ရောင့်ရဲခြင်းက ပျင်းရိခြင်းလား။

တခါတခါကျရင် ရောင့်ရဲခြင်းက စိတ်ချမ်းသာတယ်လို့ ပြောတာကြားဖူးမှာပါ။ အဲဒီ့မှာ ရှင်းစရာရှိလာတာက ရောင့်ရဲခြင်းက လောဘကြီးခြင်းရဲ့ဆန့်ကျင်ဘက်စာသားအဖြစ်အားလုံးက အကြမ်းဖျင်းသတ်မှတ်ထားကြပါတယ်။ လောဘကြီးခြင်းကမကောင်းတဲ့လက္ခဏာတစ်ခုအဖြစ်သတ်မှတ်မယ်ဆိုရင် ရောင့်ရဲခြင်းကတော့ ကောင်းတယ်လို့သတ်မှတ်နိုင်တယ်ပေါ့။ အချို့ကျပြန်တော့ တခုခုမလုပ်ချင်တဲ့အခါတိုင်း ရောင့်ရဲတာဆိုပြီး အကြောင်းပြချက်ပေးတတ်ကြပြန်ပါတယ်။ တကယ်တော့ ရောင့်ရဲခြင်းနဲ့ ပျင်းရိခြင်းက မတူပါဘူး။


လောကမှာ လောဘကိုသာ ဦးထိပ်ထားပြီး ဆုံးဖြတ်ချက်ချမယ်၊ လုပ်ဆောင်နေမယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေသာများလာပါတယ်။ လောဘကြီးသူက အတ္တလည်းကြီးတာကိုး။ အဲဒီ့တော့ လောဘကြီးသူအတွက် အကျိုးရှိမယ်ဆိုရင် အခြားသူတွေအတွက် အကျိုးထိခိုက်လာနိုင်ပါတယ်။
ကိုယ့်လက်ထဲ ၅သိန်းလောက်ရှိရင် ၁၀သိန်းလောက်လိုချင်မယ်၊ ၁၀သိန်းလောက်ရှိလာပြန်တော့ သိန်း၂၀လောက်လိုချင်ပြန်ရော…။ ဘယ်တော့မှ အဆုံးမသတ်၊ အတောမသတ်နိုင်ဘူးဆိုတဲ့စိတ်က မရောင့်ရဲနိုင်တာဖြစ်ပါတယ်။ တနည်း…လောဘရဲ့သဘောပါပဲ။ ထိုစိတ်ကို ပိုင်ဆိုင်ထားတဲ့သူက သူ့စိတ်ရဲ့မောင်းနှင်ရာအတိုင်း လုပ်မှာဖြစ်သလို၊ အခြားသူရဲ့အကျိုးထိခိုက်စေ၊ မထိခိုက်စေ အများကြီးမစဉ်းစားနိုင်တော့ပါဘူး။ သူ့ရဲ့အလိုလောဘအတိုင်းစိတ်ဆောင်နေတာမို့ပါ။ အဲဒီ့အတွက် သူ့ပတ်ဝန်းကျင်ကလူတွေကို တနည်းအားဖြင့် ထိခိုက်လာစေနိုင်ပါတယ်။ ထိုစိတ်မျိုးပိုင်ဆိုင်ထားတဲ့လူကိုယ်တိုင်လည်း အမြဲတမ်း လိုချင်တပ်မက်တဲ့စိတ်နဲ့ ပူလောင်နေတတ်ပါတယ်။ ကိုယ်ရထားတာနဲ့ ဘယ်တော့မှ မရောင့်ရဲနိုင်ဘူး၊ ကိုယ်ရထားတာထက်ကို ပိုလိုချင်တဲ့စိတ်က ထိုလူ့ကိုအမြဲတမ်း ပူပန်ကြောင့်ကြနေစေပါတယ်။ အဲဒါကြောင့် လောဘစိတ်ကပူလောင်တယ်လို့ဆိုချင်တာဖြစ်ပါတယ်။

