ဘာကြောင့်ကလေးတွေကို အပြင်မှာများများကစားခိုင်းသင့်သလဲ။
အက်မင်တို့ ငယ်ငယ်ကတုန်းကဆိုရင် အပင်ပေါ်တက်အသီးခူးတာမျိုး၊ ကွင်းပြင်ကျယ်ကြီးတွေထဲမှာ စိန်ပြေးလိုက်တမ်းဆော့တာမျိုး ကြိုးခုန်တာမျိုး စတဲ့ကိုယ်လက်လှုပ်ရှားကစားနည်းတွေနဲ့ ဆော့ရပေမယ့် ခုခေတ်ကလေးတွေမှာ ထိုကဲ့သို့ ခုန်ပေါက်ပြေးလွှားဆော့ကစားဖို့ ကွင်းပြင်တွေ၊ သစ်ပင်တွေ၊ မြေနေရာလွတ်တွေ တော်တော်ရှားပါးလာပါပြီ။ အဲဒါအပြင် ခေတ်စနစ်အရ ကလေးတစ်ယောက်တည်းနဲ့တောင် သင်တန်း၊ ကျူရှင်၊ ကျောင်း၊ စသည်ဖြင့် ကစားဖို့ရာအချိန်တောင် အလုံအလောက်မရှိတဲ့အခြေအနေမျိုးတွေ ဖြစ်လာပါတယ်။ ကလေးတွေမှာ သဘာဝပတ်ဝန်းကျင်မှာ လေကောင်းလေသန့်ရရှိဖို့ထက် ဖုန်း၊ ကွန်ပျူတာ၊ တီဗွီ စတဲ့ screen time တွေသာ များပြားလာပါတယ်။ ကိုယ်တွေငယ်ငယ်ကဆို အပြင်ထွက် ခုန်ပေါက်ပြေးလွှားဆော့ကစားတဲ့ကလေးမျိုးကသာ ကျန်းမာတာ….ဆိုပြီး လူကြီးတွေက ဆော့ကစားခိုင်းတတ်ပေမယ့် ဒီခေတ်ကလေးတွေမှာတော့ ထိုအခွင့်အရေးတွေ ဆုံးရှုံးနေပါတယ်။ တကယ်က အပြင်ထွက် သဘာဝပတ်ဝန်းကျင်မှာ လေကောင်းလေသန့်ရှုရှိုက်ခြင်း၊ ပြေးလွှားဆော့ကစားခြင်းက ကလေးတွေအတွက် ကောင်းကျိုးတွေအများကြီးရှိပါတယ်။
နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အထူးသဖြင့် နေလောင်တဲ့အခါ အရေပြားကင်ဆာဖြစ်ပွားမှုအန္တရာယ်ရှိပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်က နေရောင်ခြည်ဓာတ်ကို လိုအပ်ပါတယ်။ နေရောင်ခြည်ကနေ ဗီတာမင် ဒီ ဓာတ်ကို ရရှိတဲ့အတွက် လိုအပ်တာပါ။ ဗီတာမင်ဒီဓာတ်က အရိုးကနေ ကျွန်တော်တို့ခန္ဓာကိုယ် လှုံ့ဆော်မှုစနစ်တွေအထိ အရေးပါတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ နေရောင်ခြည်ဓာတ်က ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ လှုံ့ဆော်မှုစနစ်တွေကို လုပ်ဆောင်ပေးပြီး အိပ်ပျော်စားဝင်စေခြင်း ၊ တက်ကြွလန်းဆန်းစေတဲ့ခံစားချက်ကို ရရှိစေနိုင်ပါတယ်။ နေရောင်ခြည်ကို နေ့စဉ်ရတဲ့အခါ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်က အကောင်းဆုံးအလုပ်လုပ်နိင်စွမ်းရှိပါတယ်။
၂) ပြင်ပမှာ ကစားခြင်းကြောင့်တက်ကြွဖြတ်လတ်စေခြင်း။
