ရွေးချယ်ပြီးချစ်တတ်ပါစေ။

ခေါင်းစဉ်ကိုဖတ်မိတဲ့အခါ အတွေးတစ်မျိုးတွေးမိသွားနိုင်ပါတယ်။ အချစ်ဆိုတာမျိုးက ဘယ်သူ့ကိုတော့ချစ်မယ်၊ ဘယ်လိုလူမျိုးကိုတော့ မချစ်နိုင်ဘူးလို့ ဘယ်လောက်ပဲ ကြိုတင်တွေးထားပါစေ။ ကိုယ်မသိလိုက်တဲအချိန်လေး တခဏတွင်းမှာပင် သင့်စိတ်ထဲမှာ သင်ချစ်ချင်တဲ့လူကို ချစ်မိပြီးသားဖြစ်နေတတ်ပါတယ်။ ကိုယ်ချစ်မယ်ဆိုပြီး လူတစ်ယောက်ကို စည်းတွေဘောင်တွေနဲ့ ကန့်သတ်ထားပေမယ့် တကယ်တမ်း ချစ်မိသွားတဲ့အခါမှာတော့ ကိုယ်သတ်မှတ်ထားတဲ့စံတွေနဲ့ ကိုက်ညီခြင်း ၊ မကိုက်ညီခြင်း ကို ထည့်မတွေးနိုင်တော့အောင် အျစ်က မျက်စိကန်းသွားစေပါတယ်။


ဟုတ်ပါပြီ….အဲဒါဆိုရင် အချစ်မှာ မျက်စိမရှိဘူး ဆိုတဲ့စကားကို လက်ခံနိုင်ပါတယ်။ ချစ်သူဘဝဆိုတာက ဘဝတစ်ခုလုံးကို အတူလက်တွဲပြီး ပြဿနာတွေအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရတာမဟုတ်သေးပါဘူး။ တစ်ဘဝလုံးစာ လက်မတွဲခင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အကဲဖြတ်ကြတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ကိုယ်နဲ့အတူ ကိုယ့်ဘဝထဲက အခက်အခဲတွေကို အတူဖြေရှင်းနိုင်ရဲ့လား၊ တစ်ဘဝလုံး ကိုယ့်ဘေးမှာ စိတ်တူကိုယ်တူနဲ့ ဘဝခရီးလမ်းကို လျှောက်နိုင်ပါ့မလား၊ နှစ်ယောက်ပေါင်းပြီး ငိုစရာတွေများတဲ့ဘဝမှာ ပျော်စရာတွေရသလောက်အတူကြိုးစားနိုင်ပါ့မလား၊ ပျော်တလှည့်ကို ရင်ဆိုင်နိုင်ပေမယ့် ငိုရမယ့်အလှည့်ကျ ကိုယ့်ဘေးမှာ ကြံ့ကြံ့ခံပြီး
ဒါပေမယ့် ကိုယ့်တစ်ဘဝလုံးအတွက် လက်တွဲဖော်ရွေးချယ်တဲ့အခါမှာတော့ ထည့်စဉ်းစားရမယ့်အချက်တွေနဲ့ ကြိုတင်ပြင်ဆင်ရမယ့်အချက်တွေအများကြီးပါပဲ။ “ချစ်ခြင်းအစ မျက်စိက” ဆိုပြီး ရုပ်ရည်လှပတဲ့လူမျိုးကို စပြီးချစ်မိသွားနိုင်တယ်လို့လည်း ဆိုတတ်ကြပါတယ်။ ရုပ်ရည်ချောမောလှပခြင်းက မြင်မြင်ခြင်းစွဲလမ်းစရာဖြစ်ပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ “လှတာမက်ရင်ညစာငတ်တယ်” ဆိုတဲ့စကားလိုပါပဲ။ ရုပ်ရည်ချောမောလှပခြင်းထက် တကယ့်လက်တွေ့ဘဝမှာ အခြားညှိုယူစရာတွေလည်းရှိပါသေးတယ်။ လက်ထပ်ပြီးရင် ညှိုယူစရာတွေရှိသေးတာကြောင့် လက်မထပ်မီချစ်သူအဖြစ်ရွေးမယ့်အဆင့်မှာတင် ဘာတွေညှိုယူရမလဲကြိုတွေးပြီး ရွေးချယ်တာက နှစ်ဦးနှစ်ဖက်အကျိုးရှိစေပါတယ်။

