ဘဝမှာ ငွေနဲ့ဝယ်မရနိုင်တဲ့အရာများ

သင့်ဘဝမှာ အသက်အရွယ်ရလာလေလေ တချို့အရာတွေက ငွေနဲ့ဝယ်မရဘူးဆိုတာ သင်တဖြည်းဖြည်း သိလာမယ်ထင်ပါတယ်။ သင်ငယ်စဉ်အချိန်မှာတော့ ငွေနောက်ကို အသည်းအသန်လိုက်နေရပေမယ့် သင်အသက်ရလာတဲ့အချိန်မှာတော့ သင်ကြိုးစားပမ်းစားလိုက်ရှာထားရတဲ့ငွေတွေက သိပ်အဖိုးမတန်တော့ဘူးဆိုတာ သင်နားလည်လာမှာပါ။ သင့်ဘဝရဲ့နေဝင်ချိန်ရောက်ကာမှ ငွေနဲ့ဝယ်မရနိုင်တဲ့အရာများကို တန်ဖိုးထားတတ်လာမယ်ဆိုရင် အချိန်နှောင်းသွားနိုင်ပါတယ်။ အဲဒီလိုမဖြစ်ရအောင် ခုကတည်းက ဘဝမှာငွေနဲ့ဝယ်လို့မရတဲ့အရာတွေကို ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးလိုက်ပါတယ်။


၁) ချစ်ခြင်းမေတ္တာ
ဒီနေ့ခေတ်မှာ ငွေရှိရင် အရာအားလုံးဝယ်လို့ရတယ်ဆိုတဲ့ အတွေးအခေါ်က တော်တော်များများဆီမှာ ကိန်းအောင်းနေပါတယ်။ အဲဒီ့အတွေးအခေါ်ကြောင့်ပဲ ငွေနဲ့ပုံဖော်ထားတဲ့ သံပတ်ပေးနှလုံးသားကို ခံစားလွယ်တဲ့နှလုံးသားနဲ့ အစားထိုးလာကြပါတယ်။ တကယ်တော့ အတုက အတုပါပဲ။ ငွေရှိရင် ချစ်ခြင်းမေတ္တာကိုလည်း ဝယ်ယူလို့ရတယ်ဆိုတာက ဘယ်လောက်ခံမယ်လို့ထင်ပါသလဲ။ ငွေနဲ့လဲဝယ်ထားတဲ့အတွက်ကြောင့် ခဏတဖြုတ် အပိုင်ရတဲ့နှလုံးသားအတုသာ ဖြစ်နိုင်မှာပါ။ ထိုနှလုံးသားအတုမျိုးက ငွေမရှိတဲ့အခါ ဒါမှမဟုတ် ငွေပိုများတဲ့ပိုင်ရှင်ထံ အချိန်မရွေးရောက်သွားနိုင်ပါတယ်။ အဲဒါကြောင့်ကိုပဲ ငွေနဲ့ ချစ်ခြင်းမေတ္တာကို ဝယ်လို့မရနိုင်ဘူးဆိုတာ သတိရပါနော်။ ကိုယ့်ကို တကယ့်ချစ်ခြင်းမေတ္တာအစစ်အမှန်နဲ့ ချစ်ခင်တဲ့သူမှန်ရင် ကိုယ့်ထံမှာ ငွေရှိသည်ဖြစ်စေ၊ ငွေမရှိသည်ဖြစ်စေ ဘဝမှာ ကြုံလာရသမျှ အဆိုးအကောင်း အားလုံးကို အတူလက်တွဲရင်ဆိုင်မှာဖြစ်ပါတယ်။
၂) စာနာနားလည်မှု၊ ကြင်နာစွာဖေးမမှု
