ဘာကြောင့် သင့်ကိုယ်သင်လက်ခံသင့်တာလဲ။

လောကမှာ သင့်ကိုသင်လက်ခံတတ်ဖို့က အရေးကြီးပါတယ်။ သင်ကိုယ်သင်လက်ခံတတ်မှာသာ သင့်ကိုသင်ချစ်ခင်စိတ်ဖြစ်မယ်၊ ကိုယ့်ကိုကိုယ်ယုံကြည်မှု ပိုရှိလာမယ်၊ ကိုယ့်ကိုကိုယ်အထင်ကြီးလေးစားစိတ်ဖြစ်လာပါလိမ့်မယ်။ အဲဒီလို့ ဖြစ်နိုင်မှာသာ သင်လည်း သင့်ဘဝကိုနေပျော်မှာပါ။ အဲလိုမဟုတ်ရင်တော့ သင့်ကိုသင်အားမရခြင်း၊ သင့်ကိုသင် မုန်းတီးခြင်း၊ သင့်ကိုသင် ယုံကြည်မှုမရှိခြင်းတွေဖြစ်လာနိုင်ပြီး စိတ်ဓာတ်ကျခြင်းကဲ့သို အခြေအနေမျိုးကနေမှ ကိုယ့်ကိုကိုယ်သတ်သေခြင်းအထိတောင် ဖြစ်လာနိုင်ပါတယ်။


အဲဒါကြောင့် သင့်ကိုသင်လက်ခံတတ်ဖို့သင်ယူပါ။ သင့်ဘဝရဲ့အစိတ်အပိုင်းအားလုံးကိုတန်ဖိုးထားပါ။ သင်လိုချင်တာတွေချည်းပဲတော့ မရနိုင်တာဘဝပါ၊ သင်မလိုချင်တာတွေပဲ ရထားပါစေအုံး၊ အဲဒါတွေကို လက်ခံတတ်ဖို့လိုပါတယ်။
အဲဒါဆိုရင် သင့်ကိုသင်ဘာကြောင့်လက်ခံသင်သလဲဆိုတဲ့အကြောင်းလေးတွေ ဖတ်ကြည့်လိုက်ရအောင်နော်။

၁) တိုးတက်အောင် သင်လုပ်နိုင်ပါတယ်။
မကောင်းတဲ့အမြင်တွေ၊ အတွေးတွေတွေးပြီး သင့်ကိုသင် မကောင်းတဲ့စကားတွေပြောပြီး သင့်ကိုသင်မနှိပ်စက်သင့်ပါဘူး။ သင်က မပြည့်စုံနိုင်ဘူးလေ။ ပြည့်စုံခြင်းဆိုတာ စိတ်ကူးယဉ်မှုတစ်ခုပါပဲ။ သင်လုပ်နိုင်တာကိုသာ အကောင်းဖြစ်အောင် လုပ်နိုင်ဖို့ အာရုံစိုက်သင့်တာပါ။

၂) အတိတ်ဆိုတာ သင့်ရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။
သင့်လုပ်ခဲ့ဖူးတဲ့အမှားတွေအားဖြင့် သင့်ကိုမသတ်မှတ်နိုင်ပါဘူး။ အမှန်တကယ်တော့ သင့်ရဲ့အမှားတွေက သင်ဟာလူသားတစ်ယောက်ဖြစ်ကြောင်းပြသနေတာပဲဖြစ်ပါတယ်။ သင့်ရဲ့အမှားတွေကို ပြန်သုံးသပ်ပါ။ သင့်ကိုသင်ခွင့်လွှတ်ပါ။ သင်ခန်းစာယူပြီးရှေ့ဆက်သွားပါ။

၃) သင်က သီးခြားဖြစ်တည်မှုတစ်ခုပါပဲ။ အခြားသူများကို အတုခိုးထားတာမဟုတ်ပါဘူး။
သင့်ရဲ့မပြည့်စုံခြင်းက သင့်ကို ပြိုင်ဘက်ကင်းဖြစ်ဖို့ တွန်းပို့စေတာပါ။ သင့်ကိုယ်သင်ပြန်သုံးသပ်ပြီး ပြင်ဆင်မှုတွေက အခြားသူများအတွက် ပြယုဂ်တစ်ခုလာနိုင်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့မပြည့်စုံခြင်းကို လက်ခံပါ။ နှစ်သက်ပါ။ သင့်ရဲ့မပြည့်စုံခြင်းကနေ ထွက်ပြေးဖို့မကြိုးစားပါနဲ့။

၄) သင့်ဘဝရဲ့ ကြုံလာသမျှတိုင်းက သင်ယူရမယ့်သင်ခန်းစာတွေပါပဲ။
သင့်ဘဝမှာ ဖြစ်ပျက်လာသမျှတိုင်းက သင်ယူရမယ့် သင်ခန်းစာတွေပါပဲ။ သင်ခန်းစာအဖြစ်မြင်ကြည့်လိုက်ပါ။ အဲဒီ့နောက်မှာ သင်ယူပြီး လက်ရှိကို ဘယ်လိုအကောင်းဆုံးဖြစ်နိုင်မလဲဆိုတာကို တွေးပါ။ အကောင်းဆုံးကိုလုပ်ဆောင်ပါ။

