ဘာကြောင့်အမြဲတမ်းအရှုံးသမားဖြစ်နေရတာလဲ။

သင်ကိုယ့်သင် ထိုမေးခွန်းမျိုးမေးဖူးပါသလား။ တကယ်တော့ သင့်မှာ ကျရှုံးမှုတွေမကြာခဏကြုံတွေ့နေရတယ်ဆိုရင် ထိုမေးခွန်းမျိုး သင့်ကိုယ်သင်ပြန်မေးသင့်ပါတယ်။ သင့်ကိုယ်သင်သာအသိဆုံးဖြစ်မှာမို့ အခြားသူတွေက သင့်ထက်ပိုပြီး သင့်စိတ်ကို၊ သင့်အကြောင်းကို မသိနိုင်ပါဘူး။ အဲဒါကြောင့် သင့်ကိုသင်ပြန်မေးပါ။ သင့်ကိုယ်သင်မလိမ်ပါနဲ့။ အမှန်အတိုင်း ကိုယ့်ရဲ့ပစ်ချက်ကိုမြင်အောင်ကြည့်သင့်ပါတယ်။ အကြမ်းဖျင်းအားဖြင့် သင့်ကိုသင်ပြန်ပြီးမေးနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) လွယ်လွယ်လက်လျှော့တတ်တာကြောင့်လား
သင်ကျရှုံးမှုတွေကနေ ဘယ်နှစ်ခါများ အခါခါပြန်ကြိုးစားပြီးပြီလဲ။ ပထမဆုံးတစ်ကြိမ်ကြိုးစားပြီး လက်လျှော့လိုက်တာမျိုးလား။ ဒါမှမဟုတ် နှစ်ကြိမ်မြောက်လား၊ သုံးကြိမ်မြောက်လား အကြိမ်ကြိမ်အခါခါလား စသဖြင့် သင့်ကိုယ်သင်ပြန်မေးသင့်ပါတယ်။။ တကယ်လို့များ ထပ်မကြိုးစားတော့ဘူးလို့ဆုံးဖြတ်တယ်ဆိုရင်
သင်က လွယ်လွယ်လက်လျှော့တတ်တဲ့သူပါ။ အဲဒါဆိုရင် သင့်ကိုသင် ပြန်ပြီး သတိပေးဖို့လိုနေပါပြီ။။ တခါကျရှုံးတိုင်းလက်မလျှော့မိစေဖို့ပေါ့။ ဒီတစ်ခါ ရှုံးပေမယ့် နောက်တစ်ခါဆိုရင် နိုင်ချင်နိုင်မှာပါ။

၂) စိတ်ဓာတ်ပျော့ညံ့လွန်းနေတာလား
သင့်ကိုသင် ဝမ်းနည်းအားငယ်လွယ်သလား၊ စိတ်မခိုင်လွန်းတဲ့လူလား သင်သိမှာပါ။ တခုခုဆို လုံးဝအရှုံးပေးချင်သွားလောက်အောင် ဖြစ်နေတယ်ဆိုရင် ကျရှုံးမှုဒဏ်ကို မခါခါမခံစားနိုင်ဘူးဆိုရင် သင်က စိတ်ဓာတ်ပျော့ညံ့လွန်းနေပါတယ်။ သင့်စိတ်ဓာတ်ခိုင်မာဖို့ သင့်ကိုယ်သင်အားပေးပါ။ သင့်ထက်ဆိုးဝါးတဲ့ဘဝတွေ၊ သင့်ထက်အခါခါကျရှုံးပြီးမှာ ပြန်ပြီးအနိုင်ရသူတွေကို မြင်အောင်ကြည့်ပါ။ ထိုလူတွေ ဘယ်နှစ်ခါကြိုးစားခဲ့သလဲ လေ့လာပါ၊ စပ်စုပါ။ စာတွေဖတ်ကြည့်ပါ။

