"တကယ်တော့ ဘဝကတိုတောင်းလွန်းပါတယ်။ အခုလက်ရှိအချိန်မှာ ပျော်ရွှင်အောင်နေထိုင်ပြီး လုပ်စရာရှိတာတွေကိုသာ အာရုံစိုက်လိုက်ပါ။ "
ဘဝက တိုတောင်းလွန်းတယ်ဆိုတာကို လူတိုင်းလိုလိုက မေ့နေတတ်ကြပါတယ်။ ဘဝရဲ့ရပ်တည်ရှင်သန်မှု၊ ဘဝရဲံအခက်အခဲ၊ စားဝတ်နေရေး စတဲ့မပြေလည်မှုတွေကြားထဲမှာ လှုပ်ရှားရုန်းကန်ရင်းနဲ့ ဘဝအမောတွေကြားထဲမှာသာ ထူပူနေတတ်ကြပါတယ်။ အဲဒီလိုရုန်းကန်လှုပ်ရှားနေရင်းနဲ့မှ အမုန်းတရားတွေ၊ သောကတွေ, မာန်မာနတွေကြားထဲမှာပဲ အလုပ်ရှုပ်နေတတ်ကြပြန်ပါတယ်။အဲဒီ့စိတ်တွေကြားမှာ နေထိုင်ရင်း ကိုယ်ဟာလည်း အချိန်မရွေးသေခြင်းတရားနဲ့ထိတွေ့သွားနိုင်တယ်ဆိုတာမေ့နေတတ်ကြပါတယ်။
တကယ်လည်း သေချာပြန်စဥ်းစားကြည့်ရင် အခုလိုအချိန်မှာသာ ငွေရှိသူဖြစ်စေ၊ ရာထူးရှိသူဖြစ်စေ၊ ပညာတတ်သည်ဖြစ်စေ၊ ပညာမတတ်သည်ဖြစ်စေ လူတိုင်းလိုလို သေခြင်းတရားက လာပြီးထိတွေ့ကျီစယ်နိုင်တယ်ဆိုတာ သဘောပေါက်လာကြမှာပါ။ အဲဒါကြောင့် ဒီလို ကပ်ရောဂါမျိုးဟာ ကျွန်မတို့ကို သင်ခန်းစာပေးဖို့အတွက်များ တမင်ကို ဖြစ်လာသလား ထင်ရပါတယ်။ အဲဒါဆိုရင် ဒီလိုအချိန်မျိုးကျမှ ရှင်သန်ခြင်းရဲ့တန်ဖိုးကို ကျွန်မတို့ ပိုပြီးသိလာကြမယ်မဟုတ်လား။ ရှင်သန်နေမှသာလျင် ကျွန်မတို့လုပ်စရာရှိတာတွေကို ဆက်လုပ်နေနိုင်မယ်၊ ပညာသင်ယူစရာရှိတာတွေကို ဆက်လက်သင်ယူနိုင်မယ်၊ ရှာဖွေစုဆောင်းချင်တာတွေကို အသက်ရှင်သန်နေတုန်းမှာသာ ရှာဖွေစုဆောင်းနိုင်မယ်၊ ချစ်ခင်တဲ့လူတွေအတွက် လုပ်နိုင်သလောက်လေးကို အသက်ရှင်သန်နေတုန်းမှာသာ လုပ်ပေးနိုင်မယ်၊ ကိုယ်ချစ်တဲ့လူတွေကိုလည်း အသက်ရှင်သန်နေတုန်းမှာသာ ချစ်ခင်ကြင်နာနိုင်မယ်၊ မျှဝေနိုင်တာလေးတွေ ပြန်လည်ပေးကမ်းမျှဝေနိုင်မှာဖြစ်ပါတယ်။ တနည်းအားဖြင့် အသက်ရှင်သန်မှသာ သင်လုပ်ချင်တာတွေအားလုံးကို စိတ်သွားတိုင်းကိုယ်ပါ လုပ်နိုင်နေမှာမဟုတ်ပါလား။
