ရည်မှန်းချက်ရှိတဲ့ဘဝက ပိုပြီးနေပျော်စရာကောင်းပါတယ်။

တစ်ချို့သောလူငယ်များက “ရည်မှန်းချက်ရှိလား….ဘာဖြစ်ချင်တာလဲ” လို့မေးရင် တွေဝေသွားတတ်ကြပါတယ်။ တစ်ချို့ကျတော့လည်း မဖြစ်နိုင်ပါဘူးလို့ ဘယ်လောက်ပဲအပြောခံရပါစေ သူတို့ရည်မှန်းချက်ကို သူတို့ကိုယ်တိုင်သတ်မှတ်ပြီး တစ်ဆင့်ချင်း ဖြစ်မြောက်အောင်မြင်အောင်လုပ်ဆောင်သွားတတ်ကြပါတယ်။ ဒါပေမယ့် အဲလိုဖြစ်မြောက်အောင်မြင်အောင် ကြိုးစားနေတတ်တဲ့လူငယ်နဲ့ ရည်မှန်းချက်လို့မေးလိုက်ရင် ဘာပြန်ဖြေရမှန်းမသိတဲ့လူငယ် ၂ယောက်ကြားက ခြားနားချက်ကိုတော့ သတိထားမိကြလိမ့်မယ်ထင်ပါတယ်နော်။


၁) ရည်မှန်းချက်ဆိုတာဘာလဲ
ငယ်ငယ်ကတည်းက ကြားဖူးနေကျမှာ တော်တော်များများက ရည်မှန်းချက်ဆိုရင် ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ စစ်ဗိုလ်ကြီး ဒါမျိုးတွေလောက် မိဘတွေက သင်ပေးတတ်ကြပါတယ်။ တစ်ချို့မိဘများဆို ကလေးကြီးလာရင်ဘာလုပ်မလဲလို့ မေးရင် “ဆရာဝန်ကြီးလုပ်မှာ….” လို့ဖြေ ဆိုပြီး သင်ပေးတတ်ကြပါသေးတယ်။ တကယ်တော့ အဲဒါက ရည်မှန်းချက်လို့ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ မိဘ၊ လူကြီးတွေရဲ့ဖြစ်စေချင်တဲ့စိတ်နဲ့ ဘောင်ခတ်လိုက်တာပါ။ ရည်မှန်းချက်အစစ်အမှန်ရဲ့အဓိပါ္ပယ်က သူများက သတ်မှတ်ပေးပြီး အဲဒါကြီးကို မရရအောင်လိုက်လုပ်နေရတာမျိုးမဟုတ်ပါဘူး။
ကိုယ်တိုင်ကိုက လိုလိုချင်ချင်နဲ့ အဲဒီ့အရာလေးကို နေရာတစ်နေရာရလာတဲ့အထိ ဖြစ်မြောက်အောင်မြင်အောင် လုပ်ချင်တဲ့စိတ်လေးကနေဖြစ်လာတာမျိုးပါ။ မလုပ်နဲ့၊ မဖြစ်နိုင်ဘူးလို့ ဝိုင်းတားနေကြရင်တောင် ကိုယ်တိုင်ကိုက မရရအောင် လုပ်ပြချင်ပြီး ကိုယ်တိုင်နည်းလမ်းတွေရှာနေတာမျိုးပါ။ အဲဒီ့အခါ ဘယ်လောက်သေးတဲ့ရည်မှန်းချက်ဖြစ်ဖြစ် အကြီးမားဆုံးဖြစ်အောင် စွမ်းဆောင်ချင်စိတ်ရှိနေတတ်ပါတယ်။ အဲဒါမျိုးမှ ကိုယ်တကယ်ဖြစ်ချင်နေတဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ ဘယ်သူကမှ လာပြီး သတ်မှတ်ပြီး လုပ်ခိုင်းလို့ရတာမျိုးမဟုတ်ဘဲ ကိုယ့်နှလုံးသားထဲကနေကို ဖြစ်မြောက်အောင်လုပ်ချင်နေတာမျိုးဖြစ်ပါတယ်။

