အောင်မြင်ဖို့အတွက် ဘာကြောင့်စိတ်ဓာတ်ခိုင်မာဖို့လိုအပ်တာလဲ။

စိတ်ဓာတ်ခိုင်မာခြင်းက သင့်ကိုပိုပြီး ကောင်းမွန်တဲ့ပန်းတိုင်နဲ့၊ ပိုပြီးကြီးမားတဲ့ပန်းတိုင်ကို ရောက်ရှိစေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဓာတ်ခိုင်မာတဲ့သူတွေသာ ခက်ခဲမှုတွေကိုခံနိုင်ရည်ရှိစွာ ဖြတ်ကျော်နိုင်မှာဖြစ်လို့ပါပဲ။ အောက်ပါအကြောင်းပြချက် ၇ခုက အောင်မြင်ဖို့အတွက်ဘာကြောင့်စိတ်ဓာတ်ခိုင်မာသင့်သလဲဆိုတာ ရှင်းပြပေးပါလိမ့်မယ်။


၁) စိတ်ဓာတ်ခိုင်မာခြင်းက သင့်ကိုသင်သံသယဝင်ခြင်းကို ဖျက်ဆီးပစ်နိုင်ပါတယ်။
သင့်မှာ ရည်မှန်းချက် ဒါမှမဟုတ် သတ်မှတ်ထားတဲ့ပန်းတိုင်တစ်ခုရှိတယ်ဆိုပါစို့။ သင့်ကိုသင်ပြန်မေးနေမိတယ်၊ “ငါလုပ်နိုင်ပါ့မလား…..” ဆိုတဲ့အတွေးမျိုးက သင့်ကိုသင်သံသယဝင်ခြင်းရဲ့အစပါပဲ။ အဲဒီလို တွေးပြီးတာနဲ့ မလုပ်နိုင်ဘူးလို့များ သင်ကတွေးလိုက်ရင် သင်အောင်မြင်ဖို့အလှမ်းဝေးသွားပါပြီ။ ဒါပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့လူတစ်ယောက်ကျတော့ အဲလိုမတွေးနေတော့ပါဘူး။ “လုပ်ကိုလုပ်မယ်။ အနိုင်ရကိုရရမယ်” ဆိုတာမျိုးနဲ့ ဆုံးဖြတ်ချက်ကို ဖြတ်ချလိုက်မယ်။ ပြီးရင် လုပ်စရာရှိတာကို မနားမနေကြိုးစားလုပ်ပါလိမ့်မယ်။ အဲဒီ့အခါ သင့်ကိုယ်သင်တောင် သံသယဝင်ဖို့အချိန်မရှိတော့ပါဘူး။ အဲဒါကြောင့် စိတ်ဓာတ်ခိုင်မာတဲ့သူတစ်ယောက်က ကိုယ့်ကိုကိုယ်သံသယဝင်ခြင်းကို ဖျက်ဆီးပစ်နိုင်တဲ့အတွက် နောက်မဆုတ်နိုင်ဘဲ ပန်းတိုင်ကို အရောက်သွားမှာပါ။

၂) စိတ်ဓာတ်ခိုင်မာခြင်းက သင့်ကို တက်ကြွမှုဖြစ်စေပါတယ်။
သင့်အာရုံထဲမှာ သင်အရယူရမယ့်ပန်းတိုင်ကိုသာ ထည့်ထားရင် ဖြစ်လာနိုင်တဲ့အခက်အခဲကို မတွေးမိပါဘူး။ “ဒီရည်မှန်းချက်ကိုသာ ရောက်ရင်…..” ဆိုတဲ့စိတ်လွှမ်းမိုးနေတဲ့အခါကျတော့ သင့်စိတ်က ပန်းတိုင်နဲ့ပိုနီးစပ်နေသလို ပိုတက်ကြွနေပါလိမ့်မယ်။ တခြားအခက်အခဲတွေဆိုတာ သင့်အတွက် အသေးအဖွဲလိုဖြစ်နေတာပေါ့။ အဲဒါကြောင့် စိတ်ဓာတ်ခိုင်မာတဲ့လူတစ်ယောက်အတွက် ကိုယ့်ရည်မှန်းချက်ပန်းတိုင်နဲ့ပတ်သက်ရင် အမြဲတက်ကြွနေတတ်ပါတယ်။
၃) စိတ်ဓာတ်ခိုင်မာတဲ့အခါ အခြားသူတွေရဲ့မလိုလားအပ်တဲ့အကြံပေးချက်တွေကို ဖယ်ထုတ်တတ်လာပါတယ်။
အခြားသူတွေကျေနပ်အောင် ကြိုးစားနေထိုင်မိနေမယ် ဒါမှမဟုတ် အခြားသူတွေရဲ့အမှားတွေကို မှားနေကြောင်းသက်သေပြဖို့ကြိုးစားမိနေတယ်ဆိုရင် အခြားသူတွေရဲ့အထင်အမြင်အယူအဆတွေထဲမှာပဲ သင်ပိတ်လှောင်နေရပါလိမ့်မယ်။ စိတ်ဓာတ်ခိုင်မာတဲ့သူတစ်ယောက်ကတော့ ဘယ်သူ့ရဲ့အထင်မြင်တွေလွှမ်းမိုးမှု့ကိုမှ မခံယူပါဘူး။ ပြတ်သားသေချာတဲ့ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်စရာရှိတာကိုလုပ်မှာဖြစ်ပြီး ကိုယ့်အတွက်လိုအပ်တဲ့စကားကို ဘယ်လိုအသုံးပြုရမလဲဆိုတာသ ိပါတယ်။ ကိုယ့်အတွက်မလိုလားအပ်တဲ့အကြံပေးချက်တွေကို ခေါင်းထဲမထည့်တတ်ပါဘူး။

