲ့ပတ်သက်သမျှ သိမှတ်စရာအချို့ကို www.hellosayarwon.com မှ ဖတ်မိသလောက် ကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။