တစ်ဦးတည်းသောကလေးဖြစ်လာတဲ့အတွက် ကောင်းခြင်း၊ ဆိုးခြင်းများ

ဒီနေ့ခေတ်မှာ မိသားစုထဲမှာ သားသမီးတစ်ယောက်တည်းယူတာမျိုးတွေ အတွေ့များလာပါတယ်။ ခေတ်အခြေအနေအရ မိဘများက ပိုပြီး အလုပ်များလာကြတာမျိုး၊ အိမ်ထောင်ပြုပြီးပေမယ့် နည်းပညာတွေ၊ အခြားသင်တန်းတွေ၊ ထပ်ပြီးလေ့လာစရာတွေများတဲ့အတွက် ကလေးအတွက် အချိန်ပေးချိန်သိပ်မရှိတာမျိုးကတစ်ကြောင်း၊ ရှိပြီးသားသားသမီးကိုသာ ချစ်ခြင်းမေတ္တာအရကော ငွေကြေးအရ လုံလောက်ဖူလုံစေချင်တာမျိုးကတစ်ကြောင်း စသည်ဖြင့် အမျိုးမျိုးသောအကြောင်းရင်းတွေကြောင့် ကလေးတစ်ဦးတည်းယူဖြစ်ကြတာများပါတယ်။ အများအားဖြင့် တစ်ဦးတည်းသောကလေးဖြစ်လာတဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးများတယ်…..ဆိုပြီးပြောတတ်ကြတာတွေ့ရတတ်ပါတယ်။ အဲဒါမျိုးကြောင့် ဒီဆောင်းပါးလေးကို ရေးသားဖော်ပြလိုက်ရပါတယ်။


တကယ်တမ်းတော့ တစ်ဦးတည်းသောကလေးဖြစ်လာရတဲ့အတွက် ကောင်းတယ်၊ မကောင်းဘူးဆိုတဲ့အချက်တွေက သင်ယူပေးတတ်တဲ့မိဘအပေါ်မှာသာ မူတည်တာပါ။ ဘယ်နေရာမှာမဆို ကောင်းခြင်းဆိုးခြင်းကတော့ တွဲရက်ရှိနေတတ်တာမျိုးပါပဲ။ မိဘဆိုတာ သားသမီးတွေအတွက် ပဲ့ကိုင်ရှင်ပဲမဟုတ်လား။ တစ်ဦးတည်းသောကလေးဖြစ်လာတဲ့အခါမှာတော့ မောင်နှမတွေအများကြီးရှိတတ်တဲ့ကလေးထက်စာရင် ဖြစ်လာနိုင်တဲ့ ကောင်းသောအချက်ကော ဆိုးသောအချက်တွေကိုကော ဖော်ပြပေးလိုက်ပါတယ်။
၁) မိဘမေတ္တာအပြည့်အဝပေးနိုင်ခြင်း ရှိပါတယ်။ သားသမီးတိုင်းကို မိဘက ချစ်ကြတာချည်းပါပဲ။ ဒါပေမယ့် သားသမီးများတဲ့အခါ ထိန်းကျောင်းရတဲ့မိဘမှာ တာဝန်များပါတယ်။ တာဝန်များတဲ့အခါ အယောက်စီတိုင်းကို တာဝန်ကျေဖို့ ကြိုးစားရတာခက်လာတတ်ပါတယ်။ တစ်ဦးတည်းမွေးထားတဲ့အခါမှာတော့ ဒီကလေးတစ်ယောက်ထဲကိုသာ တာဝန်ယူရတဲ့အတွက် တာဝန်ကျေအောင် ကြိုးစားနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာကိုလည်း အပြည့်အဝပြသပေးနိုင်ပါတယ်။ ဂရုစိုက်မှုလည်း အပြည့်အဝပေးနိုင်ပါတယ်။
မိသားစုများတဲ့အိမ်ထောင်မှာ ကြုံရတဲ့ဆိုးကျိုးကတော့ “အမေက အကြီးမကိုပဲဂရုစိုက်တာ…အငယ်မကိုတော့ ဂရုမစိုက်ဘူး။ အဖေက အငယ်လေးကိုပဲပိုချစ်တာ …အကြီးကိုတော့ မချစ်ပါဘူး” စသဖြင့် မိဘက ထောင့်စေ့အောင် မဖြည့်ဆည်းနိုင်ရင် သဘောထားကွဲလွဲမှုတွေအဖြစ်များပါတယ်။ တစ်ဦးတည်းသောကလေးမှာကတော့ ထိုဆိုးကျိုးမျိုးမဖြစ်နိုင်ပါဘူး။
