ကောင်းသောအရာတွေသာ ကိုယ့်ဆီကျန်ခဲ့ပါစေ။

လူတိုင်းလိုလိုကတော့ ကောင်းသောအခြင်းအရာတွေသာ လိုချင်ကြသူချည်းပါပဲ။ ဒါပေမယ့် ကောင်းတဲ့အရာတွေကို ရှာဖွေရကောင်းမှန်းတော့မသိတတ်ကြပါဘူး။ ကျောင်းမှာဆိုလည်း အတော်ဆုံးဖြစ်ချင်တယ်၊ အလုပ်ခွင်မှာ အကောင်းဆုံးဝန်ထမ်းဖြစ်ချင်တယ်၊ ကိုယ်ပိုင်လုပ်ငန်းအောင်မြင်ချင်တယ်၊ ကိုယ့်ရည်မှန်းချက်တွေဖြစ်မြောက်ချင်တယ်…. စသည်ဖြင့် ကောင်းတဲ့အခြင်းအရာတွေမှန်သမျှ မလိုချင်သူမရှိကြပါဘူး။


ဒါပေမယ့် ကောင်းသောအရာတွေကို ဘယ်လိုယူရမလဲ…..ဆိုတာတော့ သိပ်စိတ်မဝင်စားကြပါဘူး။ လိုချင်စိတ်တော့ရှိကြပေမယ့် ဘယ်လိုယူရမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။ လူတိုင်းမှာ ကောင်းတာရှိသလို၊ ဆိုးတဲ့အကျင့်တွေလည်း ရှိတတ်ကြတာပါပဲ။ အဲလိုပဲ ဘယ်လိုအခြေအနေမျိုးမှာမဆို ကောင်းတဲ့အခြေအနေနဲ့ ဆိုးတဲ့အခြေအနေရယ်ဆိုပြီး နှစ်မျိုးရှိတတ်ပါတယ်။
ကျွန်တော်တို့က ကောင်းသောအရာတွေကိုသာ လိုချင်တယ်ဆိုရင် ကောင်းတဲ့အကြောင်းအရာကိုသာ တွေးရမှာပေါ့။ လူတစ်ယောက်နဲ့တစ်ယောက်ပေါင်းသင်းပတ်သက်တဲ့အခါမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ထိုလူရဲ့ ကောင်းတဲ့အကျင့်နဲ့ ဆိုးတဲ့အကျင့်ထဲမှာမှ ဆိုးတဲ့အကျင့်က ကိုယ်ပြုပြင်ပေးလို့မရပေမယ့် ကောင်းတဲ့အကျင့်ကိုတော့ ကိုယ်က အတုယူလို့ရပါတယ်။
လူတစ်ယောက်က ခုလက်ရှိအခြေအနေထက် တဆင့်ပိုတိုးတက်တဲ့ နေရာတစ်နေရာကို တိုးတက်ချင်တယ်ဆိုရင် ကိုယ့်ဟာကိုယ်ပဲပြုပြင်မှ ဖြစ်နိုင်တာပါ။ တိုးတက်ချင်တယ်လို့ပြောနေလည်း ဘယ်သူကမှ သင့်ကိုလှေကားလာမထောင်ပေးပါဘူး။ လှေကားလာထောင်ပေးအုံး သင်ကိုယ်တိုင်ကမတက်ချင်ရင် ဘယ်သူမှ မတတ်နိုင်ပါဘူး။ “သူကိုယ်တိုင်တောင်မတက်ချင်တဲ့သူတစ်ယောက်ကို လှေကားပေါ် သင်တင်ပေးလို့မရဘူး” လို့ Andrew Carnegie ကပြောခဲ့ပါတယ်။ အဲလိုပါပဲ…..ကောင်းသောအခြင်းအရာကို မလိုချင်တဲ့သူကလည်း အခြားသူများဆီက ကောင်းသောအရာ၊ ကောင်းသောအကျင့်အကြံ၊ ကောင်းသောကြိုးစားအားထုတ်မှုစသည်တို့ကို မမြင်တတ်၊ မသင်ယူတတ်ပါဘူး။ အဲဒီ့တော့ ကောင်းသောအခြင်းအရာတွေမှန်သမျှ မလိုချင်သူထံမှာ ရှိနေမှာလည်း မဟုတ်ပါဘူးနော်။ ကောင်းသောအကျင့်တွေ မရှိတဲ့လူတစ်ယောက်က လူကောင်းတစ်ယောက်မဖြစ်နိုင်သလို အောင်မြင်တိုးတက်နိုင်တဲ့လူတစ်ယောက်လည်း မဖြစ်နိုင်ပါဘူး။
အဲဒီတော့ ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်ရင် အခြားသူများဆီက ကောင်းသောအကျင့်တွေ ကောင်းသောအပြုအမူတွေကို မြင်အောင် ကြည့်ပါ။
ကောင်းသောအပြုအမူ၊ အကျင့်တွေကို အတုယူပြီး ကိုယ့်ကိုကိုယ်ပြုပြင်ပါ။ ဆိုးတဲ့၊ မကောင်းတဲ့အပြုအမူမျိုးကျပြန်တော့ သင်ခန်းစာအနေနဲ့ယူပါ။ “အော်….သူ့ရဲ့ဒီအကျင့်ကြီး ကမကောင်းပါလား၊ အခြားသူများကိုလည်း ထိခိုက်စေပါလား၊ ငါ့အလှည့်ကျရင်တော့ ဆင်ခြင်မှပဲ” ဆိုတဲ့အတွေးလေးတွေးပြီး သင်ခန်းစာယူပါ။ ကိုယ့်အလှည့်ကျ မလုပ်မိစေဖို့ သတိပြုလိုက်ပါ။
ကောင်းတဲ့အပြုအမူ၊ အကျင့်စရိုက်ကျတော့ ကိုယ်က လိုက်ပါကျင့်ကြံနိုင်အောင်ကြိုးစားပါ။ တဖြေးဖြေးချင်း အခြားသူရဲ့ကောင်းတဲ့အလေ့အကျင့်က ကိုယ်နဲ့တသားထဲဖြစ်သွားပြီး ကိုယ့်မှာပါ ကောင်းတဲ့အကျင့်လေးစွဲမြဲသွားပါလိမ့်မယ်။ အဲဒီ့အခါ ကိုယ့်ထံမှာ ကောင်းတဲ့အကျင့်တစ်ခုဆို တစ်ခုဆိုသလောက် ကိုယ်ပိုင်ဆိုင်သွားတာက တန်ဖိုးမဖြတ်နိုင်ပါဘူး။ အဲလိုမျိုး ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ မကောင်းသောအကျင့်ကို သင်ခန်းစာယူ၊ ဆင်ခြင်ကြည့်ပါ။ ကောင်းတဲ့အကျင့်ကျ အတုယူ၊ ကိုယ့်ကိုကိုယ်ပြုပြင်ကြည့်ပါ။ အချိန်တခုရောက်လာတဲ့အခါ ကိုယ့်မှာ ကောင်းတဲ့အကျင့်တွေသာ ကျန်ခဲ့ပါလိမ့်မယ်။ အဲဒါကသာ ကိုယ့်ဘဝရဲ့ အမြတ်ပါပဲ။
အဲဒါကြောင့် ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့ အခြားသူများရဲ့ မကောင်းတဲ့အကျင့်တွေဆို သင်ခန်းစာယူပြီး ဆင်ခြင်လို့၊ ကောင်းတဲ့အကျင့်တွေကျတော့ အတုယူ၊ ကျင့်ကြံသင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။