ငွေရှိရင် ကိုယ့်ဘဝရဲ့နေဝင်ချိန်မှာတောင် ဘေးနားမှာ နေပေးမယ့်သူကို ငွေပေးပြီး ခေါ်ထားလို့ရတယ်လို့ တချို့တွေက ပြောတတ်ကြပါတယ်။ အဲဒါဆိုရင် သင့်ဘဝရဲ့နေဝင်ချိန်မှာ သင့်ဘေးနား ငွေပေးခေါ်ထားတဲ့သူတွေက သင့်ကို စာနာနားလည်စွာ ဖေးမမယ်လို့များ သင်ထင်ပါသလား။ မထင်လိုက်ပါနဲ့နော်…..ငွေမျက်နှာကြောင့် သင့်အနားမှာ နေပေမယ့် သင့်ခြေသင့်လက်နဲ့သင်မစွမ်းသာတော့တဲ့အခါ သင့်ကို စိတ်မရှည်ခြင်းကိုလည်း သင်မတုံ့ပြန်နိုင်ဘဲ ခံရမှာပါပဲ။ သင့်ကို ဆောင့်ကြီးအောင့်ကြီးနဲ့ ပစ်ချလည်း သင်ခံရမှာပါပဲ။ သင့်ကို ငွေကြောင့်ဆိုတဲ့ အကြောင်းရင်းကြောင့် ဟန်ဆောင်မျက်နှာဖုံးနဲ့သာ ဆက်ဆံမှာဖြစ်တဲ့အတွက် သူတို့ရဲ့ရင်ထဲက စစ်မှန်တဲ့ စာနာနားလည်မှု၊ သင့်အပေါ် ကြင်နာစွာဖေးမမှုမျိုး သင်မရနိုင်ပါဘူး။
၃) မိသားစုချင်း နားလည်ကူညီပေးမှု
အမွေလုရင်း မိသားစုချင်း စကားများကြတာ၊ တစ်ယောက်ကိုတစ်ယောက်အပြစ်တင်ရင်း ရန်စောင်ကြတာမျိုးတွေ မြင်ဖူးကြမှာပါ။ အဲဒါက တကယ်တော့ မိသားစုချင်းကြားမှ ငွေနဲ့ဝယ်မရတဲ့ တန်ဖိုးရှိတဲ့အရာကို မမြင်နိုင်ကြလို့ပါပဲ။ ဘဝမှာ အမြဲတမ်း တစ်ယောက်တည်းရှင်သန်ဖို့ မဖြစ်နိုင်ပါဘူး။ ငွေကိုပဲ အဖော်ပြုပြီး ရှင်သန်မယ်လို့လည်း မဖြစ်နိုင်ပါဘူး။ ငွေရှိတုန်းပဲ ငွေမျက်နှာနဲ့ သင့်အနားနေနိုင်ပေမယ့် သင်ငွေမရှိတဲ့အခါ ငွေထက်ပိုပြီးတန်ဖိုးရှိတဲ့အရာတွေကို သင်သတိရလာပါလိ့မ်မယ်။ အဲဒီလို ငွေနဲ့ဝယ်မရတဲ့တန်ဖိုးရှိတဲ့အရာတွေက မိသားစုချင်း ချစ်ခင်လေးစားမှုပါပဲ။ မိသားစုချင်း ငွေကြောင့်မဟုတ်ဘဲ စစ်မှန်စွာ ချစ်ခင်လေးစားမှုရှိနေရင် သင်ငွေရှိသည်ဖြစ်စေ၊ ငွေမရှိသည်ဖြစ်စေ သင့်ဒုက္ခရောက်ချိန်မှာ မိသားစုက ကူညီဖေးမပါလိမ့်မယ်။ သင်အားငယ်ဝမ်းနည်းနေချိန်မှာ မိသားစုချင်း သင့်ကို အားပေးကြမှာပါ။ သင့်ကို လူအားလုံးက အသုံးမဝင်ဘူးလို့ စွန့်ပစ်ကြချိန်မှာ မိသားစုကသာ သင့်ကို ဖေးမစာနာနိုင်တာပါ။ အဲဒါကြောင့် မိသားစုချင်း စာနာနားလည်ပေးပါ။ ဖေးမကူညီပေးပါ။ အဲဒါက ငွေနဲ့ဝယ်မရပါဘူး။
၄) ရိုးသားဖြူစင်မှု
