ဘဝမှာ နေပျော်ဖို့အတွက် ကျင့်ယူသင့်တဲ့အကျင့်များ

ပျော်ရွှင်တတ်ရဲ့လား…..လို့မေးလိုက်ရင် လူအတော်များများက အံ့သြကြမယ်ထင်ပါတယ်။ လူတိုင်းလိုလို ပျော်ရွှင်တတ်ကြတာကိုး။ ဒါပေမယ့် ပျော်ရွှင်တတ်ပုံချင်းတော့ မတူပါဘူးနော်။ ပျော်ရွှင်ခြင်းလို့ပြောလိုက်ရင် တော်တော်များများက ပွဲလမ်းသဘင်တွေမှာ ပျော်ရွှင်တာ၊ အလည်အပတ်အပျော်အပါးသွားလို့ပျော်ရွှင်တာ၊ ပျော်စရာကိစ္စ၊ ပျော်စရာအကြောင်းအရာရှိမှ ပျော်ရွှင်တာမျိုးတွေးတတ်ကြပါတယ်။


ဒါပေမယ့် ကျန်တဲ့အချိန်တွေမှာတော့ ပျော်စရာမရှိဘူးလို့များ တွေးဖူးပါသလား။ ကျွန်တော်တို့တွေ တွေးဖူးပါလိမ့်မယ်၊ ဘာမှ ပျော်စရာကိစ္စလည်း မရှိဘူးဆိုတာမျိုး တွေးဖူးကြပါလိမ့်မယ်နော်။ ဒီနေ့ခေတ်မှာက လိုချင်စရာတွေက ပေါများ၊ ငွေကိုလည်း အသည်းအသန်လိုချင်ကြ၊ နည်းပညာတွေနောက်အသည်းအသန်လိုက်ရင်း ရသမျှ၊ ရှိသမျှနဲ့ လောက်ငတယ်လို့ဘယ်တော့မှမရှိကြတဲ့အခါ လူတိုင်းရဲ့ ဘဝက ပိုမောလာကြပါတယ်။ ဘဝက နေပျော်စရာမရှိဘူးဆိုတာမျိုးလည်း ကြားဖူးကြမှာပါ။
ခုပြောချင်တာကတော့ ရှိနေထားတာလေးတွေ ၊ ပိုင်ဆိုင်ထားတာလေးတွေ၊ ဘဝမှာ ကိုယ်ရထားတာလေးတွေနဲ့တင် ပျော်ရွှင်တတ်တဲ့စိတ်ကို ပြောချင်တာပါ။ ဘဝက ပျော်စရာကိစ္စတွေရှိလာမှ ပျော်လို့ရတာမဟုတ်ပါဘူးနော်။

၁) ရောင့်ရဲသင့်တာ ရောင့်ရဲပါ။
လူဆိုတာ လောဘသားတွေချည်းပါ။ အဲဒါကြောင့်ကိုလည်း အချင်းချင်း ခိုက်ရန်ဖြစ်ပွား၊ မနာလိုရှုစိမ့်တွေဖြစ်ကြ၊ တစ်ယောက်ရထားတာကို တစ်ယောက်ကလိုချင် စတဲ့စိတ်တွေနဲ့ မရောင့်ရဲနိုင်ခြင်းက သင့်ကို ပူလောင်စေပါတယ်။ ပျော်ရွှင်စိတ်ကင်းမဲ့စေပါလိမ့်မယ်။ အဲဒါကြောင့် အမှန်တကယ် စိတ်ထဲမှာ ရှင်းပြီး ပေါ့နေအောင် ပျော်ရွှင်တတ်ချင်ရင် ရောင့်ရဲတတ်တဲ့စိတ်လေးမွေးပါလို့ပြောချင်ပါတယ်။ လူတိုင်းက လောဘသားများမို့ ရောင့်ရဲတတ်ဖို့က ခက်ခဲပါတယ်။ ဒါပေမယ့် အကြောင်းတစ်ခုခုမှာ “ကိုယ်သာဆို…..” လို့တွေးပြီး မပူလောင်ပါစေနဲ့။ ဥပမာ။ သင့်မှာ ကားတစ်စီးမှ မရှိပေမယ့် သင့်မိတ်ဆွေက မနေ့ကတင်ကားတစ်စီး ဝယ်လိုက်တယ်ဆိုပါတော့ ။ အတော်များများဖြစ်တတ်တဲ့အတွေးက “အော်….သူတို့တောင် ကားဝယ်နိုင်ပြီ။ ငါတို့က ခုထိ ဒီဘဝက မတက်သေးဘူး။ အသက်ကလည်း ကြီးနေပြီ၊ ဒီထက့်အလုပ်လုပ်ရရင်လည်း သေဖို့ပဲရှိတော့တယ်။ ငါ့ဘဝကိုက မကောင်းတာပါလေ” ဒီအတွေးမျိုးနဲ့ အလားတူ၊ အဓိပ္ပါယ်တူတဲ့အတွေးမျိုး တွေးပြီး သင့်ဘဝကို စိတ်ညစ်မိသွားမှာပါ။ သင်က အဲလိုအတွေးမျိုးတွေးတတ်တယ်ဆိုရင်တော့ သင့်အတွေးတွေကို ပြင်လိုက်ပါ။ “ငါတို့က ကားမစီးနိုင်ပေမယ့် ငါတို့ထက် နိမ့်ကျနေတဲ့ဘဝတွေအများကြီးပါပဲလေ။ ဒီလောက်နဲ့နေရတာပဲ ကျေနပ်စရာ။ ထမင်းတစ်နေ့စားဖို့တောင် အနိုင်နိုင်ရုန်းကန်နေရတဲ့ဘဝထက်စာရင် ငါတို့ဘဝက ကျေနပ်စရာပါပဲ” အဲလိုတွေးလိုက်ခြင်းက သင့်အတွက် ကျေနပ်ခြင်းနဲ့ ပျော်ရွှင်ခြင်း မဖြစ်စေဘူးလား။ အဲဒါကြောင့် ရောင့်ရဲသင့်တာ ရောင့်ရဲတတ်ခြင်းကလည်း ပျော်ရွှင်ခြင်းကိုဖြစ်စေပါတယ်။

