သင့်ရဲ့ပျော်ရွှင်မှုအတွက် စီစဉ်ထားသင့်တဲ့ နည်းလမ်း ၄ ခု
ကျွန်တော်တို့မှာ ငွေရှိတယ်ဆိုပါတော့။ ဖြည့်စွက်စာတွေဝယ်မယ်၊ လေ့ကျင့်ခန်းလုပ်မယ်၊ ကျန်းမာစေတဲ့ဆေးဝါးတွေဝယ်မယ် စသည်ဖြင့် ကျွန်တော်တို့ရဲ့အသက်ကို ငွေက အကာအကွယ်ပေးနိုင်မယ်လို့ ကျွန်တော်တို့က ယုံကြည်ထားတတ်ကြပါတယ်။ ဒါပေမယ့်ငွေက ကျွန်တော်တို့ရဲ့အသက်ကို ကာကွယ်ပေးနိုင်သလို၊ ကျွန်တော်တို့ရဲ့အသက်အတွက် ကောင်းမွန်စွာအကာကွယ်ပေးနိုင်တဲ့နောက်ထပ်အရာတစ်ခုရှိသေးတယ်ဆိုတာ မေ့နေတတ်ကြပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ရဲ့ပျော်ရွှင်ခြင်းပါပဲ။
၁) အဓိပါ္ပယ်ရှိတာတွေ ဖန်တီးပါ။
စိတ်ခံစားချက်ကောင်းမွန်ခြင်းက ကျွန်တော်တို့ရဲ့ စွမ်းရည်ကို အကောင်းဆုံးလုပ်ဆောင်နိုင်ခြင်းကနေ စတင်တာဖြစ်ပါတယ်။ ကျွန်တော်တို့အသက်ကြီးလာတဲ့အခါ ကျန်းမာရေးအားလုံးကောင်းမွန်နေစေဖို့ အရေးပါတဲ့အချက်ကတော့ ကိုယ့်ဘဝကို အဓိပါ္ပယ်ရှိတယ်လို့ ခံစားရခြင်းပဲဖြစ်ပါတယ်။ အဲဒါဆိုရင် သင့်ဘဝကို အဓိပါ္ပယ်ရှိအောင် ဘယ်လိုဖန်တီးမလဲ။ သင့်ရဲ့တန်ဖိုးကို သိအောင်ကြိုးစားပါ။ ထိုတန်ဖိုးတွေ အရောင်ထွက်လာအောင်ကြိုးစားပါ။ ထိုတန်ဖိုးတွေကို အရောင်ထွက်လာစေမယ့် လုပ်ဆောင်ချက်တွေကို ရှာဖွေပြီး လုပ်ဆောင်ပါ။ သင်က သင်ယူရတာကြိုက်တယ်ဆိုပါစို့။ သင်ယူချင်တဲ့အကြောင်းအရာတွေကို စာအုပ်ထဲရှာဖတ်ပါ၊ မှတ်ပါ၊ ဒါမှမဟုတ် စာကြည့်တိုက်သွားပြီး ရှာဖွေဖတ်ရှုပါ။
၂) ကိုယ့်ကိုကိုယ်သိပါစေ။
အမြဲပျော်ရွှင်နေတတ်တဲ့လူတွေကို ကြည့်လိုက်ရင် အမြဲအစီစဉ်တကျနဲ့ စီစဉ်ထားသမျှ ဖြစ်လာတာကို မြင်ရပါလိမ့်မယ်။ သူတို့က အမြဲလို တခုမဟုတ် တခုလုပ်ဖို့ စီစဉ်ထားတတ်တဲ့သူတွေဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ အကောင်းဆုံးဘယ်လိုအမြင်မျိုးနဲ့ ဖြစ်အောင်ကြည့်မလဲဆိုတာ သိကြပါတယ်။ ပြောရရင်တော့ သူတို့ကိုယ်သူတို့ အကောင်းဆုံး မြင်တတ်သူတွေပေါ့။ သူတို့ကိုယ်သူတို့ဘာဖြစ်သလဲ၊ ဘာကိုလုပ်နေရခြင်းက အဓိပါ္ပယ်ရှိစေသလဲ၊ တစ်ဘဝလုံး မပျင်းမရိနဲ့ လုပ်သွားချင်တာ ဘာဖြစ်မလဲဆိုတာကို သိနေတဲ့သူတွေပါ။ ကိုယ့်ကိုကိုယ်သိနေတဲ့အတွက်ကြောင့်လဲ ကိုယ့်အတွက်အဓိပါ္ပယ်ရှိတာ၊ ကိုယ်ဖြစ်ချင်တာကို တဆင့်ချင်းစီစဉ်သွားနိုင်တာပါ။ ကိုယ်ဖြစ်ချင်တာကိုသိအောင်လုပ်မယ်၊ အသေးစိတ်က စစဉ်းစားပါ။ စီစဉ်မယ်။ တဆင့်ချင်း ကြိုးစားမယ်။ တစ်ခုမဖြစ်လာရင် နောက်တစ်ခုဆက်လုပ်မယ်၊ ဆက်ကြိုးစားမယ်။ တစ်ခါမဟုတ်တစ်ခါတော့ ဖြစ်လာမှာပါပဲ။ အဲဒီ့အခါ ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးလာမယ်၊ ကိုယ့်ဘဝလည်း ပိုအဓိပ္ပါယ်ရှိလာသလို ခံစားလာရမယ်၊ နောက်ထပ်တစ်ဆင့်ထပ်လှမ်းဖို့ တက်ကြွလာမယ်။ ဘဝရဲ့ပျော်ရွှင်ခြင်းက ကိုယ့်ရဲ့နေ့ရက်တိုင်းက အဓိပ္ပါယ်ရှိနေတယ်လို့ ခံစားရခြင်းပဲဖြစ်ပါတယ်နော်။
၃)အသေးစိတ်ဖြစ်ပါစေ။
သင်သတ်မှတ်ထားတဲ့တန်ဖိုးကို အသေးစိတ်ရှိဖို့လိုပါတယ်။ ဥပမာ။ သင်က ပန်းချီဆွဲချင်တယ်ဆိုပါတော့၊ သင်က သဘာဝနဲ့ထိတွေ့ဖို့၊ မြင်တတ်ဖို့လိုပါတယ်။ သင်ကလူတွေကို ကူညီချင်တယ်ဆိုပါတော့ ။ ဟုတ်ပြီ….ဘယ်လိုလူတွေကို ကူညီချင်တာလဲ၊ ဘာလိုကိစ္စရပ်တွေမှာ ကူညီချင်တာလဲ စသည်ဖြင့် သိဖို့၊ တွေးဖို့လိုပါတယ်။ ကလေးတွေကို ကူညီချင်တာလား၊ ဘာလိုနေရာမှာကူညီချင်တာလဲ၊ ကလေးတွေစာဖတ်ဖို့စိတ်ဝင်စားအောင် ကူညီပေးချင်တာ။ ဟုတ်ပြီအဲဒါဆို စာကြည့်တိုက်ဖြစ်ဖြစ် စာဖတ်ဖြစ်စေမယ့် အစီအစဉ်တခုခု လုပ်ဖို့ လေ့လာသင့်နေပြီလို့ သိလာပါလိမ့်မယ်။ အဲဒီ့တော့ ကိုယ်ကအဓိပ္ပါယ်ရှိတာတွေ ဘာကိုလုပ်ချင်တာလဲ၊ ဘယ်ကစလုပ်မလဲ၊ ဘာတွေလုပ်ထားသင့်သလဲဆိုတာမျိုးကို တွေးထားမှ ကိုယ့်ဘဝကို အဓိပ္ပါယ်ရှိစွာဖန်တီးနိုင်မှာဖြစ်ပါတယ်။ လူတိုင်းက ကိုယ်သဘောကျနှစ်ခြိုက်ပြီး ကိုယ်တန်ဖိုးထားရတဲ့အလုပ်ကို ဖန်တီးပုံဖော်နေရရင် ပျော်ရွှင်နေတတ်ပါတယ်။
၄) နောင်တမရအောင် ကြိုတင်ကာကွယ်ပါ။။
ပျော်ရွှင်ဖို့အတွက် အစီအစဉ်တွေချပြီး ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော်တို့ကြိုတွေးရမှာတော့ ဘယ်လိုနောင်တမျိုးမရချင်ဘူးလဲ….ဆိုတာပါပဲ။ ဘာမှမလုပ်ကြည့်သေးဘဲ မဖြစ်လာနိုင်ဘူးဆိုတာကို လက်ခံလိုက်တာထက်၊ ကိုယ်စွမ်းသလောက် ကြိုးစားကြည့်ပြီးမှ မဖြစ်လာတာမျိုး ၊ ဒါမှမဟုတ် ထပ်ခါထပ်ခါလက်မလျှော့ဘဲ ကြိုးစားကြည့်ပြီးမှ ဖြစ်လာတာမျိုးကို လက်ခံမလား။ သေချာတာကတော့ အဲဒါဆို သင်နောင်တရမိမှာမဟုတ်ပါဘူး။
