တိရိစ္ဆာန်လေးတွေ ချစ်တတ်မှ ဘဝထဲ ဝင်လာခဲ့ပါ။

အိမ်မွေးတိရိစ္ဆာန်ဆိုတာက မချစ်တတ်၊ တန်ဖိုးမထားတတ်တဲ့သူအတွက်တော့ အရမ်းစိတ်ညစ်စရာအဖြစ်မြင်ကြမှာပါ။ ဒါပေမယ့် ချစ်တတ်တဲ့သူတွေအတွက်ကတော့ သူတို့လေးတွေကို ဂရုတစိုက်ရှိနေရတာကပဲ ဘဝရဲ့ သာယာခြင်းတစ်မျိုးပါပဲ။


လူတွေလည်း နှလုံးသားနဲ့မို့ သံယောဇဉ်ခင်တွယ်တတ်သလိုပါပဲ၊ သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေကလည်း သင့်ရဲ့ဂရုစိုက်ကြင်နာမှုနဲ့အတူ ခင်တွယ်တတ်ပါတယ်။ သူတို့လေးတွေမှာလည်း ကံအကြောင်းတရားကြောင့်သာ တိရိစ္ဆာန်ဖြစ်ရပေမယ့် သူတို့မှာလည်း သူတို့တန်ဖိုးကိုယ်စီရှိပါတယ်။ သူတို့သခင်အပေါ်မှာလည်း သစ္စာစောင့်သိတတ်ကြပါသေးတယ်။
တိရိစ္ဆာန်လေးတွေကို ကိုယ်တိုင်မွေးထားတဲ့သူတွေကို မေးကြည့်ပါ။ သူတို့ရဲ့ဘဝအဓိပ္ပါယ်ပိုပြီး ပြည့်ဝလာသလိုခံစားကြရပါတယ်တဲ့။ နှောင်တွယ်မှု သံယောဇဉ်က ဘဝကို ပိုပြီး လေးနက်လာသလိုခံစားရစေပါတယ်။ သင့်ကိုသင်လည်း အရေးပါတဲ့လူတစ်ယောက်အဖြစ် ပိုပြီခံစားလာရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လေးတွေက အစာလိုချင်ရင် သင့်ကို အမြီးလေးနှံ့၊ ခေါင်းလေးဝှေ့လို့ လာတောင်းတာမျိုး၊ သင့်မျက်နှာမကောင်းတဲ့အခါ သင့်ဘေးနားတစ်ချိန်လုံးထိုင်နေပြီး သင့်မျက်နှာကိုပဲ မော့မော့ကြည့်လို့ သူပါ မှိုင်နေတတ်တာမျိုး၊ သင့်ကို တစ်ယောက်ယောက်များ ထိခိုက်အောင်လုပ်မယ်ဆိုရင် သူတို့က သူတို့တတ်နိုင်သလောက်လေး ပြန်ပြီး သင့်ကိုယ်စားတိုက်ခိုက်ပေးတာမျိုး အဲဒီ့အပြုအမူလေးတွေက မွေးဖူးတဲ့သူတွေမှာ ခံစားနားလည်နိုင်တဲ့အပြုအမူလေးတွေပါ။
တစ်လောကလုံးက လူတွေက သင့်ကို အဖက်မလုပ်ကြပါလားလို့ တွေးနေမိတယ်ဆိုရင် ဘာမှဂရုစိုက်မနေဘဲ puppy လေးတစ်ကောင်လောက်မွေးထားကြည့်လိုက်ပါ။ သူလေးက သင့်ကို ဂရုစိုက်ပါလိမ့်မယ်နော်။ သင်လမ်းလျှောက်ဖို့ အဖော်မရှိတဲ့အခါ သူတို့က သင့်နောက်ကိုပြေးလိုက်လို့ သူတို့ကိုခေါ်သွားပါလို့ တောင်းဆိုပါလိမ့်မယ်။ သင်ပြန်လာမယ့်အချိန်ကို မျှော်မယ့်သူမရှိလည်း စိတ်မပူပါနဲ့၊ သူတို့လေးတွေက အိမ်တံခါးဝမှာ ငုတ်တုတ်ထိုင်လို့ သင်ပြန်မလာချင်း စောင့်နေမှာပါ။ အဲဒါတွေကြောင့် သင့်လောကကြီးကလည်း သင့်ကိုပုတ်ခတ်သူ၊ ဂရုမစိုက်သူ၊ ပစ်ပယ်ထားသူ စတဲ့သူတွေအကြောင်းတောင် တွေးဖို့အချိန်မရှိနိုင်တော့ဘဲ သင့်အချိန်တွေကို သူတို့အကုန်စိုးမိုးထားပါလိမ့်မယ်။ ကဲ….ဘယ်လောက်များ အဆင်ပြေပြီး အာရုံနောက်သက်သာလိုက်မယ့်ဘဝပါလဲ။