၂) ရည်မှန်းချက်ရှိလာတဲ့အခါ……
အဲဒီ့လို အသွေးအသားထဲကနေ လိုချင်စွာဖြစ်မြောက်အောင်မြင်စေချင်တဲ့စိတ်ကြောင့်ပဲ ဖြစ်အောင် လုပ်နိုင်မယ့် နည်းလမ်းရှာလာပါလိမ့်မယ်။ ဥပမာ။ သင်က ကဗျာဆရာဖြစ်ချင်တယ်ဆိုပါတော့…….ကဗျာတွေ နေ့တိုင်းလို ရေးဖြစ်မယ်၊ စာအုပ်လေးထုတ်ချင်တယ်၊ ကဗျာရေးခနဲ့ သင်ထမင်းစားလို့မလောက်ရင် တခြားဝင်ငွေရတဲ့အလုပ်တစ်ခုသင်လုပ်နေမယ်၊ လုပ်နေရင်းနဲ့လည်း သင့်ရဲ့ကဗျာရေးချင်တဲ့စိတ်ကို သင်မတားဆီးဘူး၊ ဆက်သွားနေမယ်၊ စာအုပ်လေးထုတ်ဖြစ်ဖို့ တဖြေးဖြေးသင်ကြိုးစားလာမယ်။ နည်းလမ်းရှာလာပါလိမ့်မယ်။ ဥပမာ သင်က ပန်းချီဆရာဖြစ်ချင်တယ်…..အခြားဝင်ငွေရတဲ့အလုပ်တစ်ခုကို အသက်မွေးဖို့အတွက်လုပ်နေမယ်၊ လုပ်နေရင်းနဲ့ ပန်းချီသင်တန်းကို မရရအောင် တက်ဖို့ သင်ကြိုးစားမိမှာပဲ။ ပန်းချီဆွဲဖို့တောင် သင့်မှာအချိန်မရှိဘူးလို့ညည်းနေမှာမဟုတ်ပါဘူး။ မရရတဲ့အချိန်တွေကြားထဲကနေ မရရအောင် သင်ပန်းချီဆွဲဖြစ်အောင်ကြိုးစားနေမှာပါပဲ။ ပန်းချီပြပွဲတွေမှာ ပြနိုင်အောင် တဖြေးဖြေးချင်း သင်နည်းလမ်းလိုက်ရှာနေမိမှာပါပဲ။ နည်းလမ်းတွေ့တာနဲ့ သင့်ရအောင်ဆုပ်ကိုင်တော့မှာပါပဲ။ အဲလိုပဲ သင်ကအခုလက်ရှိလုပ်နေတဲ့ကုမ္ပဏီမှာ နောက်ထပ်ရာထူးတစ်ဆင့်တိုးချင်တယ်။ ဘာတွေဆက်ပြီး သင်ယူဖို့လိုမလဲ၊ သင်တွေးလာမှာပါ၊ တကယ်ဖြစ်အောင်လည်း ကြိုးစားလာပါလိမ့်မယ်၊
အဲဒါက ရည်မှန်းချက်ရှိတဲ့အတွက် ဖြစ်လာတဲ့စိတ်ပါ။ သင့်ရဲ့ရည်မှန်းချက်တွေဖြစ်လာဖို့ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်လာလေ သင်ပျော်ရွှင်လာလေလေပါ။
အဲဒီ့တော့ ရည်မှန်းချက်ရှိတဲ့ဘဝက ပိုပြီး အဓိပါ္ပယ်ရှိတယ်လို့ ခံစားလာရပါလိမ့်မယ်။

၃) ရည်မှန်းချက်ရှိသူနဲ့ မရှိသူရဲ့ခြားနားချက်