တကယ်လည်း အသက်ရှင်သန်နေခြင်းဟာ အင်မတန် တန်ဖိုးရှိပါလားဆိုတဲ့အတွေးမျိုး တွေးမိလာတဲ့အခါ ကိုယ်ရှင်သန်နေတဲ့ဘဝတိုတိုလေးမှာ တန်ဖိုးရှိအောင် ရှင်သန်မယ်ဆိုတဲ့ အတွေးမျိုးဝင်လာစေမှာပါ။ အဲဒီ့အတွေးမျိုးကို တွေးစေချင်တဲ့အတွက်ကြောင့်ပဲ ရက်စက်ခြင်းဖုံးလွှမ်းနေတယ်ထင်ရတဲ့ လူသားတွေကြားထဲကို ဒီကပ်ရောဂါဆိုးကြီးကို ရောက်လာဖို့ ဖန်တီးပေးလိုက်သလားပင် ထင်ရပါတယ်။
အဲဒီ့တော့ ဘဝဟာ တိုတောင်းလွန်းပါတယ်။ အသက်ရှင်သန်နေချိန်လေးဟာ တခဏလေးအတွင်းမှာ အများကြီးတန်ဖိုးရှိပါတယ်။ ဒါဆိုရင် ရှင်သန်နေတုန်း တခဏလေးမှာ အများအကျိုးရှိတာလေးတွေလုပ်ပြီး ကိုယ့်ဘဝကို အကျိုးရှိအောင် မဖြတ်သန်းသင့်ဘူးလား။
တခဏလေးရရှိပိုင်ဆိုင်ထားတဲ့ဘဝလေးမှာ ဘာလို့များ ဒေါသအမုန်းပွားခြင်းနဲ့အချိန်ကုန်မှာလဲ၊ ကိုယ့်အပေါ်ချစ်သူဖြစ်စေ၊ မုန်းသူဖြစ်စေ သူ့အပူကိုသူသာယူပါစေ၊ ကိုယ်မယူဘဲ ပြုံးရွှင် သာယာအောင်နေထိုင်တာမကောင်းဘူးလား။ ဘာလို့များ ကိုယ်မလုပ်နိုင်တာတွေအတွက် ထိုင်ပြီး ပူဆွေးနေမလဲ၊ လုပ်နိုင်တာလေးကို အချိန်ရသလောက်လုပ်တာပိုမကောင်းဘူးလား။ ဘာလို့ မတူတဲ့အမြင်တွေကို ဘယ်သူကမှန်ကန်ကြောင်း ဘယ်သူကမှားကြောင်း ငြင်းခုံနေမှာလဲ၊ သူလည်း သူ့အမြင်နဲ့သူ ကိုယ်လည်းကိုယ့်အမြင်နဲ့ကို လွတ်လပ်စွာ သဘောထားကွဲလွဲကြမှာပေါ့။
လူတစ်ယော်ကရဲ့ပျမ်းမျှအသက် ၆၀ထိ သက်တမ်းရှိတယ်ဆိုပေမယ့် ဘယ်သူ့ကိုမှ အသက်၆၀ထိနေနိုင်မယ်မပြောနိုင်ဘူးဆိုတာ ခုကာလက သက်သေပဲမဟုတ်လား။ မနက်ဖြန်လည်း သေချင်သေနိုင်မယ်, တဘက်ခါလည်း သေချင်သေနိုင်မယ်, ဒါမှမဟုတ် အသက် ၈၀ကျော် ၉၀ထိလည်း အသက်ရှည်ချင်လည်း အသက်ရှည်နေအုံးမှာပဲလေ။
အဲဒီ့တော့ မရေရာတဲ့ မနက်ဖြန်ပေါင်းများစွာအတွက် ဒီနေ့ရထားပိုင်ဆိုင်ထားတဲ့ဘဝလေးကိုသာ ကောင်းကောင်းအသုံးချပြီး ကောင်းကောင်းရှင်သန်၊ စိတ်ထားကောင်းကောင်းလေးမွေးပြီး ရှင်သန်သွားရင် မကောင်းဘူးလားလို့ ခုလို ကိုဗစ်ကာလမှာ တွေးမိတာလေးမျှဝေပေးလိုက်ပါတယ်။
ဒီနေ့ကစပြီး အကောင်းဆုံးဖြစ်အောင် ရပ်တည်ရှင်သန်ကြပါစို့နော်။