ဒါပေမယ့် တိရိစ္ဆာန်လေးတွေကို မချစ်တတ်သူနဲ့ကျပြန်တော့ ခြားနားချက်တွေဖြစ်လာပါရော။ သင့်puppy လေးက သင့်အတွက် ချစ်စရာကောင်းသလောက်၊ မချစ်တတ်တဲ့သူအတွက်ကျတော့ ဘာလုပ်လုပ်ရှုပ်တယ်လို့ မြင်နေတတ်ပါတယ်။ အိမ်မှာဆိုလည်း သူတို့ကြောင့် အလုပ်ပိုတယ်ထင်နေတတ်ပြန်ရော။ ဟိုကိုက်ဆွဲ၊ ဒီကိုက်ဆွဲလို့ ဆော့ကစားပြန်ရင်လည်း အိမ်မှာပွလို့ စိတ်ညစ်စရာဖြစ်တယ်ထင်မှာပါ။ အဲဒါကြောင့် မချစ်တတ်တဲ့သူတွေအတွက်ကတော့ မြင်မြင်ရာ စိတ်ညစ်စရာဖြစ်နေတတ်ပါတယ်။
သင့်မှာလည်း ထိုကဲ့သို့ချစ်သူမျိုးရှိနေတယ်ဆိုရင် ဘယ်လိုလုပ်မိမယ်ထင်ပါသလဲ။ တိရိစ္ဆာန်လေးတွေကို ချစ်တတ်သူနဲ့ မချစ်တတ်သူရဲ့ကြားမှာ ခြားနားချက်က ဘာမှ မကြီးမားဘူးလို့ ထင်ရပေမယ့် တကယ်တော့ အကြီးကြီးခြားနားပါတယ်။ ဘယ်လိုမှပေါင်းစပ်လို့မဖြစ်နိုင်ပါဘူး။ မချစ်တတ်သူက ဘာလုပ်လုပ်ရှုပ်တယ်ထင်နေတဲ့အပြင် သူတို့လေးတွေရဲ့အနံ့အသက်တွေ၊ ဆော့ကစားထားတာတွေ၊ အနောက်ကနေတကောက်ကောက်လိုက်နေတာတွေ ဘာလုပ်လုပ် စိတ်ညစ်စရာလို့ထင်နေမှာမို့ သင့်နဲ့ တစ်ဘဝလုံး အတူတူနေထိုင်ဖို့ဆိုတာ သူ့အတွက်ကြောက်စရာကြီးဖြစ်နေမှာပါ။ အက်မင်ကတော့ တိရိစ္ဆာန်လေးတွေမှာလည်း အသက်ရှိတာပဲမို့ ဘဝရှိပါတယ်။ သူတို့ဘဝလေးတွေကို ကိုယ်တွေလို လူတွေမှ ကယ်တင်ပြီးကောင်းမွန်စွာ မပြုစုရင် ဘယ်လောက်များ သနားဖို့ကောင်းလိုက်ပါ့မလဲ။ သူတို့လေးတွေကိုလည်း တန်ဖိုးထားသင့်ပါတယ်။
သူတို့လေးတွေကို မွေးမြူ၊ ကြည့်ရှု့စောင့်ရှောက်ခြင်းက သင့်အတွက် ကျန်းမာရေးအတွက် ပိုပြီးကောင်းစေတယ်ဆိုတာကော သင်သိပါရဲ့လား။ အိမ်မွေးတိရိစ္ဆာန်လေးတွေမွေးမြူခြင်းက သင့်ရဲ့ စိတ်ဖိစီးမှုတွေနဲ့ ပူပန်မှုတွေကို လျော့ကျစေပါတယ်။ စိတ်ဓာတ်ကျခြင်းကို လျော့နည်းစေပါတယ်။ သွေးဖိအားကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ်က ခုခံစွမ်းအားကိုတိုးစေပါတယ်။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအန္တရာယ်ကိုလျော့ကျစေပါတယ်။ သင့်အတွက် အပျင်းတောင်ပြေစေအုံးမှာပါ။ သင့်ဘဝမှာလည်း ပိုပြီး လေးနက်အဓိပါ္ပယ်ရှိလာတယ်လို့ ခံစားလာရပါလိမ့်မယ်။ အက်မင်ကတော့ မချစ်တတ်သူတွေကို ဘာမှမပြောချင်ပေမယ့်လည်း relationship အနေနဲ့တော့ လက်တွဲဖို့က ဖြစ်နိုင်မှာမဟုတ်လို့
တိရိစ္ဆာန်လေးတွေကို ချစ်တတ်မှာ ဘဝထဲကို ဝင်လာခဲ့ပါလို့ ပြောချင်ပါတယ်။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။