အဲလိုဖြစ်ချင်လာတဲ့စိတ်ကြောင့် သင့်ဘဝက ပိုပြီး စနစ်ကျလာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ရည်မှန်းချက်မရှိတဲ့သူတွေက ပုံမှန်ဝင်ငွေရမယ့်အလုပ်ကို မနက်သွားမယ်၊ ညနေပြန်လာမယ်၊ အိမ်ရောက်ရင် အဓိပါ္ပယ်ရှိရှိမရှိရှိ အာလာပသလာပနဲ့အချိန်ကုန်သွားမယ်။ သူတို့ဘဝက ဒီအပြင်ဘာမှ ပျော်စရာမရှိတော့ပါဘူး။ ပြီးတော့ ငြီးငွေ့လာနိုင်ပါသေးတယ်။ သင်ကရည်မှန်းချက်ရှိနေရင်တော့ ပုံမှန်ဝင်ငွေရတဲ့အလုပ်က ပြန်လာရင်တောင် သင့်ရည်မှန်းချက်အတွက် ဘာလုပ်ရင်ကောင်းမလဲလို တွေးမယ်၊ လုပ်သင့်တာကို လုပ်နေမယ်၊ သင့်ရည်မှန်းချက်ကိုရောက်ဖို့ အဆင့်တစ်ခုအောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့အခါ သင်ပျော်မယ်။ အဲဒါကြောင့် သင့်ရဲ့ဘဝက ပိုပြီး ပျော်မွေ့စရာကောင်းလာပါလိမ့်မယ်။ ငြီးငွေ့ဖို့တောင် အချိန်ရှိတော့မှာမဟုတ်ပါဘူး။ သင့်ရည်မှန်းချက်ကိုရောက်ဖို့ နီးလာလေ၊ သင်ပျော်လာလေပါပဲ။ အဲဒီ့ပျော်ရွှင်မှုကလည်း ဘာနဲ့မှကို မတူတဲ့ပျော်ရွှင်မှုမျိုးပါ။
သင့်ရည်မှန်းချက်ကို မြန်မြန်ရောက်ဖို့ စဉ်းစားလိုက်၊ ကြိုးစားလိုက်၊ အချိန်ကို သင့်ရည်မှန်းချက်နဲ့ သင့်ဘဝအတွက်ကောင်းကောင်းအသုံးချနိုင်လာလို့ သင့်ဘဝက ပိုပြီးစနစ်ကျလာပါလိမ့်မယ်။
ဘဝမှာ စိတ်ဓာတ်ကျစရာတွေနဲ့ ကြုံလာရရင်တောင် သင်က ခဏတဖြုတ်ပဲလဲကျမှာပါ။ သင့်ရဲ့မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေကြောင့် ပြန်ထဖို့ သင်ပြန်ကြိုးစားမှာပါ။ အဲဒါကြောင့် ရည်မှန်းချက်ရှိတဲ့သူက စိတ်ဓာတ်လဲပိုပြီးခိုင်မာလာတတ်ပါတယ်။ အတွေ့အကြုံကနေလည်း သင်ခန်းစာတွေယူတတ်လာပါတယ်၊ ဘာလို့လဲဆိုတော့ ဒီတစ်ခါ ကျရှုံးတယ်ဆိုရင် အဲဒါဘာကြောင့်ရှုံးရလဲ ဆိုတာမျိုးတွေးတတ်လာပြီး နောက်တစ်ခေါက်ထပ်ကြိုးစားတဲ့အခါ ပထမတစ်ခါက သင်ခန်းစာကို နားလည်တတ်လာမှာမို့ပါ။ ဖြစ်မြောက်အောင်ကြိုးစားနိုင်တာတွေများလာသလို အရည်အချင်းတွေနဲ့လည်း ပိုပြီးပြည့်ဝလာတတ်ပါတယ်။ ကိုယ့်ကိုကိုယ်လည်း ပိုပြီး ယုံကြည်မှုရှိလာပါတယ်။ ဒါပြီးရင် ဘာဆက်လုပ်ရင်ကောင်းမလဲဆိုတာမျိုးကိုလည်း