တခါတလေကျတော့ ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ချစ်သူကို တကယ်ချစ်တာမှန်ပေမယ့် ထိုချစ်သူက ကိုယ်နဲ့ရေရှည်လက်တွဲလို့အဆင်ပြေနိုင်မယ့်သူမျိုးဟုတ်မဟုတ် ဆိုတာ တခါပြန်စဉ်းစားတွေးတောရပါသေးတယ်။ ချစ်သူအဖြစ်ကနေ အပြန်အလှန်လေ့လာသုံးသပ်ကြည့်ပြီး အရာအားလုံးအဆင်ပြေနေပါတယ်ဆိုတဲ့လူမျိုးဆိုရင်တောင် တကယ်တမ်းလက်တွေ့ဘဝကို အတူရင်ဆိုင်ကြတဲ့အခါမှာ ပြဿနာတွေကြုံရတတ်ပါသေးတယ်။ အဲဒါကြောင့် ချစ်သူဘဝမှာတင် ကိုယ်က လေ့လာသုံးသပ်ကြည့်သင့်ပါတယ်။ ထိုအဆင့်မှာ လေ့လာသုံးသပ်ကြည့်ပြီး ကိုယ့်အတွက် ဘဝတစ်ခုလုံးလက်တွဲလို့အဆင်မပြေနိုင်ဘူးထင်မြင်ယူဆတဲ့အခါ လက်တွဲဖြုတ်လိုက်တာက နှစ်ဦးနှစ်ဖက်လုံးနစ်နာမှုနည်းပါတယ်။ အပြစ်မရှိဘဲ ကြားကနေ အခြားသူတွေထိခိုက်နစ်နာမယ့်ဘေးကနေလည်း ဝေးစေပါတယ်။
အဲဒါကြောင့် ကိုယ့်ရဲ့ချစ်သူဖြစ်ပေမယ့် လက်ထပ်ပြီးတဲ့အခါ သူ့ရဲ့မကောင်းတဲ့အကျင့်ဆိုးတွေကို ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ပြုပြင်သွားမှာပဲလို့ မျှော်လင့်ထားလို့မရပါဘူး။ Albert Einstein ကပြောတဲ့စကားရှိပါတယ်။ “အမျိုးသားတွေက သူတို့ကို ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးလို့ ထင်တဲ့အမျိုးသမီးတွေကို လက်ထပ်ပြီး အမျိုးသမီးတွေကတော့ အမျိုးသားတွေပြောင်းလဲလာလိမ့်မယ်လို့မျှော်လင့်ပြီး အမျိုးသားတွေကိုလက်ထပ်တာဖြစ်ပါတယ်။” တဲ့။ မဖြစ်နိုင်လာတဲ့အခါ နှစ်ဦးနှစ်ဖက် စိတ်ပျက်လာကြပါတယ်။ အမျိုးသားတွေက သူတို့ဖြစ်ချင်တာကို ချစ်ခင်ပြီး ဘေးကနေ ထောက်ပံ့ပေးတဲ့ partner ပုံစံအမျိုးသမီးမျိုးနဲ့အတူ ရှင်သန်ကြီးပြင်းချင်ကြပါတယ်။ သူတို့ကို ပုံစံသွင်းပြီး သူတို့ကိုပြောင်းလဲချင်တဲ့အမျိုးသမီးမျိုးကို မလိုချင်တတ်ကြပါဘူး။ ပတ်ဝန်းကျင်မှာ အိမ်ထောင်ရေးပြိုကွဲမှုဖြစ်တဲ့စုံတွဲတွေကို လေ့လာကြည့်ရင် အမျိုးသမီးတွေက အမျိုးသားတွေကို