သင့်ဘဝရဲ့နေ့ဝင်ချိန်မှာ အချိန်တွေအလကားကုန်တာမျိုးမဖြစ်ချင်ဘူးဆိုပါတော့ သင့်ကလေး ဒါမှမဟုတ် သင့်မြေးနဲ့ အချိန်ကို ကုန်ဆုံးချင်တယ်ဆိုရင် သင်လုပ်နိုင်တာလေးတွေကနေ စလုပ်ပါ။ ကစားတဲ့ကဒ်လေးတွေနဲ့ ဆော့ပေးတာမျိုး၊ မေးသမျှ ဖြေပေးတာမျိုး ဒါမှမဟုတ် ခရီးအတူထွက်တာမျိုး။ အဲဒါဆိုရင် သင့်ကလေး ဒါမှမဟုတ် သင့်မြေးက သင်မရှိရင်မဖြစ်ဘူးလို့ခံစားမိလာတဲ့အချိန် သင့်ဘဝကို ရှင်သန်ရတာ အဓိပါ္ပယ်ရှိလာတယ်လို့ သင်ခံစားမိလာပါလိမ့်မယ်။
ကိုယ်လုပ်ချင်တာက စာရေးဆရာဆိုပါတော့ ။ သင်ဖြစ်ချင်တာနဲ့ပတ်သက်ပြီး ဘာမှမလုပ်ရင် ကိုယ့်ကိုကိုယ် အသုံးမကျဘူးလို့ခံစားနေရမှာပါ။ ကိုယ်ဖြစ်ချင်တာစာရေးဆရာ …..။ အဲဒါကြောင့် စာမူတွေကို မဂ္ဂဇင်းတွေကို ပို့ရမှာက ကိုယ်လုပ်ရမယ့်အသေးစိတ်အလုပ်။ အဲလိုပဲ ။ စာမူတွေ တကယ်ရေးရမှာက ကိုယ့်ရဲ့အလုပ်။ တကယ်ရေး၊ များများရေ၊ များများမဂ္ဂဇင်းတိုက်ကိုပို့၊ ရွေးမယ်၊ မရွေးဘူးက အယ်ဒီတာအလုပ်။ ဒါပေမယ့် ကိုယ်ဖြစ်ချင်တာစာရေးဆရာဆိုပေမယ့် အသေးစိတ်အလုပ်ကိုလဲသိပေမယ့် တစ်ပုဒ်မှမရေးဖြစ်ရင် ကိုယ့်မှာ နောင်တရမိပါလိမ့်မယ်။ အဲဒါကြောင့် နောင်တမရမိအောင် မလုပ်ခင်ကြိုတင်စဉ်းစားပါ။ တကယ်လို့များ လုပ်ချင်တာမလုပ်လိုက်ရရင် နောင်တရမိတာထက် လုပ်ချင်တာလုပ်ပြီး နောင်တရတာက ပိုသာတယ်လို့တွေးကြည့်တာမျိုးပေါ့။ အဲလိုကြိုတွေးတဲ့အခါ ကိုယ့်ရဲ့ပုံဖော်ဖန်တီးမှု ဖြစ်မြောက်သည်ဖြစ်စေ ၊ မဖြစ်မြောက်သည်ဖြစ်စေ။
“ မလုပ်လိုက်ရလို့….မဖြစ်လာဘူး” ဆိုတဲ့နောင်တတော့ ကင်းသွားတာပါပဲ။
ဘဝမှာ ရှင်သန်နေရခြင်းက ပျော်စရာကောင်းတယ်၊ နေပျော်စရာကောင်းတယ်လို့ ထင်မြင်လာအောင် လုပ်သင့်တာကတော့ အထက်က နည်းလမ်းတွေအတိုင်းကြိုးစားကြည့်ပါ။ သင့်ကိုယ်သင်တော့ သေချာနားလည်ဖို့လိုပါတယ်။ ဘယ်အရာက သင့်အတွက်အဖိုးတန်၊ အဓိပါ္ပယ်လည်းဆိုတာပေါ့။ အထက်ကပြောထားခဲ့သလိုပါပဲ၊ ဘဝရဲ့ပျော်ရွှင်ခြင်းဆိုတာ ကိုယ့် ဘဝရဲ့နေ့ရက်တိုင်းက အဓိပ္ပါယ်ရှိနေတယ်လို့ ခံစားရခြင်းပဲဖြစ်ပါတယ်နော်။