၄) စိတ်ဓာတ်ခိုင်မာသူတွေက အရှုံးတွေထဲမှာပဲ စိတ်ညစ်မနေဘဲ သင်ခန်းစာယူတတ်ပါတယ်။
သင့်အမှားကို ဖုံးကွယ်ထားတာ ဒါမှမဟုတ် ဆင်ခြေပေးတာမျိုးက စိတ်ဓာတ်ခိုင်မာသူတွေမလုပ်တတ်ကြပါဘူး။ စိတ်ဓာတ်ခိုင်မာတဲ့သူတွေက အမှားကို ဝန်ခံမယ်၊ အမှားထဲက သင်ခန်းစာယူမယ် ရှေ့ဆက်သွားပါလိမ့်မယ်။ စိတ်ဓာတ်ပျော့ညံ့သူတွေက အမှားကို ထိုင်တွေးပြီး ဝမ်းနည်းမဆုံးဖြစ်နေချိန်မှာ စိတ်ဓာတ်ခိုင်မာသူတွေက နောက်ထပ်ခြေလှမ်းအသစ်တွေနဲ့ ရှေ့ဆက်နေမှာဖြစ်ပါတယ်။ အဲဒါကြောင့် စိတ်ဓာတ်ခိုင်မာသူတွေက အောင်မြင်မှုဆီ မြန်မြန်ရောက်နိုင်တာပေါ့။

၅) စိတ်ဓာတ်ခိုင်မာသူတွေက အကြောက်တရားကို ရင်ဆိုင်ဖို့လည်း သတ္တရှိပါတယ်။
Comfort zone ထဲက ရုန်းထွက်ရတာ ခက်ခဲပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ခိုင်မာသူတွေက comfort zone ထဲက ရုန်းထွက်နိုင်မှ အောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်မယ်ဆိုတာ သိသူတွေပါ။ သင်သာစိတ်ဓာတ်ခိုင်မာနေမယ်ဆိုရင် ဘယ်လိုကြောက်စရာကောင်းတဲ့အခက်အခဲတွေကြုံပါစေ၊ ရင်ဆိုင်ဖို့ လက်တွန့်နေမှာ မဟုတ်ပါဘူး။ သင့်ကိုနှောင့်ယှက်နိုင်တဲ့အခက်အခဲတွေကနေ အနိုင်တိုက်နိုင်မှ သင့်ပန်းတိုင်ရောက်မှာကို သေချာသိတဲ့သူတွေပါ။ အဲဒါကြောင့် စိတ်ဓာတ်ခိုင်မာသူတွေက အကြောက်တရားတွေကို ရင်ဆိုင်နိုင်သူတွေပါပဲ။

၆) စိတ်ဓာတ်ခိုင်မာမှုက သင့်ကို ကျရှုံးမှုကနေ ပြန်လည်ကယ်ဆယ်နိုင်ပါတယ်။
ကျရှုံးမှုကြောင့် အချို့လူတွေက လက်လျော့သွားတတ်ကြပါတယ်။ စိတ်ဓာတ်ခိုင်မာသူတွေကတော့ ကျရှုံးမှုကြုံတိုင်း နောက်တစ်ကြိမ်မှာ ပိုကောင်းအောင် ကြိုးစားဖို့တွေးပါတယ်။ အခါခါ ကျရှုံးလည်း ခံနိုင်ရည်ရှိပါတယ်။ ကျရှုံးခြင်းဟာ အောင်မြင်မှုဆီသွားမယ့် လှေခါးထစ်တွေဆိုတာ နားလည်ကြပြီး အခါခါ ပြန်ကြိုးစားတတ်ပါတယ်။ အဲဒါကြောင့် အောင်မြင်ချင်တဲ့သူတွေက စိတ်ဓာတ်ခိုင်မာသင့်ပါတယ်။

၇) စိတ်ဓာတ်ခိုင်မာမှုက သင့်ရဲ့စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စေပါတယ်။
အောင်မြင်မှုဆီသွားတဲ့လမ်းကြောင်းပေါ်မှာ ပျော်ရွှင်ရတာရှိသလို၊ ဝမ်းနည်းစရာတွေလည်းရှိမယ်။ စိတ်ခံစားချက်တွေ အတက်အကျပေါင်းများစွာ ဖြစ်ရမယ့်ကိစ္စတွေ ကြုံရမှာပါ။ ဒါပေမယ့် စိတ်ဓာတ်ခိုင်မာသူက ထိုအခြအနေတွေကို နားလည်ပြီး အောင်မြင်မှုကို ရှေးရှုလို့ ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ပါတယ်။ အဲဒါမှသာ ကိုယ်အလိုရှိရာပန်းတိုင်ကို ရောက်နိုင်မှာကိုး။
အထက်က အချက် ၇ချက်ကို ဖတ်ကြည့်ပြီးတဲ့အခါမှာတော့ အောင်မြင်မှုဆီအရောက်သွားချင်သူတွေဟာ ဘာကြောင့်စိတ်ဓာတ်ခိုင်မာသင့်သလဲဆိုတာ နားလည်လောက်ပါပြီနော်။ စိတ်ဓာတ်ခိုင်မာခြင်းက အောင်မြင်မှုလမ်းပေါ် ရောက်အောင် အများကြီးကူညီပေးနိုင်မှာပါ။ ဘယ်လောက်ကျရှုံးမှုကြုံပါစေ။ စိတ်ဓာတ်ခိုင်မာမှုရှိတဲ့လူတစ်ယောက်အဖို့ ဘယ်တော့မှ လက်လျော့အရှုံးပေးမှာမဟုတ်ပါဘူး။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။