သတ္တိရှိခြင်း နဲ့ ရဲဝင့်ခြင်း၊ မိုက်ရူးရဲဆန်ခြင်း နဲ့ ရိုင်းစိုင်းခြင်း
သတ္တိရှိခြင်းဆိုတာကို အမျိုးမျိုးအဓိပါ္ပယ်သတ်မှတ်တတ်ကြပါတယ်။ ငယ်စဉ်က အတန်းထဲမှာ အတန်းပိုင်ဆရာမက “ဒီသင်္ချာပုစ္ဆာကိုဘယ်သူထွက်ပြီး တွက်ပြမလဲ…..” ဆိုရင် အားလုံးက ငြိမ်နေစဉ်မှာ ထပြီး အရှေ့ကိုထွက်လို့ ဆရာမရဲ့သချာၤပုစ္ဆာကိုတွက်ပြသူကို သတ္တိရှိသူဟု သတ်မှတ်ကြမှာပါ။ ဒါဆိုရင် အရွယ်ရောက်လာတဲ့အခါမှာကော….၊ ကလေးဘဝတုန်းကတော့ သူများမလုပ်ရဲတာကို ရဲရဲဝင့်ဝင့်လုပ်ရဲတဲ့သူကို သတ္တိရှိလိုက်တာလို့ ပြောတတ်ကြပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ ထိုအဓိပ္ပါယ်တစ်ခုတည်းကို သတ္တိရှိတာပါလို့ အပြည့်အဝပြောနိုင်တော့မယ်မထင်ပါဘူး။
ဒီနေရာမှာ ကိုယ့်ကျင့်တရားကောင်းခြင်း၊ အသိဉာဏ်ပညာရှိပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသူမျိုးကျတော့ လုပ်သင့်လုပ်ထိုက်တာကို နောက်မဆုတ်တမ်းလုပ်ဖြစ်အောင်လုပ်မှာပါ။ အဲဒါကြောင့် သတ္တိရှိတဲ့သူက နေရာတိုင်းလိုလိုမှာ ရဲဝင့်ပါတယ်။ မှန်ကန်တာတခုခုအတွက်ဆိုရင် အင်အားနည်းတာများတာမစဉ်းစားဘဲ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချ၊ လုပ်သင့်တာကိုလုပ်ခြင်းက အောင်မြင်ခြင်းရဲ့အခြေခံဖြစ်သလို သတ္တိရှိခြင်းပါပဲ။ မှန်ကန်တာအတွက်ဆို ပြောရဲမယ်၊ဆိုရဲမယ်၊ လုပ်သင့်လုပ်ထိုက်တာကို ရဲဝင့်စွာလုပ်မယ်ဆိုတာမျိုးပေါ့။
အသိဉာဏ်နည်းပါးပြီး အမှားအမှန်ခွဲခြားနိုင်စွမ်းအားနည်းသူကျတော့ လုပ်သင့်တာကော၊ မလုပ်သင့်တာကော နှစ်မျိုးလုပ်ကို စိတ်အလိုလိုက်ပြီး လုပ်မိတာမျိုးဖြစ်လာပါတယ်။ အဲဒါကို မိုက်ရူးရဲဆန်တယ်လို့ခေါ်နိုင်ပါတယ်။ ဥပမာ။ စာမေးပွဲကျလို့ ကိုယ့်ကိုကိုယ်သတ်သေခြင်းဆိုတာမျိုးမှာ အမှားရယ်အမှန်ရယ်မခွဲခြားနိုင်ဘဲ ခုလတ်တလောစိတ်ခံစားမှုအခြေအနေအတိုင်း စိတ်ကစေခိုင်းရာကိုသာလုပ်မိပြီး မိုက်ရူးရဲဆန်စွာပြုမူလိုက်တာပါပဲ။ စိတ်ညစ်မှုပြေပျောက်အောင် စိတ်ကြွဆေးသုံးလိုက်တာမျိုးပေါ့၊ အမှားအမှန်မခွဲခြားဘဲ ခုလတ်တလောအခြေအနေဆိုးရွားမှုကနေ ရုန်းထွက်နိုင်ဖို့ပဲကြိုးစားတာမျိုးပါ။
ဒီနေ့ခေတ်မှာ လူငယ်တွေကြားမှာ မှားယွင်းစွာ လက်ခံလာကြတာနှစ်ခုကတော့ ကိုယ့်ကိုကိုယ် သတ္တိရှိတယ်လို့ခံယူပြီး မိုက်ရူးရဲတဲ့လုပ်ရပ်မျိုးတွေလုပ်တာ၊ သတ္တိရှိတယ်ဆိုပြီး ရိုင်းစိုင်းစွာပြုမူဆက်ဆံပြောဆိုတာမျိုးတွေ အတွေ့များလာရပါတယ်။
ချစ်သူက စွန့်ပစ်သွားလို့ လက်ကောက်ဝတ်သွေးကြောကိုဖြတ်ပြီး ဘဝကိုအဆုံးစီရင်တာမျိုးတွေ၊ စိတ်ကြွဆေးသုံးပုံကို တစ်ပုံချင်းဖေ့ဘုတ်ပေါ်တင်ပြီး လုပ်ရဲကြောင်းပြသပြီး ကိုယ့်ကိုကိုယ်သတ္တိရှိသူတစ်ယောက်လို ထင်နေတာမျိုးတွေ၊ သတ္တိရှိတယ်ဆိုပြီး ကိုယ့်ထက်အသက်အရွယ်အရ ကြီးရင့်သူ ဒါမှမဟုတ် ငယ်ရွယ်အားနည်းသူကို အော်ဟစ်ဆဲဆိုကြိမ်းမောင်းနေတာမျိုးတွေ စသဖြင့် မျိုးစုံအောင် ပတ်ဝန်းကျင်မှာတွေ့မြင်ဖူးပါတယ်။ အဲဒါမျိုးကျတော့ သတ္တိရှိတာမဟုတ်ဘဲ အနိုင်ကျင့်ခြင်းနဲ့ ရိုင်းစိုင်းခြင်းလို့သတ်မှတ်တာပါ။
တကယ်တော့ ကိုယ့်ကိုရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာကောမှာ ထိခိုက်မယ်၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်း တနည်းနည်းနဲ့ထိခိုက်မယ်၊ ဘယ်သူအတွက်မှကောင်းကျိုးမရှိတာမျိုးကို ဘယ်သူမှမလုပ်ရဲပေမယ့် ကိုယ်လုပ်ရဲတယ်ဆိုတာ ဂုဏ်ယူစရာကာင်းတဲ့သတ္တိရှိခြင်းမဟုတ်ဘဲ မိုက်ရူးရဲဆန်ခြင်းသာဖြစ်ပါတယ်။ မိုက်ရူးရဲဆန်ခြင်းရဲ့နောက်မှာ ရိုင်းစိုင်းစွာပြုမူပြောဆိုဆက်ဆံခြင်းဆိုတာမျိုးလည်း ပါလာနိုင်ပါသေးတယ်။ ကိုယ့်အတွက်အကျိုးမရှိပေမယ့် အခြားသူများအတွက် မှန်ကန်ပြီး ကောင်းတဲ့အကျိုးရှိမယ်ဆိုရင် ဘယ်သူမှမလုပ်ရဲလည်း ကိုယ်တိုင်လုပ်ရဲခြင်းကသာ သတ္တိရှိခြင်းလို့ခေါ်နိုင်ပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိ ပတ်ဝန်းကျင်အတွက်လည်း အကျိုးရှိနိုင်တယ်ဆိုရင် အတိုင်းထက်အလွန်ပါပဲလို့။ #BAWA101