စိတ်ဖိစီးမှုများတဲ့မေမေတွေ စိတ်ဖီစီးမှုကိုဘယ်လိုကုစားမလဲ။

“အရမ်းတွေအိပ်ချင်နေပြီ၊ ဒီအရာတွေအားလုံးကို လွှတ်ချခဲ့ပြီး အဝေးကို ထွက်ပြေးပစ်လိုက်ချင်တယ်” ဆိုတဲ့စကားမျိုးတွေကို ဘယ်မိခင်မဆိုပြောဖူးကြမှာပါ။ မိခင်တွေက ဖခင်တွေထက်ကို စိတ်ဖိစီးမှုကို ပိုပြီး ခံစားကြရပါတယ်။ မိသားစုကိုအရမ်းချစ်ပြီး အရမ်းကို အာရုံထဲထည့်လွန်းတဲ့အတွက်ကိုပဲ စိတ်ဖိစီးမှုကို ပိုပြီး ခံစားကြရပါတယ်။ အဲဒီလို စိတ်ဖိစီးမှုအမြဲခံစားတတ်ကြရတဲ့မေမေတွေအတွက် စိတ်ဖိစီးမှုကိုပြန်လည်ကုစားနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) လူတိုင်းပျော်ရွှင်အောင် ၊ ကျေနပ်အောင် မကြိုးစားနေပါနဲ့။
လူတိုင်းအပြည့်အဝကျေနပ်အောင် လုပ်ပေးဖို့က မဖြစ်နိုင်ပါဘူး။ သင်အဲလိုကြိုးစားမိတဲ့အခါတိုင်းလည်း သင်ကိုယ်သင်မပိုင်တော့သလို ခံစားရပါလိမ့်မယ်။ သင်ကျေနပ်မှုတွေကို လျှော့ချပြီး သူတို့ကျေနပ်ဖို့ပဲလုပ်ပေးနေရတာကိုး။ သူတို့ကျေနပ်လေ သင့်အတွက်တော့ အားလပ်ချိန်မရှိလေ၊ စိတ်ဆင်းရဲလေဖြစ်နေရမှာပါ။ သင့်ကိုသင် အဲဒီလို အဓိပ္ပါယ်မရှိတဲ့ စိတ်ဖိစီးမှုတွေကနေ ကယ်ဆယ်သင့်ပါတယ်။ သင့်အတွက် အဓိပါ္ပယ်မရှိတဲ့အရာတွေကို လျှော့ချပြီး သင့်အတွက် တကယ်အရေးကြီးတဲ့အရာတွေနဲ့ တကယ်မလုပ်မဖြစ်လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကိုသာ အချိန်ပေးပါ။ အဲဒါက သင့်အတွက် စိတ်ဖိစီးမှု လျှော့ကျစေပါတယ်။ အရေးသိပ်မကြီးတဲ့အရာတွေကို တဖြေးဖြေးချင်းလျှော့ချလိုက်ပါ။

၂) ငြင်းတတ်အောင် ကြိုးစားပါ။
အရမ်းအလုပ်များတဲ့အခါမှာ သင့်အတွက် တကယ်လုပ်သင့်တာ၊ တကယ်အရေးကြီးတာနဲ့ အရေးမကြီးတာကို သိသင့်ပါတယ်။ သင်မလုပ်လည်းဖြစ်တဲ့အရာတွေအတွက်နဲ့ စိတ်ဖိစီးမှုမခံပါနဲ့။ အဲဒါက သင့်ရဲ့စိတ်ဖိစီးမှုကို လျှော့ချပေးဖို့ အဓိက အချက်ပါပဲ။ သင့်မှာ သင့်ကလေးအလုပ်နဲ့တင်မအားတာက တမျိုး၊ အခြား ဗာဟီရကိစ္စတွေကတမျိုးနဲ့ဆိုရင် ကလေးအတွက် ကိုယ်တိုင်လုပ်ပေးခြင်းက အရေးကြီးပါတယ်။ တခြားဗာဟီရကိစ္စတွေကို မလုပ်လည်း ရတယ်ဆိုရင် ငြင်းတတ်အောင်ကြိုးစားပါ။ အဲလိုမဟုတ်ဘဲ အားလပ်ချိန်ရရင်လုပ်ပေးပါ့မယ်လို့ ကတိပေးမိခြင်းက သင့်အတွက် သင့်အချိန်ဆိုတာ မရှိတော့အောင် လုပ်သလိုဖြစ်သွားတတ်ပါတယ်။ ပြောချင်တာက သင့်ကိုယ်သင်သိပါ။ သင်အရမ်းဖိစီးနေပြီဆိုရင် နောက်ထပ်ဖိစီးမယ့်ကိစ္စတွေကို ငြင်းတတ်အောင်လုပ်ပါ။ မဖြစ်မနေ အရေးကြီးကိစ္စတွေလောက်သာ သင်ကိုယ်တိုင်လုပ်ပါ။ အရာအားလုံးကို လုပ်ပေးမယ်လို့ လိုက်ပြောနေခြင်းက သင့်ကို စိတ်ဖိစီးမှုတိုးစေပါတယ်။