ကလေးတွေက အပြင်ပတ်ဝန်းကျင်မှာ နေ့စဉ် တစ်နာရီခန့်တော့ လှုပ်ရှားကစားသင့်ပါတယ်။ ကလေးတွေ တက်ကြွလန်းဆန်းဖို့ နည်းလမ်းက အပြင်ထွက်လှုပ်ရှားကစားစေခြင်းပါပဲ။ သူတို့က အိမ်ထဲမှာလည်း လေ့ကျင့်ခန်းလုပ်စေနိုင်ပါတယ်။ ဒါပေမယ့် အပြင်ထွက်ပြီး ဘောလုံးကန်ခြင်း၊ စက်ဘီးစီးခြင်း စတဲ့လေ့ကျင့်ခန်းတွေက ပိုပြီး တက်ကြွမှုဖြစ်စေပါတယ်။ သူတို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းပါပဲ။
၃) လေ့ကျင့်ခန်းလုပ်ဆောင်စေခြင်းကြောင့် ဘဝအတွက်လိုအပ်တဲ့စွမ်းရည်တွေ သင်ယူပြီးသားဖြစ်ခြင်း။
ပြင်ပမှာ ထွက်ပြီး ကစားစေခြင်းကြောင့် ကလေးတွေရဲ့ အစီအစဉ် လုပ်ဆောင်တတ်ခြင်း၊ ဦးစားပေးအစီအစဉ်ချမှတ်တတ်ခြင်း၊ ပြဿနာဖြေရှင်းပေးနိုင်စွမ်းရှိလာခြင်း၊ ညှိုနှိုင်းတတ်လာခြင်းနှင့် တစ်ပြိုင်တည်းမှာ လုပ်ငန်းများစွာလုပ်နိုင်စွမ်းရှိလာခြင်း စတဲ့စွမ်းရည်တွေ တိုးလာစေပါတယ်။ အဲဒီ့စွမ်းရည်တွေက ကလေးရဲ့ ဘဝမှာ အောင်မြင်ဖို့ အခြေခံအုတ်မြစ်ပါပဲ။ ဆော့ကစားရင်းနဲ့ ကိုယ့်ဟာကိုယ်ဖျော်ဖြေတတ်လာပြီး ဆော့ကစားနေရင်း ကြုံလာတဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ နားလည်လာပါမယ်။ အဲဒီ့ စွမ်းရည်တွေကို လေ့လာသင်ယူပြီး လက်တွေ့ဆော့ကစားရင်းသိလာမှာဖြစ်ပါတယ်။ ကလေးတွေမှာက တစ်ယောက်တည်းဆော့ကစားဖို့အချိန်လိုသလို၊ အခြားကလေးတွေနဲ့ဆော့ကစားဖို့လည်း အချိန်ရှိဖို့လိုပါတယ်။ အပြင်ထွက် ကစားစေခြင်းက ကလေးတွေကို အထက်ပါ စွမ်းရည်တွေကို လေ့ကျင့်ပြီးသားဖြစ်စေနိုင်ပါတယ်။
၄) အခက်အခဲတွေ ကြုံတွေ့စေခြင်း။
ကလေးတွေက တစ်ချို့သော အခက်အခဲတွေ ကြုံတွေ့ဖို့လိုအပ်ပါတယ်။ မိဘတွေက အဲလိုမျိုးအခက်အခဲတွေကြုံရမှာကို ပူပန်တတ်ပါတယ်။ ကလေးတွေကို အန္တရာယ်ကင်းစေချင်တဲ့သဘောနဲ့ အခက်အခဲကြုံမှာကို မလိုလားကြပါဘူး။ ဒါပေမယ့် ကလေးတွေအတွက် အခက်အခဲအနည်းလေးမှ မကြုံဖူးရင် သူတို့ ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို သူတို့သိမှာမဟုတ်ပါဘူး။ အဲဒီ့အခါ သူတို့ကိုယ်သူတို့ ယုံကြည်မှုလည်း ရှိမှာမဟုတ်တော့ပါဘူး။ အဲဒါကြောင့် အခက်အခဲလေးတွေဖြစ်ပါစေ သူတို့ဟာသူတို့ဖြေရှင်းပါစေ။ အပင်ပေါ် တက်တာမျိုး၊ အပင်ပေါ်က ပြန်ဆင်းတာမျိုး စတဲ့အခက်အခဲလေးတွေ(သူတို့ကို အများကြီးမထိခိုက်နိုင်မယ့်အခက်အခဲလေးတွေပေါ့) လုပ်ပါစေ။ အဲဒါမှ အခက်အခဲကြုံလာရင်ဘယ်လိုဖြေရှင်းမလဲဆိုတာကို သိလာမှာပါ။ ကျရှုံးမှုတွေကနေ အောင်မြင်အောင် ပြန်ကြိုးစားရမယ်ဆိုတာကိုလည်း သိလာမှာပါ။
