အကြွေးတွေပုံလာစေသည့် ငွေကြေးဆိုင်ရာအကျင့်ဆိုးများ

ငွေက ဘယ်လောက်ရှာရှာ ဘယ်တော့မှ လောက်တယ်ဆိုတာမရှိဘူး။ ငွေက ပိုပြီး ဝင်ငွေတိုးလာပေမယ့် ကုန်မြဲကုန်နေတာပဲ….မစုဆောင်းဖြစ်ဘူး၊ အကြွေးကလည်း တင်သထက်တင်နေတုန်းပဲ။ စတဲ့စကားတွေက လူတိုင်းလိုလိုကြားဖူးကြမှာပါနော်။ ဘာလို့များ ဝင်ငွေတိုးလာသလောက် ငွေက လက်ထဲမရှိဘဲ ကုန်မြဲကုန်နေတတ်တာပါလိမ့်။ အကြွေးတွေကလည်း တင်မြဲတင်နေတာပါပဲ၊ အကြွေးမယူတော့ဘဲ နေပေမယ့် အချိန်တန်ငွေမရှိလို့ အကြွေးယူမိတာပါပဲဆိုတဲ့ သူတွေ ဘာလို့များ အဲလိုတွေဖြစ်တတ်တာပါလိမ့်။ အောက်မှာဖော်ပြမယ့် အကျင့်လေးတွေ ရှိနေတယ်ဆိုရင်တော့ သေချာပါတယ်….သင့်လက်ထဲ ဘယ်တော့မှ ငွေပိုငွေလျှံရှိမှာမဟုတ်ပါဘူး။ အခန့်မသင့်ရင် အကြွေးတောင် တင်သထက်တင်နေအုံးမှာပါ။ အောက်ကအချက်လေးတွေ ဖတ်ကြည့်ပြီး အဲဒီ့အကျင့်ဆိုးတွေ ကိုယ့်မှာရှိမရှိ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်ပါနော်။


၁) ဝယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ခြင်း
လက်ထဲ ငွေရောက်ပြီဆိုတာနဲ့ မျက်လုံးထဲက မြင်လိုက်သမျှ အထူးသဖြင့် ဝယ်ချင်သမျှကို မစဉ်းစားဘဲ ဝယ်ပစ်လိုက်တာမျိုးပါပဲ။ သေချာပြန်စဉ်းစားကြည့်ပြန်တော့လည်း ကိုယ့်အတွက် မရှိမဖြစ်လိုအပ်နေတာမျိုးတွေ မဟုတ်ဘဲ မြင်ရာတွေ့ရာ စိတ်အလိုလိုက်ပြီး ဝယ်ပစ်လိုက်တာမျိုးပါ။ အဲဒီ့အကျင့်ဆိုးကြီး ရှိနေတယ်ဆိုရင်တော့ ခုကစပြီး ဖျောက်ဖို့ကြိုးစားပါတော့။ မဟုတ်ရင် သင်အကြွေးတွေနဲ့တောင် အချိန်တန် ပြန်ဆပ်မှာပဲ ဆိုပြီး ဝယ်ချင်ရာဝယ်နေမိရင် အကြွေးနွံထဲနစ်နေရမှာပါ။
၂) လွယ်လွယ်တွေးခြင်း၊ လွယ်လွယ်အကြွေးယူခြင်း
အကြွေးတွေပုံနေတတ်သူ တော်တော်များများက အကြွေးယူမယ်ဆိုရင် လွယ်လွယ်လေးပဲတွေးတတ်ပါတယ်။ “အချိန်တန် လကုန်ရင် ငါပြန်ဆပ်နိုင်မှာပဲလေ…..ယူလိုက်တာပေါ့……ပြီးရင် ပြန်ဆပ်မှာပဲ” ဆိုတဲ့အတွေးက အရမ်းလွယ်ပါတယ်။ ဒါပေမယ့် လကုန်လို့များ အဲလိုလွယ်လွယ်တွေးပြီး ယူသုံးထားမိတဲ့စာရင်းတွေ ပေါင်းလိုက်တာနဲ့တင် နောက်တစ်လ သုံးဖို့ တပြားမှမကျန်တဲ့အဖြစ်ကို ရောက်သွားရပြန်ပါတယ်။ အဲဒါကြောင့် နောက်တစ်လသုံးဖို့ ထပ်ပြီးချေးငှားရပြန်တာပေါ့။ အဲလိုနဲ့ပဲ သံသရာလည်နေရင်း အကြွေးတွေပုံလာတော့တာပါပဲ။
၃) မရသေးတာကို တွေးပြီး မရခင်ကြိုသုံးတတ်ခြင်း