၂) ရှိထားပြီးသားကို တန်ဖိုးထားပါ။
လူတိုင်းလိုလိုက ကိုယ့်မှာ ရှိနေပြီး တန်ဖိုးရှိတာတွေကို တန်ဖိုးထားရမှာ မေ့နေတတ်ကြပါတယ်။ အခြားသူများလက်ထဲက ဒါမှမဟုတ် အခြားသူများပိုင်ဆိုင်ထားတာကိုသာ ကြည့်ပြီး တန်ဖိုးထားချင်စိတ်၊ လိုချင်စိတ်၊ တပ်မက်စိတ်ဖြစ်တတ်ကြပါတယ်။ အဲဒါက သင့်ဘဝကို ပိုပြီး အမောဆို့စေပါတယ်။ အဲကွန်းတပ်နိုင်တဲ့အိမ်ကိုကြည့်ပြီး ငါတို့အိမ်မှာတော့ ပန်ကာပဲရှိတယ်လို့အားငယ်မယ့်အစား ပန်ကာတောင်မဝယ်နိုင်လို့ မရှိတဲ့အိမ်ကိုတွေးကြည့်ပါ။ နေစရာတောင်အိမ်မရှိတဲ့ ဘဝတွေကိုတွေးကြည့်ပါ။ ကားအစီးပေါင်းများစွာရှိတဲ့အိမ်ကိုကြည့်ပြီး ကိုယ့်မှာရှိတဲ့ကားတစ်စီးထဲကြောင့် အားမငယ်ပါနဲ့။ ကိုယ့်မှာ ကားတစ်စီးချမ်းသာတာကို ကျေးဇူးတင်လိုက်ပါ။
ကိုယ့်မှာ ရှိပြီးသားကို တန်ဖိုးထားတတ်တဲ့စိတ်ကလည်း သင့်ဘဝကို ပျော်ရွှင်စေနိုင်ပါတယ်။

၃) တပ်မက်လိုချင်စိတ်ဖြင့် မမျှော်လင့်ပါနဲ့။
တပ်မက်လိုချင်စိတ်ဆိုတာ လောဘနဲ့ ဆက်နွယ်နေပါတယ်။ လိုချင်နေတဲ့အတွက် ရမလား…ရမလား…ဆိုပြီး မျှော်လင့်နေမိပါလိမ့်မယ်။ အဲဒီ့အခါ ရလာရင် ကောင်းရဲ့။ မရလာတဲ့အခါ…..အခြားတစ်ယောက်က ရသွားတဲ့အခါ…..မရနိုင်တော့မှန်းသိတဲ့အခါ ယူကြုံးမရခြင်းတွေဖြစ်ရပါတယ်။ အဲဒါကြောင့် ဘဝမှာ ပျော်ရွှင်ဖို့အတွက် တပ်မက်လိုချင်တဲ့စိတ်နဲ့ မမျှော်လင့်မိဖို့လိုပါတယ်။