၂) ငွေကြေးအရ တတ်နိုင်ပါတယ်။ ကလေးများတဲ့မိသားစုမှာ မိဘက ငွေကြေးအရကော တာဝန်တွေအများကြီးရှိတာမို့ အားလုံးမျှတအောင် မနည်းကြိုးစားရပါတယ်။ ငွေကြေးအရလည်း အလျင်မမီတာမျိုးတွေဖြစ်နိုင်ပါတယ်။ တစ်ဦးတည်းသောကလေးအတွက်တော့ မိဘက တတ်နိုင်ပါတယ်။ ငွေကြေးအရလည်း အရမ်းအလျင်မမီတာမျိုးမဖြစ်နိုင်ဘဲ လိုအပ်သမျှ ဖြည့်ဆည်းပေးဖို့ တတ်နိုင်ပါတယ်။
၃) ကလေးကလည်း မိဘဆီက ချစ်ခြင်းမေတ္တာအပြည့်အဝရနိုင်တဲ့အတွက် သူ့ကိုယ်သူ (self confidence )ယုံကြည်စိတ်ချမှုပိုရှိပါတယ်။
ဆိုးကျိုးကတော့ မိဘက အသင်မတတ်ရင် တစ်ကိုယ်ကောင်းဆန်တဲ့ကလေးဖြစ်လာနိုင်ပါတယ်။ ဥပမာ။ သားက တစ်ဦးတည်းသောသားမို့ နေရာတိုင်းအလိုလိုက်ပါတယ်ဆိုတဲ့မိဘမျိုးလက်ထဲမှာ တစ်ဦးတည်းသောသားသမီးမျိုးဆိုရင် ဘယ်နေရာမဆို ကိုယ်က အရင်ရနေကျမို့၊ ဦးစားပေးခံနေကျမို့ မဖြစ်မနေ အနိုင်လိုချင်စိတ်မျိုးဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ကလေးက ကိုယ့်ကိုကိုယ်ယုံကြည်စိတ်ချမှုရှိလာတာသည် ကောင်းသောအချက်ပါပဲ။ ဒါပေမယ့် ကလေးကို အခြားကလေးတွေနဲ့ ဆော့ကစားတဲ့အခါဖြစ်ဖြစ် လူကြီးသူမနဲ့တွေ့တဲ့အခါဖြစ် မျှဝေတတ်ဖို့ (shring) သင်ကြားပေးသင့်ပါတယ်။ တကိုယ်ကောင်းဆန်တဲ့ကလေးမျိုးမဖြစ်အောင် မိဘကသင်ကြားပေးသင့်ပါတယ်။
၄) တစ်ဦးတည်းသောကလေးမို့ ဆော့ကစားတဲ့အခါ တစ်ဦးတည်းဆော့ရတာမို့ သူ့ဟာသူစိတ်ကူးယဉ်ဖန်တီးချက်တွေနဲ့ ဆော့ကစားတတ်လာပါလိမ့်မယ်။ (အဖော်တွေရှိတဲ့အခါလည်း ဆော့ကစားခိုင်းဖို့လိုပါတယ်နော်) တစ်ယောက်တည်းရှိတဲ့အခါ အဖော်ကို လိုချင်တတ်ပေမယ့်လည်း သူ့ဟာသူဆော့ကစားတတ်လာပါတယ်။ သူတစ်ယောက်တည်းပုံဆွဲတာမျိုး၊ အရောင်တွေခြယ်နေတာမျိုး၊ အရုပ်၂ရုပ်၃ရုပ်နဲ့ တစ်ယောက်တည်းက စကားတွေပြောလိုက် အခြားတစ်ယောက်ပုံစံပြောလိုက်နဲ့မို့ ကလေးက စိတ်ကူးဉာဏ်တောင် ကွန့်မြူးလာတတ်ပါတယ်။ ပိုပြီးလည်း တည်ငြိမ်တတ်လာပါတယ်။
ဆိုးကျိုးကတော့ အဖော်နဲ့တွေ့တတ်တဲ့အခါ အရမ်းကို ခင်တတ်ပြီး အဖော်တော့မက်တတ်လာပါတယ်။ အဲဒီ့အခါ မိဘရဲ့သင်ပြပေးမှုကလည်း လိုအပ်လာပြန်ပါတယ်။ မိဘက ကလေးအတွက် အဖော်တစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို ဆော့ကစားပေးမယ်ဆိုရင် အဖော်မရှိလည်း မိဘက သူ့အတွက် အချိန်သပ်သပ်ပေးထားပါတယ်ဆိုတဲ့အသိနဲ့ အပြင်အဖော်ကို အရမ်းတပ်မက်တာမျိုးမရှိတော့ပါဘူး။ အဲလိုမှမဟုတ်ဘဲ မိဘက ကလေးကို တစ်ယောက်တည်းအရုပ်တွေနဲ့ဆော့ကစားဖို့ ပစ်ထားတယ်ဆိုရင်တော့ ကလေးက အပြင်ဘက်ကအဖော်တွေလာတာမျိုး၊ အသင်းအဖွဲ့နဲ့ဆော့ကစားတာမျိုးဆိုရင် အသည်းအသန်ဆော့ကစားချင်စိတ်ဖြစ်လာပြီး ဂျီကျတာမျိုးတွေနဲ့ အဖော်အရမ်းမင်လာတာမျိုးတွေဖြစ်နိုင်ပါတယ်။
