သင့်ရဲ့ စစ်မှန်တဲ့စိတ်ဆန္ဒနဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုရှာဖွေမလဲ။

တွေးကြည့်လိုက်ရင် ဘဝက တိုတိုလေးပါ။ အဲဒီ့ရက်ပိုင်းလေးမှာတင် သင်အကောင်းဆုံးရှင်သန်ခဲ့ရဲ့လား။ သေချာသလောက်ကတော့ ရက်တော်တော်များများမှာ မပျော်ရွှင်မှုတွေ၊ ပျင်းရိမှုတွေ၊ ဖိစီးမှုတွေ၊ ဝမ်းနည်းမှုတွေ၊ ပူပန်သောကတွေနဲ့ ဒေါသတွေကို ခံစားရမှာဖြစ်ပါတယ်။ ဘဝရဲ့တိုတောင်းတဲ့အချိန်ကို ဦးတည်ရာမဲ့ကုန်ဆုံးတာထက်စာရင် သင်ဖြစ်ချင်တာတွေ၊ သင်ရည်မှန်းထားတာတွေဖြစ်အောင်လုပ်ရင်းကုန်ဆုံးတာက ရှင်သန်ရကျိုးနပ်စေမှာဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့စစ်မှန်တဲ့စိတ်ဆန္ဒက ဘာလဲ၊ သင့်ရဲ့ဘဝရည်မှန်းချက်ကဘာလဲသိအောင်လုပ်ရင်း ထိုရည်မှန်းချက်ကို ရုန်းကန်ပုံဖော်ရင်းရှင်သန်ရတာကမှ ပျော်စရာပိုကောင်းပါတယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲဖတ်ကြည့်လိုက်ပါနော်။


၁) “ဘာလဲ…” ဆိုတာကို အဓိပါ္ပယ်သိအောင်လုပ်ပါ။
အပင်လေးတစ်ပင်ကို ဘာအပင်မှန်းသိပြီး ကိုယ်တကယ်စိုက်ပျိုးချင်စိတ်ရှိတယ်ဆိုရင် သေချာရေလောင်းပေါင်းသင်ပြုစုပျိုးထောင်ပေးနိုင်ရင် သန်စွမ်းပြီး ပန်းတွေပွင့်၊ အသီးတွေဝေနေတဲ့အပင်ကြီးတစ်ပင်ဖြစ်လာနိုင်တာမျိုးပါပဲ။ သင်တကယ်ဖြစ်ချင်တာက ဘာလဲဆိုတာကို သင်သိသွားတဲ့အခါ သင်ဆက်လုပ်သင့်တာတွေကို သင်သိလာပါလိမ့်မယ်။

သင့်ရဲ့ပင်ကိုယ်စွမ်းရည်ကို သင်ဘာဖြစ်ချင်တာလဲဆိုတဲ့မေးခွန်းကနေ ထွက်လာတဲ့အဖြေအပေါ်မှာ သေချာသုံးသပ်ပြီး ပေါင်းစပ်အသုံးချလိုက်ရင် သင့်စွမ်းရည်တွေပိုထက်မြက်လာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်ကဖြစ်ချင်တာဘာလဲ…..၊ ကိုယ့်ရဲ့ပင်ကိုယ်စွမ်းရည်က ဘာလဲကို သိအောင်လုပ်ပါ။ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ပါ၊ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။ အခြားသူတွေပြောကြတာနဲ့ ကိုယ့်စိတ်ထဲကတကယ်ပြင်းပြစွာဖြစ်ချင်တာနဲ့ကို တိုက်ဆိုင်စစ်ဆေးပါ။ ကိုယ့်ကိုကိုယ်မေးပြီး ကိုယ်တိုင်အဖြေပြန်ပေးပါ။
ဘယ်လိုလုပ်ဆောင်ချက်တွေ၊ ဘယ်လိုဝါသနာအကျင့်စရိုက်ကို သင်နှစ်သက်သလဲ။ အဲဒီ့ဝါသနာအကျင့်စရိုက်ကို ကိုယ့်ဘဝနေဝင်ချိန်အထိ မရိုးတမ်း မညည်းမညူလုပ်ဆောင်သွားဖို့ သေချာသလား။ သင်စိတ်ကူးပုံဖော်လိုက်တိုင်း သင့်ကိုသင်ပြန်မြင်နေတတ်တဲ့ပုံစံက ဘယ်လိုမျိုးလဲ။ သင်လိုချင်တဲ့ဘဝပုံစံပေါ့။ ဥပမာ။ စတိတ်စင်ပေါ်မှာ လူတွေသည်းသည်းလှုပ်သဘောကျနေရမယ့် အဆိုတော်တစ်ယောက်ပုံစံလား။ ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးပွဲတွေမှာ ကိုယ်က အဓိက ဦးဆောင်ဆွေးနွေးပြီး ပညာဗဟုသုတဖလှယ်သူမျိုးလား။ ဒါမှမဟုတ် ကိုယ်က ဆရာလုပ်ရတာကို ကြိုက်တဲ့သူလား။ ကိုယ့်ပတ်ဝန်းကျင်မှာ အမြင်မတော်တာတွေ့ရင် စာနဲ့ရေးပြီး ချက်ကျလက်ကျသတိပေးရတာကို အာတွေ့တဲ့သူလား၊ ဘယ်လောက်ပဲစာရေးတာပျင်းပါစေ၊ ကဗျာလေးတွေနဲ့ ဘဝဒဿနလေးတွေရေးဖို့တော့ မပျင်းတဲ့သူမျိုးလား စသဖြင့်ပေါ့။

