တစ်စုံတစ်ယောက်ကို မယုံကြည်သင့်မှန်းသိနိုင်သော လက္ခဏာများ

တစ်စုံတစ်ယောက်က ယုံကြည်မှုကိုဖျက်ဆီးပစ်လိုက်တာမျိုးကြုံဖူးမှာပါ။ သူငယ်ချင်းဖြစ်ဖြစ်၊ ချစ်ရတဲ့သူဖြစ်ဖြစ် သင်က လုံးဝကိုယုံကြည်ထားပေမယ့် သင့်ယုံကြည်မှုကိုအသုံးချခံလိုက်ရတာမျိုးကြုံဖူးမှာပါ။ ကြုံဖူးမှသိလိုက်တာထက်စာရင် လူတစ်ယောက်ရဲ့အရိပ်အခြည်ကိုကြည့်ပြီး ယုံကြည်သင့်တာမယုံကြည်သင့်တာဆုံးဖြတ်နိုင်တာပိုကောင်းပါတယ်။ အဲဒါကြောင့် လူတစ်ယောက်မှာ အောက်ပါအကျင့်တွေရှိနေပြီဆိုရင် မယုံကြည်သင့်တော့ဘူးဆိုတာဖော်ပြပေးလိုက်ပါတယ်။


၁) ရှေ့နောက်စကားမညီခြင်း
အမှန်တော့ လူတစ်ယောက်က လိမ်နေလား၊ မလိမ်ဘူးလားဆိုတာကို သူ့ရဲ့စကားအသွားအလာတွေအရ သေချာနားထောင်ကြည့်ရင် သင့်ရဲ့မသိစိတ်ထဲကနေကို သိနေနိုင်တာမျိုးရှိပါတယ်။ အဲဒါကို လက်ခံတာနဲ့လက်မခံတာဘဲ ကွာသွားတာပါ။
လူတစ်ယောက်က သင့်ကိုလိမ်ညာဖူးတယ်ဆိုရင် အဲဒီ့လူတစ်ယောက်ကို မျက်လုံးမှိတ်ပြီး ထပ်ယုံကြည်ဖို့က မဖြစ်နိုင်တော့ပါဘူး။ အဲဒီ့လိုလူမျိုးဆိုရင်တော့ လုံးဝယုံကြည်လိုက်တာထက်စာရင် သင့်ရဲ့ဗီဇ၊ အတွင်းစိတ်၊ မသိစိတ်က ထင်နေတာမှန်မမှန်ပြန်လည်သုံးသပ်ပြီးမှ ဆုံးဖြတ်ပါ။

၂) အလေးအနက်မရှိခြင်း
တခါတလေမှားတာက နားလည်ပေးလို့ရပါတယ်။ မှားပြီးတဲ့အမှားကို သင်ခန်းစာယူပြီးနောက်မမှားအောင် ဆင်ခြင်တတ်သူဟာ တဖြည်းဖြည်းတိုးတက်လာတာပါပဲ။ ဒါပေမယ့် မှားတယ်၊ မှားပြီး တောင်းပန်တယ်၊ အခါခါထပ်မှားတယ်၊ တောင်းပန်တယ်၊ မပြုပြင်၊ သင်ခန်းစာမယူဘူး၊ အမှားကြိုက်သလောက်လုပ်ပြီးရင် ခပ်လွယ်လွယ်တောင်းပန်တတ်သူမျိုးကိုတော့ သင်မယုံကြည်သင့်တော့ပါဘူး။ အချို့ကျပြန်တော့ တောင်းပန်တာမျိုးတောင်မရှိတော့ပါဘူး။ ထပ်ခါတလဲလဲမှားတယ် တောင်းပန်ဖို့မလိုဘူးလို့ထင်တဲ့သူမျိုးပါ။