ကိုယ်ဝယ်ချင်တာတွေရှေ့ရောက်ရင် ကိုယ့်ကိုကိုယ်သိပ်မထိန်းချုပ်နိုင်တော့ဘဲ ဝယ်ပစ်မိတတ်ပါတယ်။ အဲဒါအပြင် ကိုယ့်လက်ထဲရှိတဲ့ငွေနဲ့မလောက်ရင်တောင် နီးစပ်ရာကနေ ချက်ချင်းချေးငှားပြီး ဝယ်တတ်ပါတယ်။ အတွေးကတော့ “မရသေးတဲ့ငွေကို ကြိုတွေးပြီးယူသုံးထားလိုက်တာပေါ့….” ဆိုတာမျိုးပါ။ ကိုယ့်စိတ်ထဲမှာတော့ ဘယ်နေ့ငွေရမှာပဲ….အဲဒီ့ကျမှ ပြန်ပေးလိုက်ရုံပေါ့ဆိုတာမျိုးနဲ့ တွေးလိုက် ဝယ်လိုက် အကြွေးတင်လိုက် သံသရာကလည်နေပါရော။ အဲဒီ့အကျင့်ဆိုးက လက်ထဲရှိတဲ့ငွေကို သုံးပစ်လိုက်တာထက် ပိုဆိုးပါတယ်နော်။ အခန့်မသင့်ရင် အကြွေးတွေ ပြန်ဆပ်ဖြစ်တဲ့ဆီမရောက်ဘဲ နာမည်ကော ဘဝကောပျက်နိုင်ပါသေးတယ်။
၄) လူအထင်ကြီးခံချင်စိတ်များခြင်း
တစ်ချို့တွေကတော့ ကိုယ့်ငွေလည်း မဟုတ်ဘဲ ပိုက်ဆံအိတ်ထဲငွေအပြည့်ထည့်ပြီး ကိုယ့်ငွေလိုလို အထင်ခံချင်စိတ်ရှိတတ်ကြပါတယ်။ အဲဒါအပြင် အဲလိုသူများငွေကိုလည်း ကိုယ်ငွေကဲ့သို့ လွယ်လွယ်လေး ဝယ်ပြီး သုံးပစ်တတ်ကြပါသေးတယ်။ အဲဒီ့အကျင့်ကြီးကလည်း ဆိုးပါတယ်။ နာမည်ပျက်နိုင်သလို အကြွေးတွေလည်း ပုံလာတတ်ပါသေးတယ်။ (အဲဒီ့အကျင့်ကျတော့ စိတ်ရောဂါတစ်ခုလိုတောင် ခေါ်ရမယ်ထင်ပါတယ်။ အမှန်တကယ်ကိုယ်ပိုင်ဆိုင်တဲ့ငွေလည်း မဟုတ်ဘဲ သူများအထင်ကြီးစေချင်တဲ့စိတ်တစ်ခုထဲနဲ့ ရှိသမျှ အကုန်သုံးပြတတ်တာမျိုးပါ။ ပြီးမှ ပြဿနာတွေတက်၊ ဒုက္ခတွေရောက်တတ်ပါတယ်)
ဒီအကျင့်ကြီးရှိနေတယ်ဆိုရင်တော့ ဘဝပါပျက်စီးလွယ်တာမို့ ချက်ချင်းပြင်သင်ပါတယ်နော်။
၅) လက်ထဲငွေရှိပေမယ့် အကြွေးယူသုံးခြင်း
တစ်ချို့ကျပြန်တော့ လက်ထဲမှာ ငွေရှိပါတယ်။ ရှိတဲ့ငွေကိုလည်း သုံးနေရင်းနဲ့ပဲ တစ်ဖက်ကလည်း အကြွေးယူလို့လွယ်တဲ့သူဆီက အကြွေးလွယ်လွယ်နဲ့ရတဲ့အတွက် ထပ်ယူသုံးပြန်ပါတယ်။ အဲဒီ့အခါ လက်ထဲရှိတဲ့ငွေလည်း ကုန်၊ အကြွေးလည်းထပ်တင် အဲဒါကြောင့် နှစ်ခါနာတာမျိုးဖြစ်ရပါတယ်။ (ကိုယ့်လက်ထဲ အသုံးစရိတ်လုံလောက်အောင်ရှိနေတယ်ဆိုရင် အကြွေးလွယ်လွယ်ရလည်း မယူဘဲ ရှိတဲ့အသုံးစရိတ်နဲ့လောက်ငအောင် သုံးသင့်ပါတယ်) ဒီအကျင့်ကတော့ အလွယ်လိုချင်တဲ့စိတ်နဲ့လည်း ဆိုင်ပါတယ်။ လက်ထဲမှာ အသုံးစရိတ်အတွက်ငွေရှိနေပေမယ့် အကြွေးလွယ်လွယ်ရနိုင်တဲ့အတွက် ရသလို ယူပြီး သုံးတတ်တာမျိုးပါ။ ဒီ့အကျင့်ကလည်း ဆိုးတဲ့အကျင့်ထဲမှာ အပါအဝင်ပါပဲ။
ကဲ….စာဖတ်သူတွေမှာ အထက်ပါ အကျင့်ဆိုးတွေ ရှိနေတယ်ဆိုရင်လည်း အမြန်ဆုံးပြုပြင်လိုက်တာကောင်းပါတယ်။ မဟုတ်ရင်တော့ ဘဝအတွက်အကျိုးမရှိတဲ့အပြင် နာမည်ပျက်၊ ဘဝပျက်တဲ့အထိ ဖြစ်နိုင်တာမို့ပါ။
အားလုံးပဲ အကျင့်ဆိုးတွေ ပြင်နိုင်ကြပါစေ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။