ရိုးသားဖြူစင်တဲ့သူကို ငွေဘယ်လောက်ပေးပေး လိုက်ဝယ်လို့တောင် မရနိုင်ပါဘူး။ ကိုယ်တိုင်ဆောက်တည်မှ ရတာမျိုးပါ။ အဲဒါကြောင့် ငွေထက်တန်ဖိုးရှိပြီး ငွေနဲ့တောင် ပေးမဝယ်နိုင်တဲ့ ရိုးသားသူဖြစ်အောင် ကိုယ့်ကိုကိုယ် ကျင့်သုံးပါ၊ ပြုပြင်ပါ။ အဲဒါဆို ကိုယ်က ငွေမရှိရင်တောင် တန်ဖိုးရှိတဲ့လူဖြစ်မှာပါ။ လူတစ်ယောက်က သူ့ဘဝကိုသူရှင်သန်နေစဉ်မှာ ဘာတွေလုပ်ခဲ့လဲဆိုတာက သူ့တန်ဖိုးကို သတ်မှတ်ပေးတာဖြစ်ပါတယ်။ အဲဒါကြောင့် အသက်ရှင်နေတုန်း တန်ဖိုးရှိတဲ့လူတစ်ယောက်အဖြစ် ရိုးသားစွာရှင်သန်ပါ။
၅) ကိုယ်ကျင့်တရား
ကတိသစ္စာမှန်သောအခါမှာ မြက်ပင်ဖြစ်နေပါစေအုံး ဆေးဘက်ဝင်သွားနိုင်တယ်ဆိုတဲ့ ရှင်မဟာသီလဝံသရဲ့ ကဗျာလေးကို လူတိုင်းလိုလို ကြားဖူးကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးမှာ မှန်ကန်သော အကျင့်၊ သိက္ခာ၊ သစ္စာ၊ ကိုယ်ကျင့်တရားမှန်ကန်စွာနေထိုင်ခြင်းက ဘယ်လောက်အဖိုးတန်သလဲဆိုတာကို ပြောပြထားခြင်းဖြစ်ပါတယ်။ ငွေနဲ့လဲပြီး ကိုယ်ကျင့်တရားမှန်ကန်အောင် နေခိုင်းလို့မရသလို၊ ကိုယ်ကျင့်တရားမှန်ကန်သူကိုလည်း ငွေနဲ့လဲပြီး ဝယ်လို့မရနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်ကျင့်တရားမှန်ကန်သူကို လိုက်ရှာမနေဘဲ ကိုယ်တိုင် ကိုယ်ကျင့်တရားမှန်ကန်အောင်နေထိုင်ခြင်းက အကောင်းဆုံးပါပဲ။ သင့်မှာ ငွေတွေပေါတယ်ဆိုရင်တောင် ကိုယ်ကျင့်တရားကောင်းမွန်သူကို သင့်နားမှာ ငွေနဲ့လဲပြီး ခေါ်မထားနိုင်ပါဘူး။
ငွေနဲ့လဲမရတဲ့အရာတွေကို သိထားပြီးတဲ့အခါ ထိုအရာတွေကို ကိုယ်တိုင်အခြားသူကို ပေးဖို့ကြိုးစားပါ ။ အဲဒါက သင့်အတွက် ငွေကြေးချမ်းသာခြင်း၊ မချမ်းသာခြင်းနဲ့ မဆိုင်ဘဲ သင်ပေးတဲ့အတိုင်း သင်ပြန်ရစေမှာဖြစ်ပါတယ်။ သင်ပေးလိုက်တဲ့အကြင်နာတရားရဲ့ တန်ဖိုးကို နားလည်သူက သင့်ကို အကြင်နာတရားပြန်ပေးပါလိမ့်မယ်။ သင့်ရဲ့ကိုယ်ကျင့်တရားကို သိသွားတဲ့သူက သင့်ကို တန်ဖိုးရှိစွာဆက်ဆံပါလိမ့်မယ်။ သင့်မိသားစုကို သင်စတင်ကြင်နာလိုက်တာနဲ့ သင့်တန်ဖိုးကိုသိလာတဲ့တစ်နေ့ သင့်ကို သူတို့ပြန်ပြီးတန်ဖိုးထားရကောင်းမှန်းနားလည်လာပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။