၃) ဆင်ခြေများတတ်ခြင်း
မကောင်းတဲ့အကျင့်ဆိုးတွေလုပ်လေ့ရှိပြီး ပြုပြင်ဖို့ပြောလိုက်တိုင်း ဆင်ခြင်ပြတတ်တဲ့သူမျိုးကိုလည်း မယုံကြည်သင့်တော့ပါဘူး။ တခါတလေမှားပြီး နောင်တစ်ချိန်ပြုပြင်သွားရင်ပြဿနာမရှိပေမယ့် အခါခါမှားပြီး မှားတိုင်း ဆင်ခြင်ပေးလိုက်ရုံနဲ့ပြီးသွားတဲ့လူမျိုးကို သင်အခါခါယုံကြည်နေရင် သင်ပဲနစ်နာမှာပါ။ အဲဒီ့လူကို ယုံကြည်တာမဟုတ်ဘဲ သူ့ရဲ့အကျင့်ဆိုးကို ယုံကြည်ပေးနေသလိုဖြစ်နေတတ်ပါတယ်။

၄) သင့်အပေါင်းအသင်းတွေရဲ့အထင်အမြင်အရ ဆိုးဝါးနေခြင်း
တခါတလေကျရင် ကိုယ်မမြင်နိုင်တဲ့ဟာကွက်ကို ကိုယ့်ပတ်ဝန်းကျင်ကလူတွေမြင်နိုင်သိနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်သံသယဖြစ်နေတဲ့ကိစ္စမျိုးမှာ တထစ်ကျယုံကြည်ပစ်လိုက်တာမျိုးမဟုတ်ဘဲ ဘေးပတ်ဝန်းကျင်က လူတွေရဲ့စကားကိုလည်း နားထောင်သင့်ပါတယ်။ နားထောင်ရာမှာလည်း ထိုလူတွေရဲ့စကားကိုပဲ အပြည့်အဝနားထောင်တာမျိုးထက် သင်ထင်နေတာနဲ့၊ လက်တွေအကျင့်နဲ့ ဘေးပတ်ဝန်းကျင်ပြောစကားနဲ့ တိုက်ဆိုင်ကြည့်၊ သုံးသပ်ကြည့်သင့်တာမျိုးပေါ့။ အဲဒီလိုဆန်းစစ်နေရပြီဆိုကတည်းက အပြည့်အဝယုံကြည်ဖို့စဉ်းစားရတော့မှာပါ။

၅) မပြုပြင်တတ်ခြင်း
အကျင့်ဆိုးတွေကို ပြုပြင်ဖို့ပြောပေမယ့် ပြောနေတုန်းပဲ သတိရတတ်သူမျိုးပါ။ သင့်ကွယ်ရာရောက်တာနဲ့သင်ပြောသမျှအားလုံးမေ့သွားတတ်သူမျိုးပါ။ အဲဒီ့အခါ ပြုပြင်ဖို့လည်း အတွေးထဲမရှိတော့ပါဘူး။ မပြုပြင်ဖြစ်တော့ဘူးပေါ့။ အခါခါ သင့်ကိုလိမ်ညာနေမယ့်သူမျိုးပါ။ အဲဒီ့လူမျိုးက သင့်ယုံကြည်နဲ့မတန်ပါဘူး။
အဲဒီလိုအကျင့်ရှိနေတဲ့သူမျိုးက သင်ဘယ်တော့မှယုံကြည်လို့ရမှာမဟုတ်ပါဘူး။ ယုံကြည်ပါများရင်လည်း သင်ပဲအခါခါနာကျင်ရမှာပါ။ သူကတော့ လုံးဝတောင် ဂရုစိုက်မိမှာမဟုတ်ပါဘူး။ အထက်ကအကျင့်တွေရှိနေတဲ့သူမျိုးဆိုရင် မျက်လုံးမှိတ်ယုံကြည်နေမယ့်အစား အချိန်အခါအလိုက် နားထောင်သင့်တာနားထောင်၊ လက်ခံသင့်တာလက်ခံပြီး လက်ခံနိုင်တဲ့အကြိမ်ထက်ပိုလာရင်တော့ လုံးဝကို ဖြတ်ချပြီး ဆက်ဆံရေးဖြတ်တောက်ပစ်လိုက်ဖို့လိုပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။