၃) အားလပ်ရက်ကို သတ်မှတ်ထားပါ။
တစ်ရက်ကိုတော့ အနားယူမယ့်ရက်အဖြစ်သတ်မှတ်ထားပါ။ အဲဒီ့နေ့မှာ သင့်ကိုသင်လွတ်လပ်ခွင့်ပေးပါ။ တစ်နေ့လုံး ဟင်းမချက်ဘဲ ဝယ်စားလိုက်တာမျိုး၊ အဝတ်မလျှော်တာမျိုး၊ ကိုယ်လုပ်ချင်တာလေးတွေပဲလုပ်မယ်၊ ကိုယ့်ကိုကိုယ်ဘာမှ ဖိအားမပေးဘူးဆိုတဲ့နေ့မျိုးပေါ့။ အိမ်ရှင်မတွေက နေ့ရက်တိုင်းမှာ အိမ်မှုကိစ္စ၊ အိမ်သန့်ရှင်းရေး၊ ကလေးကိစ္စ၊ အိမ်ထောင်ဦးစီးကိစ္စတွေနဲ့ချည်း နပန်းလုံးရတာများလာပြီး ကိုယ့်အတွက်တောင် အချိန်မပေးဖြစ်တော့ပါဘူး။ အဲဒါကြောင့် ကိုယ်လုပ်ချင်တာလုပ်ဖို့ ရက်သတ်မှတ်ထားကြောင်း၊ အဲဒီ့နေ့မှာ အိမ်မှုကိစ္စနဲ့အခြားကိစ္စတွေဘာမှလုပ်မှာမဟုတ်ကြောင်း အိမ်ကလူတွေကိုသတိပေးထားပါ။ အဲဒီ့နေ့ရောက်ရင် ပေါ်လာသမျှ ကိစ္စတွေကို အရေးမကြီးရင် နောက်နေ့မှ လုပ်မယ်လို့တွေးပြီး စိတ်အေးအေးသာနေလိုက်ပါ။

၄) လက်တွေ့ကျတဲ့မျှော်မှန်းချက်သာ ထားပါ။
သင်က super hero မဟုတ်ပါဘူးနော်။ သင့်ဘဝက အမြဲလို ပြည့်စုံမနေနိုင်ပါဘူး။ အဲဒါက ဘယ်တော့မှဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေရဲ့သဘောကိုက ရလေလိုလေ အိုတစ္ဆေမဟုတ်လား။ တစ်ခုရထားရင် နှစ်ခုလိုချင်တတ်ပါတယ်။ အဲဒါကြောင့် အဲလိုတပ်မက်လိုချင်စိတ်ရှိနေသမျှ ဘယ်တော့မှ ပြည့်စုံတယ်လို့ ခံစားရမှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင့်ရဲ့အသည်းအသန်ကြိုးစားမှုတွေနဲ့ မဖြစ်နိုင်တာကို မျှော်မှန်းမှုတွေကို လျှော့ချထားပါ။ ဖြစ်နိုင်တာ၊ ရနိုင်တာလေးတွေနဲ့ ကျေနပ်တတ်ပါစေ။ အဲဒီ့စိတ်ကလည်း သင့်ကို စိတ်ဖိစီးမှုလျှော့နည်းစေပါတယ်။

၅) သင်ထင်ထားသလိုဖြစ်လာမယ်လို့ လူတိုင်းကို တရားသေမှတ်မထားပါနဲ့။
အခြားသူတွေက သင့်ထင်ထားသလိုဖြစ်လာလိမ့်မယ်လို့ အမြဲထင်မထားပါနဲ့။ မိသားစုနဲ့ အပေါင်းအသင်းမိတ်ဆွေအားလုံးကိုပေါ့။ သူတို့နဲ့ဆက်ဆံရတဲ့ဆက်ဆံရေးက နာကျင်စရာတွေလည်းရှိနိုင်သလို၊ အကောင်းဘက်ကဖြစ်လာတဲ့ကိစ္စရပ်တွေလည်း ရှိမှာပါ။ ဘယ်သူ့ကိုမှ တရားသေမှတ်ထားလို့မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် သင့်စိတ်ထဲမှာ သတ်မှတ်ချက်တစ်ခုအနေနဲ့ “အော်…အဲလိုဖြစ်နိုင်ပါလား” လို့ လူတိုင်းက ကိုယ်ထင်ထားသလိုဖြစ်ချင်မှဖြစ်မယ်ဆိုတာ မှတ်ထားပါ။ အဲဒီလိုမှတ်ထားတဲ့အခါ သင်မမျှော်မှန်းထားတဲ့ အဆိုးတွေဖြစ်လာတဲ့အခါမှာလည်း သင့်ကိုသင်ဖြေဆည်နိုင်ပါတယ်။ သင်ထင်ထားတာတွေမဖြစ်လာခြင်းကြောင့် စိတ်ဖိစီးရတာမျိုးတွေ နည်းသွားပါလိမ့်မယ်။ သင်ကသင့်အပေါ်အရမ်းကောင်းပါတယ်လို့ထင်ထားတဲ့လူတစ်ယောက်က သင့်ကိုနစ်နာအောင် ပြောတာမျိုးခံလိုက်ရတဲ့အခါ သင်ပိုပြီးခံစားရသလိုမျိုးပေါ့။ အဲဒါကြောင့် လူတိုင်းက အမြဲတရားသေဖြစ်နေမှာမဟုတ်ဘူး၊ အချိန်တိုင်း ပြောင်းလဲနိုင်တယ်ဆိုတာ လက်ခံလိုက်ပါ။

အထက်က အချက်တွေက စိတ်ဖိစီးမှုများတဲ့မေမေတွေအတွက် စိတ်ဖိစီးမှုကို ကုစားနိုင်မယ့်နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။
http://www.imom.com/5-ways-to-cure-stress/#.XTp74ugzbDd လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။