တွေးနိုင်လာတဲ့အတွက် ရှေ့ကိုလည်းပိုပြီးမြော်မြင်တတ်လာပါတယ်။ စီမံကိန်းတွေနဲ့ ဘဝကို ချမှတ်ပြီး ဖြစ်မြောက်အောင်လုပ်ဆောင်တတ်လာပါတယ်။ ချက်ချင်းဖြစ်မြောက်ပြီး ချက်ချင်းကြီးကြီးမားမားမဖြစ်နိုင်ပေမယ့် ရည်မှန်းချက်ကို ပုံမှန်လှမ်းလျှောက်သွားရင်းနဲ့ အချိန်တစ်ခုရောက်တဲ့အခါမှာ ရည်မှန်းချက်ရှိတဲ့သူက နေရာတစ်နေရာရလာတတ်ပါတယ်။ ရည်မှန်းချက်မရှိသူကတော့ အချိန်တွေကို ပျော်ရွှင်ဖို့နဲ့ အလဟဿဖြုန်းပစ်လိုက်ပြီး အချိန်တွေသာ ကုန်သွားတယ်၊ ဘာမှဖြစ်မြောက်လာမှာမဟုတ်ပါဘူး။ နေရာတစ်နေရာလည်း ရလာဖို့မလွယ်ပါဘူး။ ကံကောင်းစွာနဲ့နေရာတစ်နေရာရလာခဲ့ရင်လည်း အဲဒီ့နေရာကို အမြဲ update မလုပ်နိုင်လို့ ရထားတဲ့နေရာတည်မြဲဖို့လည်း မလွယ်ပါဘူး။
ရည်မှန်းချက်ရှိသူက ဘဝကိုပိုပြီး တန်ဖိုးထားတတ်လာပါတယ်။ ရည်မှန်းချက်မရှိသူက ဘဝဟာဘာမှန်းမသိလိုက်ဘဲ ကုန်ဆုံးသွားတတ်ပါတယ်။ ရည်မှန်းချက်ရှိသူက ပိုပြီး ယုံကြည်မှုရှိလာမယ်၊ ပိုပြီးပျော်ရွှင်လာမယ်၊ ရည်မှန်းချက်မရှိသူက ရှိပြီးသားယုံကြည်ချက်တွေပါ ကျဆင်းလာတတ်ပါတယ်။ ပျော်ရွှင်နေရင်တောင် ပျော်ရွှင်မှုဟာ တာရှည်မခံဘူးလို့ ထင်လာတတ်ပါတယ်။ ရည်မှန်းချက်ရှိသူရဲ့ဘဝဟာ အနှစ်သာရတွေနဲ့ ပြည့်ဝနေပြီး ရည်မှန်းချက်မရှိသူကတော့ ဘဝဟာ ဘာလိုနေမှန်းမသိအောင် ခံစားရလာပါလိမ့်မယ်။
ဘဝရဲ့နေဝင်ချိန်ကိုရောက်လာရရင်တောင် ရည်မှန်းချက်ရှိသူက ဘဝကို တန်ဖိုးရှိစွာအသုံးချပြီးပြီမို့ ပျော်ရွှင်စွာ လက်ခံလိုက်ဖို့ အသင့်ရှိနေပြီး ရည်မှန်းချက်မရှိသူကတော့ ကြောက်လန့်ပြီး ဆောက်တည်ရာမရဖြစ်တတ်ပါတယ်။
ကဲ…..အခုလောက်ဆိုရင်တော့ ရည်မှန်းချက်ရှိတဲ့ဘဝကပိုပြီးပျော်မွေ့စရာကောင်းတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ ဖတ်ပြီးတာနဲ့ “ငါဖြစ်ချင်တာကကော ဘာပါလိမ့်………” လို့ပြန်တွေးပြီး ကိုယ့်ကိုကိုယ်ပြန်မေးလိုက်ပါ။ ခုကစပြီး ရည်မှန်းချက်အတွက် ပြင်ဆင်လိုက်ပါတော့နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။