၅) လူမှုဆက်ဆံရေးကောင်းမွန်စေခြင်း။
ကလေးတွေက အချင်းချင်း ဘယ်လို အတူတူကစားမလဲ၊ တစ်ခုခုကို ဘယ်လိုအတူတူ လုပ်ဆောင်မလဲ ဆိုတာမျိုး တိုင်ပင်ဆွေးနွေးရာကနေ ဆက်ဆံရေးပြေလည်တိုးတက်လာနိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေ အချင်းချင်းမျှဝေမလဲ၊ ကျောင်းအားကစားအသင်းမှာ ဘယ်လိုညီညွှတ်အောင် ကစားမလဲ စတာတွေပေါ့။ သူတို့မလုပ်နိုင်တဲ့အရာတွေကို သူတို့သိလာအောင် ၊ လုပ်နိုင်လာအောင် သင်ယူနိုင်ပါတယ်။
၆) သဘာဝပတ်ဝန်းကျင်ကို အလေးထားတတ်လာခြင်း။
ကျွန်တော်တို့ရဲ့ကမ္ဘာကြီးက ပြောင်းလဲနေပါတယ်။ ဒါပေမယ့် ပိုကောင်းလာဖို့တော့မဟုတ်ပါဘူး။ ကလေးတွေက သစ်တောထဲမှာ လမ်းမလျှောက်ရတော့ဘူး၊ မြေကြီးတွေ မတူးဆွရတော့ဘူး၊ သူတို့ချစ်တဲ့တိရိစ္ဆာန်လေးတွေကို မရှာဖွေနိုင်တော့ဘူး၊ တောင်မတက်ရတော့ဘူး၊ စမ်းချောင်းလေးတွေမှာ မကစားရတော့ဘူး၊ ပင်လယ်ကြီးဆိုတာ သူတို့မသိနိုင်တော့ဘူးဆိုရင် ကမ္ဘာကြီးပေါ်မှာ ဘယ်အရာတွေ ပျောက်ဆုံးကုန်ပြီလဲ ဆိုတာကို သူတို့သိနိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကမ္ဘာမြေကြီးရဲ့ အနာဂတ်မှာ သာယာလှပဖို့က သူတို့လေးတွေပေါ်မှာ မူတည်နေပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရမယ်ဆိုတာကို သူတို့နားလည်သဘောပေါက်ဖို့ လိုအပ်နေပါတယ်။ သူတို့ဆော့ကစားဖူးတဲ့ သစ်တောတွေ မရှိတဲ့အခါ ဘာဖြစ်လာမလဲဆိုတာကို သူတို့သိဖို့လိုပါတယ်၊ သူတို့ ဆော့ကစားတဲ့ စမ်းချောင်းလေးတွေ မရှိတော့တဲ့အခါ ဘယ်လိုလုပ်မလဲဆိုတာ သူတို့တွေးတတ်လာမှ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရကောင်းမှန်းသိလာမှာပါ။ အဲဒါကြောင့် သင့်ကလေးကို အပြင်သဘာဝပတ်ဝန်းကျင်မှာ ဆော့ကစားခွင့်ပေးလိုက်ပါ။ အကောင်းဆုံးကတော့ သူတို့နဲ့အတူ အပြင်ထွက်ဆော့ကစားပါ။
အထက်က ကောင်းကျိုးတွေကြောင့် သင့်ကလေးကို တစ်ပတ်တစ်ခါလောက်ဖြစ်ဖြစ် ပြင်ပမှာ ထွက်ပြီး ဆော့ကစားဖို့ အချိန်လေးပေးလိုက်ပါတော့လို့ တိုက်တွန်းလိုက်ရပါတယ်။
https://www.health.harvard.edu/blog/6-reasons-children-need-to-play-outside-2018052213880 လင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။
#BAWA101