အဲဒါဆို လောဘရှိခြင်းရဲ့ဆန့်ကျင်ဘက် ရောင့်ရဲခြင်းကျပြန်တော့…..လိုချင်တပ်မက်စိတ်များလွန်းတာကြောင့် ပူလောင်နေတဲ့စိတ်၊ အခြားသူများကိုထိခိုက်စေတဲ့အထိ မဖြစ်စေဘဲ ကိုယ့်ကိုယ်ကိုယ်လည်း မပူလောင်စေအောင် လျှော့ချတာဖြစ်ပါတယ်။ အချို့ကကျပြန်တော့ ရောင့်ရဲတယ်ဆိုတာက ပျင်းရိသူတွေရဲ့ အကြောင်းပြချက်ပေးခြင်းတစ်မျိုးလို့ဆိုပါတယ်။ တကယ်တော့ ပျင်းရိခြင်းနဲ့ ရောင့်ရဲခြင်းက မတူပါဘူး။
ပျင်းရိခြင်းကတော့ ကိုယ့်အကျိုးအတွက်လည်း ဘာကိုမှမမျှော်လင့်၊ ဘာကိုမှမကြိုးစားသလို၊ ဘာကိုမှအပင်ပန်းခံပြီး မလုပ်ယူချင်တာဖြစ်ပါတယ်။ စိတ်ကူးထဲမှာသာ ပိုသာတဲ့နေရာတစ်ခု၊ ပိုကောင်းတဲ့အခွင့်အရေးကို လိုချင်နေပေမယ့် တကယ့်လက်တွေ့မှာတော့ ဘာကိုမှ ကြိုးစားအပင်ပန်းခံဖို့ စိတ်မပါပါဘူး။ အဲဒီ့အတွက် ပျင်းရိရာကနေ ဖျင်းတဲ့အထိဖြစ်လာပြီး ဘယ်နေရာမှာမှ အရာမရောက်သလို၊ ဘယ်နေရာမှာမှ အခြားသူထက် အရည်အချင်းမြင့်တဲ့သူ၊ ထက်မြက်တဲ့သူမဖြစ်နိုင်ဘဲ ပျင်းရိသူရဲ့ဘဝက နိမ့်ကျသထက်နိမ့်ကျလာမှာဖြစ်ပါတယ်။

ရောင့်ရဲခြင်းကတော့ ရှိသင့်ရှိထိုက်တာဖြစ်လာဖို့ ကြိုးစားမယ်၊ ကိုယ့်ရည်မှန်းထားသလောက်ဖြစ်လာအေင် ရိုးသားစွာအပင်ပန်းခံကြိုးစားမယ်၊ ရုန်းကန်မယ်၊ သတ်မှတ်ထားတာလေးတွေ၊ ရည်မှန်းထားတာလေးတွေဖြစ်မြောက်လာတဲ့အခါ ကိုယ့်မိသားစုပြေလည်မယ်၊ အဆင်ပြေချောင်လည်လာတဲ့အခြေအနေမျိုးမှာ ပတ်ဝန်းကျင်ကိုလည်း တတ်နိုင်သလောက် အကျိုးပြုမယ်၊ ရှိထားတာလေးတွေကို တန်ဖိုးထားမယ်၊ ဘဝကို အေးချမ်းပျော်ရွှင်စွာနဲ့ ဖြတ်သန်းမယ်၊ ခုလက်ရှိရောက်နေတဲ့နေရာနဲ့ အဆင်ပြေနေရင် လက်ရှိအခြေအနေကိုတန်ဖိုးထားမယ်။ မတရားသဖြင့် မလိုချင်ဘူး၊ အလကားရမယ့်အရာမျိုးကို အချောင်လိုချင်စိတ်နဲ့ မတရားရယူလိုစိတ်မရှိဘဲ ကိုယ်တိုင်ရိုးသားစွာကြိုးစားရှာဖွေပြီး ရလာတာကို တန်ဖိုးထားမယ်။ စတဲ့စိတ်ထားမျိုးပါပဲ။ ရောင့်ရဲတတ်တဲ့သူက လောဘတကြီးရှာဖွေနေတဲ့လူထက်တော့ လူနေမှုအဆင့်အတန်းနိမ့်ကျချင်နိမ့်ကျပါလိမ့်မယ်။ ဒါပေမယ့် ဘဝကို ပျော်ရွှင်စွာဖြတ်သန်းပြီး ဘဝမှာရှင်သန်ရကျိုးနပ်တဲ့လူတွေဖြစ်ပါတယ်။

အဲဒါကြောင့် အပူများတဲ့လောဘစိတ်နဲ့ အခြားသူူတွေဆီက မတရားလိုချင်စိတ်၊ အချောင်ရချင်စိတ်ကို လျော့ပါ။
ပျော်ရွှင်မှုကို ခပ်ဝေးဝေးမှာ သွားရှာမနေပါနဲ့။ သင့်စိတ်ထဲမှာ ရှိသင့်ရှိထိုက်တာလေးတွေနဲ့ ဘဝမှာအဆင်ပြေချောင်လည်စွာနေနိုင်တဲ့ဘဝကို တန်ဖိုးထားပါ။ ရထားတာကို ကျေနပ်ပါ၊ ရည်မှန်းချက်အတွက် ရိုးသားမှန်ကန်စွာ ကြိုးစားပါ၊ ကျေးဇူးတင်စရာတွေကိုတွေးပြီး ကျေးဇူးတင်ကြည့်ပါ။ ရောင့်ရဲတတ်ခြင်းက ပျော်ရွှင်စေပါတယ်။ ပျင်းရိခြင်းကတော့ သင့်ဘဝကို ပျက်စီးစေပါတယ်လို့ ဖော်ပြပေးလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။