၅) သင့်ကိုယ်သင်လက်ခံနိုင်ခြင်းကသာ ပျော်ရွှင်မှုအစစ်အမှန်ပါ။
သင့်ကိုပျော်ရွှင်စေတဲ့ အခြားသောအရာတွေကို ရှာတွေ့ဖို့ကြိုးစားခြင်းက ပိုပြီး ဖိစီးမှုနည်းပါလိမ့်မယ်။ ဒါပေမယ့်
သင့်ကိုသင်လက်ခံနိုင်မှုနဲ့ သင့်စိတ်အတွင်းက ကျေနပ်မှုကို ရှာတွေ့ခဲ့လျှင်တော့ ပြင်ပကပျော်ရွှင်မှုတွေနဲ့ အခြားသောအရာတွေထံက ပျော်ရွှင်မှုတွေရှာနေစရာကို လိုအပ်တော့မှာမဟုတ်ပါဘူး။

၆) သင်အကောင်းဆုံးဖြစ်အောင်လုပ်နိုင်တဲ့အရာတွေရှိပါတယ်။
ကျွန်တော်တို့တွေက ကျွန်တော်တို့ရဲ့အားနည်းချက်ကို အနည်းဆုံးဖြစ်ဖို့နဲ့ အမှားတွေပြုလုပ်မိခြင်းကိုသာ အာရုံစိုက်နေမိတတ်ပါတယ်။ အဲဒါတွေကိုသာတွေးနေတတ်ကြတာပေါ့။ ကျွန်တော်တို့ပိုပြီး လုပ်ဆောင်နိုင်စွမ်းရှိတာတွေနဲ့ အကောင်းဆုံးလုပ်နိုင်တဲ့အရာတွေကို ပိုပြီးတိုးတက်အောင်လုပ်နိုင်လာဖို့သာ အာရုံစိုက်ရင် ပိုပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာမှာပါ။ အဲဒါအပြင် ပိုပြီးလည်း စွမ်းဆောင်ရည်မြင့်လာပါလိမ့်မယ်။ အဲဒီ့တော့ သင်သိထားရမှာက သင်အကောင်းဆုံးဖြစ်အောင်လုပ်နိုင်တဲ့အရာတစ်ခုခုတော့ရှိပါတယ်။

၇) ခွင့်လွှတ်တတ်ဖို့ အလေ့အကျင့်ဖြစ်ပါစေ။
ကျွန်တော်တို့တွေက ကိုယ့်ဟာကိုယ်ခွင့်လွှတ်မယ့်အစား အခြားသူများကို ခွင့်လွှတ်တတ်ဖို့ ပိုပြီးအလှမ်းဝေးပါတယ်။ ခွင့်လွှတ်တတ်တဲ့အကျင့်လေးလုပ်ပြီး အလုပ်လုပ်တဲ့အခါ သင်နာကျင်ရသက်သာပါလိမ့်မယ်။ မကောင်းတဲ့ခံစားချက်တွေလည်း ပေါ့သွားပြီး သင့်စိတ်ထဲမှာ ပိုပြီး လွတ်လပ်ပေါ့ပါးလို့ နေပျော်စရာကောင်းလာပါလိမ့်မယ်။

၈) သင်က သင်ထင်ထားတာထက်ကို ပိုပြီးသန်မာပါတယ်။
သင်က ခုချိန်မှာ မုန်တိုင်းတွေကြားထဲရှင်သန်နေရပြီး အရမ်းကို အားငယ်စရာကောင်းနေတယ်လို့ သင့်ကိုသင်ထင်နေတယ်ဆိုရင် သင်သိထားရမှာတစ်ခုရှိပါတယ်။ တကယ်တော့ သင်က သင့်ကိုသင်ထင်ထားတာထက်ကို ပိုသန်မာတယ်ဆိုတာပါပဲ။ အဲဒါကြောင့်ကိုပဲ
ဘာကိစ္စတွေပဲကြုံလာပါစေ….သင်ကျော်ဖြတ်နိုင်ပါတယ်။ သင်အဆင်ပြေသွားပါလိမ့်မယ်။

၉) အခြားသူများနဲ့ သင့်ကိုသင်နှိုင်းယှဉ်ခြင်းက သင့်တန်ဖိုးမဟုတ်ပါဘူး။
အခြားသူများရဲ့ ဘဝကိုကြည့်ပြီး ကိုယ့်ဘဝကိုစိတ်ညစ်နေခြင်းက မှားပါတယ်။ အခြားသူတွေက သူတို့ဘဝရဲ့အစစ်အမှန်ဖြစ်ပျက်နေတာတွေထက် သင့်ကိုသူတို့မြင်စေချင်တဲ့အပိုင်းကိုသာ ချပြထားကြတာဖြစ်ပါတယ်။ အဲဒါကြောင့် အခြားသူများရဲ့ဘဝကိုကြည့်ပြီး ကိုယ့်ဘဝတော့ဆိုးရွားလိုက်တာလို့ ထင်မနေပါနဲ့။ အခြားသူများနဲ့ သင့်ကိုသင်နှိုင်းယှဉ်ခြင်းက သင့်စိတ်ကိုသင် ဖျက်ဆီးခြင်းပါပဲ။ လူတိုင်းက ကိုယ့်ဘဝကိုယ် အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပြီးရှေ့ဆက်နေကြရတာပါပဲ။

သင့်ဘဝရဲ့ဆိုးရွားစွာ စိတ်ထိခိုက်ချိန်နဲ့ သင့်ကိုသင်ယုံကြည်မှုကျဆင်းလာတိုင်းမှာ ဒီစာပိုဒ်တွေကို ပြန်ဖတ်ပြီး သင့်ကိုသင် လက်ခံနိုင်အောင်ကြိုးစားပါ။ သင့်ကိုသင်ပြန်သတိပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။
https://everydaypowerblog.com/reasons-to-accept-yourself/ လင့်မှာ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။