၃) သင်ခန်းစာမယူတတ်ခြင်းကြောင့်လား
ကျရှုံးမှုအခါခါဖြစ်နေပေမယ့် တခါမှ ပြန်နိုင်မယ့်အရိပ်အယောင်တောင်မမြင်ဘူးဖြစ်နေတယ်ဆိုရင် သင်ကိုယ့်သင်ပြန်တွေးကြည့်ပါအုံး။ အဲဒီ့ကျရှုံးမှုအခါခါမှာ ထိုကျရှုံးမှုတွေက ဘာကြောင့်ဖြစ်လာသလဲဆိုတာ တွေးကြည့်ဖူးသလားလို့ပေါ့။ ဥပမာ။ အခြားသူကြောင့်ဖြစ်တယ်လို့ မကြာခဏအပြစ်လွှဲချတတ်နေသလား။ ကိုယ့်အပြစ်၊ ကိုယ့်အားနည်းချက်ကို ပြန်ရှာပါ။ ထိုအားနည်းချက်ကို ဘယ်လိုပြုပြင်မလဲစဉ်းစားပါ၊ ကြိုးစားပါ။ ကျရှုံးမှုကနေ သင်ခန်းစာရအောင်ယူပါ။ အခါခါကျရှုံးလေလေ သင့်အတွက် သင်ခန်းစာများများရလေလေ ထိုသင်ခန်းစာတွေနဲ့နောက်တစ်ကြိမ်အနိုင်ရဖို့ ပြန်ကြိုးစားမှာပါ။ သင်ခန်းစာမယူတတ်ရင်တော့ ဘယ်လိုအခါခါကြိုးစား ကျရှုံးတယ်ဆိုတာ အဆန်းမဟုတ်ပါဘူး။

၄) အမှားတွေကို မပြုပြင်မိဘူးလား
သင့်ရဲ့အမှားကို အမှားမှန်းတော့သိတယ်၊ ပြုပြင်ဖို့အပျင်းကြီးနေသလား၊ ပြုပြင်မယ်လို့တွေးလိုက် ပြန်မှားလိုက်နဲ့ဖြစ်နေတာလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်ဘယ်တုန်းကမှ မမှားဖူးလို့များ ထင်နေတာလား ။ အဲဒါဆိုရင်တော့ သင်ကျရှုံးတဲ့အကြောင်းရင်းက ဒီအချက်ဖြစ်နေနိုင်ပါတယ်။ အောင်မြင်တဲ့သူတွေက ကိုယ့်အမှားကိုအပြုသဘောဝေဖန်ထောက်ပြရင် လိုလားစွာလက်ခံပါတယ်။ ကိုယ့်အမှားဖြစ်ကြောင့်ဝန်ခံတတ်ပါတယ်။ ထိုအမှားကိုလည်း နောက်မမှားအောင် ပြုပြင်ပါတယ်။ အဲဒါကြောင့်အောင်မြင်တာပေါ။ အခါခါကျရှုံးတဲ့သူကတော့ ဘယ်တော့မှ သူ့မှာအမှားရှိတယ်လို့မထင်ဘူး၊ ပြုပြင်ရမယ်လို့လည်း လက်မခံဘူး၊ အမှားရှိမှန်းသိပြန်ရင်လည်း မပြုပြင်နိုင်ဘူးအဲဒီ့အားနည်းချက်ရှိတတ်ပါတယ်။

၅) ကိုယ့်ကိုယ်ကိုယ်ဝေဖန်မသုံးသပ်မိဘူးလား
အောင်မြင်သူတွေက နံပါတ် ၄အချက်လိုမျိုးကိုယ့်အမှားကိုလက်ခံတတ်ပါတယ်။ အဲဒီလို ကိုယ့်အမှားမှန်းသိလာစေဖို့ကလည်း ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်မှသိလာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်အခါခါကျရှုံးနေရပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ဝေဖန်သုံးသပ်မှုအားနည်းနေတာလားဆိုတာ ပြန်စဉ်းစားစရာပါပဲ။ အောင်မြင်နေတဲ့သူတွေက ကိုယ့်ကိုဘယ်သူကမှ မဝေဖန်ခင် သူတို့ကိုယ်သူတို့ ဝေဖန်နေတဲ့သူတွေပဲဖြစ်ပါတယ်။ အဲဒါမှ အမှားတွေသိလာရင် မဖြစ်ဖြစ်အောင်ပြုပြင်ဖို့ကြိုးစားတတ်ခြင်းကြောင့် အောင်မြင်လာတာပါ။
အဲဒါကြောင့် အထက်က ငါးချက်ကို ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ကြည့်ပြီး ဘယ်အချက်တွေတိုက်ဆိုင်နေသလဲဆိုတာ ဆန်းစစ်ကြည့်လိုက်ပါနော်။ အမှားတွေရှိရင် အားနည်းချက်တွေရှိရင်လည်း ပြင်ဖို့မဖြစ်မနေကြိုးစားလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။