၅) ကလေးအတွက်အချိန်ပိုပေးနိုင်ခြင်းရှိပါတယ်။ ဒီနေ့ခေတ်မှာ ကလေးမိဘများအနေနဲ့ ကလေးမိဘများဖြစ်သွား၍ဆိုပြီး ခေတ်ပေါ်သင်တန်းတွေဘာဆိုဘာမှမတက်ဘဲ သာမန်ရိုးကျအတိုင်း အလုပ်သွားနေလို့မရတော့ပါဘူး။ အဲဒီ့အခါ ကလေးအမေဖြစ်ဖြစ်၊ ဖေဖေဖြစ်ဖြစ် ခေတ်ပေါ်နည်းပညာတွေအတွက်၊ အလုပ်လိုအပ်ချက်တွေအတွက်ဖြစ်ဖြစ် ကိုယ့်ကိုကိုယ်အတွက် သင်တန်းပေါင်းစုံတက်ရပါလိမ့်မယ်။ ကလေးတစ်ယောက်တည်းမွေးထားတဲ့အတွက် တာဝန်ယူရတာတစ်ယောက်စာပဲဖြစ်တဲ့အတွက် မိဘများကလည်း ကလေးအတွက် အချိန်သပ်သပ်ပေးနိုင်သလို၊ ကိုယ့်ကိုကိုယ်အတွက်လည်း အချိန်သပ်သပ်ပြန်ပေးနိုင်ပါတယ်။ အချိန်ကို အကန့်လေးတွေခွဲပြီး တန်ဖိုးရှိရှိအသုံးချိနိုင်လာပါတယ်။ ကလေးကလည်း မိဘရဲ့အချိန်တွေထဲက အချိန်တစ်ခုသပ်သပ်ရနိုင်တဲ့အတွက် ကလေးအတွက်လည်းပိုကောင်းသလို မိဘများအတွက်လည်း အကျိုးရှိစွာသင်ယူနိုင်ခွင့်တွေရနိုင်ပါတယ်။ အဲဒါက တစ်ဦးတည်းသောကလေးအတွက် မိဘများအတွက်ပါ ကောင်းကျိုးရှိပါတယ်။
၆)မိဘများဘက်ကလည်း ကလေးတွေအများကြီးကိုအာရုံစိုက်ရမယ်ဆိုရင် လစ်ဟင်းမှုတွေတောင်ဖြစ်လာနိုင်ပါသေးတယ်။ ဒါပေမယ့် တစ်ဦးတည်းသောကလေးမှာတော့ ကလေးတစ်ယောက်တည်းကိုပဲ အချိန်သပ်သပ်ပေးလာနိုင်ပါတယ်။ လစ်ဟင်းမှုလည်း နည်းပါတယ်။ ကလေးမှာလည်း အကြီးတွေကိုကျတော့ဂရုစိုက်တယ်…..အငယ်ကိုတော့ ဂရုမစိုက်ဘူး ဆိုတဲ့ အချင်းချင်းကြား သွေးခွဲတဲ့အတွေးမျိုးတွေလည်း ကင်းပါတယ်။
အဲဒါကြောင့် တစ်ဦးတည်းသောကလေးဖြစ်လာတဲ့အခါ ကောင်းကျိုးတွေလည်း ရှိနိုင်ပါတယ် ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ အုပ်ထိန်းသူမိဘများအနေနဲ့ကတော့ တစ်ဦးတည်းဖြစ်တဲ့ကလေးအတွက်အချိန်ပိုပေးပြီး ပိုပြီး ပြုပြင်ထိန်းကျောင်းနိုင်တဲ့အတွက် ပိုပြီးလိမ်မာနားလည်သိတတ်တဲ့ကလေးဖြစ်အောင် ထိန်းကျောင်းနိုင်ပါတယ် (ကလေးများလို့ မကောင်းဘူးလို့မဆိုလိုပါဘူးနော်။ ကိုယ်တတ်နိုင်ရင်တော့ ကောင်းပါတယ်။ အချိန်ပေးနိုင်ရင်ကောင်းပါတယ်။ )
ဒါပေမယ့် တစ်ဦးတည်းဖြစ်နေတော့ ပိုပြီးသေချာထိန်းကျောင်းပြုပြင်နိုင်ပါတယ်။ ကလေးဆိုတာ အနာဂတ်ရဲ့ကြယ်ပွင့်ပါ။ ကိုယ့်ရဲ့ကလေးကို အနာဂတ်မှာ ကြယ်ပွင့်ဖြစ်အောင်ပျိုးထောင်မလား…..အနာဂတ်မှာ မထွန်းတောက်အောင် ပျိုးထောင်မလားဆိုတာကတော့ ကလေးနည်းတာများတာနဲ့မဆိုင်ဘဲ အချိန်ပေးပြုစုစောင့်ရှောက်မယ့်မိဘများနဲ့သာ ဆိုင်တာမို့ ကိုယ်နိုင်တဲ့ဝန်ကိုထမ်းတာသာအကောင်းဆုံးပါပဲ။

အားလုံးပဲ အနာဂတ်ကြယ်ပွင့်လေးများလို တောက်ပအောင် ပျိုးထောင်နိုင်ကြပါစေ။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။