၄) ကိုယ့်မှာရှိတဲ့အရှိကို အရှိအတိုင်းလက်ခံပါ။
လူအများစုက ကိုယ့်မှာရှိပြီးသားကို အရှိအတိုင်းလက်မခံတတ်ကြပါဘူး။ အဲဒါကြောင့်ကိုပဲ ဘဝမှာ နေမပျော်တာမျိုးတွေဖြစ်လာကြတာပါ။ ကိုယ်က အဝလွန်နေတယ်ဆိုပါတော့ ပိန်သူကိုအားကျမယ်။ ပိန်ချင်မယ်…..၊ မပိန်နိုင်တဲ့အခါ စိတ်ညစ်လာမယ်၊ စိတ်ဓာတ်ကျလာမယ် ။ ကိုယ်ကအသားမည်တဲ့အခါ အသားဖြူသူကို အားကျမယ်၊ အသားဖြူချင်မယ်၊ မဖြူနိုင်တဲ့အခါ စိတ်ညစ်မယ်၊ အသားဖြူတဲ့သူနဲ့ယှဉ်ရင် သိမ်ငယ်စိတ်ဝင်မယ်၊ စသည်ဖြင့်ပေါ့။ အဲဒါက ကိုယ့်ကိုကိုယ်အရှိအတိုင်းလက်မခံနိုင်လို့ပါ။ “အောင်မြင်မှုဆိုတာ သင်လိုချင်တာကို ရခြင်းဖြစ်ပြီး ပျော်ရွှင်မှုဆိုတာက သင်ရထားတာကို လိုချင်ခြင်းပဲဖြစ်ပါတယ်။” Dale Carnegie ကပြောထားသလိုပါပဲ။ သင်ရထားတာကို လိုချင်လိုက်ပါ။ အဲဒါက ပျော်ရွှင်ခြင်းပါပဲ။

၅) ဘယ်လောက်အဆိုးကြုံကြုံ ကောင်းကွက်ကိုတွေ့အောင်ရှာပါ။
အဆိုးကြုံနေပါတယ်ဆိုမှ အကောင်းဘယ်ရှိပါ့မလဲ….လို့ ပြောစရာရှိပါတယ်။ မထင်လိုက်ပါနဲ့နော်……ဘဝမှာ ကြုံလာသမျှ အဆိုးတွေတိုင်းမှာ ကောင်းကွက်တစ်ခုတော့ရှိနေတာချည်းပါပဲ။ မြင်အောင်ကြည့်တတ်ဖို့ပဲလိုတာပါ။ Alibaba company တည်ထောင်သူ Jack Ma ဟာ အလုပ်လျှောက်တိုင်း တစ်ခါမှ အရွေးမခံခဲ့ရဘူးဆိုတာ ကြားဖူးကြမှာပါ။ အဲဒီ့အခြေအနေတုန်းကတော့ သူ့ဘဝက ဆိုးလိုက်တာလို့ ထင်စရာရှိမှာပါပဲ။ KFC ကြက်ကြော်က အလုပ်ခေါ်တဲ့အခါ Jack Ma တစ်ယောက်ပဲ ပြုတ်ကျကျန်ခဲ့ရပါတယ်တဲ့။ အဲဒီ့တုန်းကသာ ကံကောင်းပြီး KFC ကြက်ကြော်မှာ အလုပ်ရခဲ့ရင် ခုချိန် Alibaba ဆိုတာ ဖြစ်လာနိုင်ပါ့မလား။ အဲဒါပါပဲ…..အဲဒီ့တုန်းက ကံဆိုးခဲ့သမျှက နောင်တစ်ချိန်ကောင်းဖို့ ဖြစ်လာခဲ့တာချည်းမဟုတ်ပါလား။ အဲဒါကြောင့် အဆိုးတွေကြုံတိုင်း အကောင်းတခုခုဖြစ်လာဖို့ လမ်းစဖြစ်နေနိုင်ပါတယ်။ ကောင်းကွက်ကို တွေ့အောင်ရှာဖို့သာ အရေးကြီးတာပါ။ အဲဒါဆိုရင်တော့ သင်က အဆိုးကြုံနေရပေမယ့်လည်း ကောင်းကွက်ကိုတွေးမိတဲ့အခါ သင့်ဘဝက ပျော်စရာကောင်းနေပါလိမ့်မယ်နော်။

အထက်ပါ အချက် ၅ချက်ကို အကျင့်လေးလုပ်ပြီး ကျင့်ယူတတ်မယ်ဆိုရင် သင့်ဘဝက ဂုဏ်တွေ၊ ငွေတွေ၊ ပကာသနတွေ အများကြီးမပိုင်ဆိုင်ရင်တောင် ပျော်စရာကောင်းတဲ့ဘဝမျိုးဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အထက်က အချက်တွေက ပျင်းတာနဲ့ ဖျင်းတာနဲ့တော့ ကွဲပြားတယ်ဆိုတာ သိထားသင့်ပါတယ်။ တခုခုလုပ်ယူရမှာကို ပျင်းနေတာ၊ ဖျင်းနေတာနဲ့တင် ဘာမှမဖြစ်မြောက်လာတာကို ရောင့်ရဲတယ်၊ အရှိကိုအရှိအတိုင်းလက်ခံတယ်လို့တော့ ခေါင်းစဉ်တပ်လို့မရပါဘူး။ အဲဒါက သင့်ဘဝကို ခဏတဖြုတ်သာ သက်သာစေတာဖြစ်ပြီး နောင်တစ်ချိန်မှာတော့ နောင်တအကြီးကြီးရစေမှာပါ။
အားလုံးပဲ နေပျော်စရာဘဝကို ဖန်တီးနိုင်ကြပါစေနော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။