သူတို့လိုချင်တဲ့ပုံစံဖြစ်စေချင်ကြပြီး အမျိုးသားတွေကတော ထိုကဲ့သို့ သူတို့ကိုပြုပြင်ပြောင်းလဲပစ်ချင်တဲ့အမျိုးသမီးတွေကို တဖြေးဖြေးစိတ်ကုန်လာတတ်ပါတယ်။ အဲဒါကြောင့် လက်မထပ်မီ ချစ်သူအဆင့်၊ ချစ်သူအဖြစ်ရွေးတဲ့အချိန်မှာကတည်းက ကိုယ်အကြမ်းဖျင်းသတ်မှတ်ထားတဲ့ ဘောင်ထဲဝင်တဲ့သူမျိုးကို ဦးစားပေးစဉ်းစားသင့်ပါတယ်။ ကိုယ်အပေါ်အရမ်းကြီးကောင်းတဲ့ချစ်သူမျိုးဖြစ်နေရင်တောင် သူ့ရဲ့မိသားစုအသိုင်းအဝန်းနဲ့ကိုယ်နဲ့အဆင်ပြေပါ့မလားဆိုတဲ့ အခြားအချက်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာနိုင်ပါသေးတယ်။

သေချာတာတစ်ခုကတော့ သင့်ကိုချစ်လို့ သင်မကြိုက်တဲ့အချက်တွေကို သူပြုပြင်မှာမဟုတ်ဘူးဆိုတာပါပဲ။ အဲဒါကြောင့် အချစ်က မျက်စိမရှိတာမို့ ဘောင်တွေစည်းတွေမဝင်တဲ့သူမျိုးကိုချစ်သွားနိုင်တာမှန်ပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး ချစ်သူဘဝမှာတင် ကိုယ်အကြမ်းဖျင်းသတ်မှတ်ထားတဲ့ဘောင်ထဲဝင်တဲ့သူမျိုးကိုသာ ဦးစားပေးစဉ်းစားသင့်ပါတယ်။ ချစ်သူဘဝနှစ်ကြာလာလေလေ သူနဲ့ကိုယ်ရဲ့အကြောင်းကို နှစ်ဖက်မိဘသိပြီးမှ သဘောထားမတိုက်ဆိုင်လို့ ကွဲကွာရတယ်ဆိုရင် သင်တို့အချင်းချင်းလည်း အပြန်အလှန်သံယောဇဉ်ရှိနေပြီးသားဖြစ်နေတာမို့ နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာမှုတွေ၊ ခံစားရမှုတွေရှိလာနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း သိနေပြီးသားဖြစ်နေလို့ ဒီကအယူအဆတွေအရ အဆင်မပြေတာမျိုးဖြစ်နိုင်ပါတယ်။
အဲဒီ့အတွက် ချစ်သူမဖြစ်ခင်ကတည်းက လက်ထပ်ဖြစ်ခဲ့ရင် အဆင်ပြေပါ့မလားဆိုတာမျိုး စောစီးစွာကြိုတင်တွေးတောထားပြီးမှ ချစ်သူအဖြစ်လက်ခံသင့်ပါတယ်။ အချစ်မှာမျက်စိမရှိဘူးဆိုပေမယ့် ချစ်သူဘဝဆိုတာ ကိုယ့်အိမ်ထောင်ဖက်ကို လေ့လာတဲ့အဆင့်ဖြစ်တဲ့အတွက် တစ်ဘဝလုံးလက်တွဲရမယ့်သူဖြစ်တာကြောင့် “ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်” ဖို့ ရွေးချယ်ပြီးချစ်တတ်ပါစေလို့ တိုက်တွန်းလိုက်ရပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။