Fake Friend မှန်းသိနိုင်တဲ့အချက်များ

Fake friend ဆိုတာမျိုးက ကိုယ့်အပေါ် တကယ့်စိတ်ရင်းနဲ့မဟုတ်ဘဲ ဟန်ဆောင်ပန်ဆောင်ဆက်ဆံတတ်ပြီး အခန့်မသင့်ရင် ပြဿနာတောင်ပေးတတ်ပါသေးတယ်။ ရှင်းရှင်းလင်းလင်း မခေါ်မပြောတဲ့လူထက်စာရင် ဟန်ဆောင်တတ်တဲ့လူတွေက ကိုယ့်ဘဝကို တခုမဟုတ်တခု ထိခိုက်အောင်လုပ်လာနိုင်ပါသေးတယ်။ အဲဒါကြောင့် ကိုယ့်ဆီမှာ fake friend များရှိနေသလားဆိုတာ အောက်ကအချက်တွေကြည့်ရင်သိနိုင်မှာပါ။


၁) ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးဆက်ဆံတတ်သူ
ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးဆက်ဆံတတ်သူမျိုးဟာ ရေရှည်မှာသိသာလာပါတယ်။ ကိုယ့်အရှေ့မှာဆိုရင် ကိုယ့်ဘက်က ပါသလိုလိုနဲ့ဆက်ဆံတတ်ပေမယ့် ကိုယ့်နောက်ကွယ်ရောက်သွားတဲ့အခါကျရင်တော့ ချက်ချင်းသူမဟုတ်သလိုပြောင်းလဲတတ်သူတွေပါ။ အဲဒီလိုလူမျိုးတွေဟာ ရေရှည်မှာ သူငယ်ချင်းကောင်းမဖြစ်နိုင်ပါဘူး။ သာရင်သာသလို ဆက်ဆံပြီး သာတဲ့လူဆီသာ မျက်နှာသာပေးရင်းပြောင်းလဲမယ့်သူမျိုးဖြစ်ပါတယ်။

၂) သူ့ထက်သာရင် မနာလိုတဲ့စိတ်ရှိသူ
ဒါမျိုးက သူ့ထက် ကိုယ်က အဆင်မပြေနေချိန်မှာ ကိုယ့်အပေါ် အရမ်းနားလည်၊ သနားပြီးကူညီတတ်ပေမယ့် ကိုယ်က တခုခုကြောင့် အဆင်ပြေအောင်မြင်သွားချိန်မှာတော့ ချက်ချင်းမခေါ်မပြောနိုင်ဖြစ်သွားတတ်သူမျိုးတွေပါပဲ။ တချို့က မခေါ်နိုင်မပြောနိုင်ဖြစ်ရုံမက ကွယ်ရာမှာ သူ့ကိုကိုယ်က ဘယ်လိုကူညီခဲ့တာ၊ သူက ဘယ်လိုနိမ့်ကျကြောင်းတွေကိုပါ ကဲ့ရဲ့ရှုံ့ချတဲ့ပုံစံမျိုးနဲ့ပြောတတ်ပါသေးတယ်။ အဲဒီ့လို အပေါင်းအသင်းမျိုးက စိတ်ထားမမှန်ကန်တဲ့အပေါင်းအသင်းမျိုးပါပဲ။

၃) ကွယ်ရာအတင်းပြောတတ်သူ
ဒါလည်းအလားတူပါပဲ။ ကိုယ့်ရဲ့ မကောင်းကြောင်း ဒါမှမဟုတ် အပြစ်တွေကို ကိုယ့်ရှေ့မှာ မပြောဘဲ ကွယ်ရာရောက်မှ လူတိုင်းကိုလျှောက်ပြောတတ်သူမျိုးပါ။ တကယ်စိတ်ရင်းမှန်ကန်တဲ့လူမျိုးက သင့်မှာ အမှားရှိနေရင် ပြုပြင်နိုင်စေဖို့ စေတနာအပြည့်နဲ့ အကျိုးကြောင်းပြ ပြောပြမှာဖြစ်ပါတယ်။ အဲဒီလို ဝေဖန်ထောက်ပြတတ်သူမျိုးကတော့ သင့်အမှားကို သင်ပြုပြင်ဖို့လက်ခံသင့်ပါတယ်။ တချို့ကျတော့ အဲဒီလိုစေတနာမဟုတ်ဘဲ တမင်ကို အရသာခံပြီးပြောနေကြတာမျိုးပါ။ အဲဒါမျိုးအပေါင်းအသင်းနဲ့ကတော့ သင့်မှာ ဘယ်တော့မှ အပြစ်လွတ်မှာမဟုတ်ပါဘူး။

၄) စနောက်သလိုနဲ့လူရှေ့နှိမ်တတ်သူ
ဒါမျိုးအပေါင်းအသင်းနဲ့လည်းကြုံဖူးမှာပါ။ ဒီလိုသူငယ်ချင်းမျိုးက သင်နဲ့နှစ်ယောက်တည်းရှိနေချိန်မှာတော့ သင့်အပေါ် ကောင်းပြနေမှာဖြစ်ပေမယ့် လူအများရှေ့ရောက်ပြီဆိုရင် သင်ကပဲ သူ့ထက်နိမ့်ကျသလို၊ သင့်ရဲ့ငယ်ကျိုးငယ်နာ တွေ၊ အောက်ဖဲလှန်တာမျိုးတွေ လုပ်တတ်ပါတယ်။ စနောက်ချင်ရုံမဟုတ်ဘဲ လုံးဝစိတ်ထိခိုက်အောင်လုပ်တတ်သူမျိုးပါပဲ။ စနောက်တယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ သင့်ကို အနုနည်းနဲ့ bully လုပ်တတ်သူပါပဲ။

၅) ကိုယ့်အဆင်မပြေမှုတွေကို နားလည်သယောင်ဟန်ဆောင်ပြီး လှောင်ပြောင်တတ်သူ
ဒီသူငယ်ချင်းမျိုးကတော့ ကိုယ့်ခံစားချက်တွေကို ခံစားနားလည်သလို ဟန်ဆောင်တတ်ပြီး နောက်ကွယ်ကျရင် လှောင်ပြောင်တတ်သူမျိုးပါ။ ကိုယ့်ရဲ့ခံစားချက်ကို ဟန်ဆောင်ခံစားနားလည်သလိုလိုနဲ့ လှောင်ပြောင်ခံရတဲ့ခံစားချက်ကလည်း ဆိုးပါတယ်။ တနည်းအားဖြင့်ကိုယ့်ကို စကားနှိုက်ပြီး လှောင်ပြောင်လိုက်တာပါပဲ။
အဲဒီလိုအပေါင်းအသင်းတွေက ဘယ်တော့မှ သူငယ်ချင်းကောင်းဖြစ်မလာနိုင်ပါဘူး။ ဘယ်တော့မှလည်း သင့်စိတ်ကိုနားလည်ပြီး သင်ပြဿနာတွေ၊ ဒုက္ခတွေကို စာနာကူညီဖို့အသင့်ရှိမယ့်လူတွေမဟုတ်ပါဘူး။ သင့်ကိုသာ သူတို့အကူအညီလိုရင် သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေ အကူအညီလာတောင်းမယ့်သူတွေမို့ အတတ်နိုင်ဆုံး အဲဒီ့လို fake friend တွေနဲ့ ဆက်ပြီးခင်မင်နေမယ့်အစား တစ်ယောက်တည်းဖြစ်နေတာကမှပ ိုကောင်းပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။