သင်အောင်မြင်အောင်လုပ်ဆောင်နိုင်တဲ့အရာတွေက ဘာတွေလဲ။ အဲဒီ့အောင်မြင်မှုတွေမှာ သင်ဘယ်လိုစွမ်းရည်တွေကို ပိုပြီး ကျွမ်းကျင်သလဲဆိုတာကို သိဖို့လိုပါတယ်။ သင့်ရဲ့မိသားစုဝင်တွေအကြံပေးတာမျိုး ၊ သူငယ်ချင်းတွေက အကြံပေးတာမျိုးတွေနဲ့ ကိုယ့်ကိုကိုယ်တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ ဥပမာ။ သူငယ်ချင်းတွေက ကိုယ့်ကိုကိုယ်ဘယ်နေရာမှတော့ တကယ်တော်တယ်လို့ ပြောတတ်ကြသလဲဆိုတာကို နားထောင်တာမျိုးပေါ့။ ခေါင်းဆောင်မှုစွမ်းရည်မှာလား၊ လူမှုဆက်ဆံရေးမှာလား၊ အသင်းအဖွဲ့နဲ့လုပ်ဆောင်နိုင်စွမ်းပိုကောင်းတာလား စသဖြင့်ပါ။ သင့်ရဲ့ပင်ကိုယ်စွမ်းရည်က ဘယ်ဘက်ကိုအားသာနေသလဲဆိုတာမျိုးပေါ့။
အဲဒါအပြင် သင့်ရဲ့တကယ့်စိတ်ရင်းထဲက ဖြစ်ချင်တဲ့အရာက သင့်ပတ်ဝန်းကျင်က သင့်မိသားစု၊ သင့်သူငယ်ချင်းတွေ ဝိုင်းပြီး ချီးကျူးအသိအမှတ်ပြုကြတဲ့အရာနဲ့ တစ်ထပ်တည်းကျနေရင်တော့ အကောင်းဆုံးပါပဲ။
စိတ်ဆန္ဒပြင်းပြမှုဆိုတာက သင်စိတ်ပါဝင်စားတဲ့အရာကို သေချာစေ့စပ်စွာလေ့လာလိုခြင်းတို့ပေါင်းစပ်ထားတာဖြစ်ပါတယ်။

၂) “ဘာကြောင့်လဲ” ဆိုတဲ့စကားလုံးကို သေချာနားလည်အောင်လုပ်ပါ။
နံပါတ်တစ်မှာ သင်အဖြေကို ရပြီဆိုရင် သင့်ရဲ့စိတ်ဆန္ဒပြင်းပြစွာလုပ်ချင်တဲ့အရာက ဘာလဲဆိုတာကို သင်သိသွားပါပြီ။ သင်ရသွားတဲ့အဖြေကို ဘာကြောင့်သင်လုပ်ချင်တာလဲ….လို့ပြန်မေးပါ။ သင်က စာရေးဆရာဖြစ်ချင်တယ်ဆိုတဲ့အဖြေရတယ်ဆိုပါစို့။ ဘာကြောင့်စာရေးဆရာဖြစ်ချင်တာလဲ။ ဘာကြောင့် ကဗျာဆရာဖြစ်ချင်တာလဲ။ ဘာကြောင့် ပန်းချီဆရာဖြစ်ချင်တာလဲ။ အဲဒီလိုပါပဲ…..သင်ဆရာဝန်ဖြစ်ချင်တယ်ဆိုရင် ဘာကြောင့် သင်က ဆရာဝန်ဖြစ်ချင်တာလဲ၊ ဘာကြောင့် အင်ဂျင်နီယာဖြစ်ချင်တာလဲ။ ဒီကလူအများစုက ဆေးကျောင်းတက်မယ်၊ ဆရာဝန်လုပ်မယ်….ဆိုရင်တောင် ဘာကြောင့်ဆရာဝန်ဖြစ်ချင်တာလဲဆိုတဲ့အချက် “ဘာကြောင့်…”ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုကိုယ်ပြန်မမေးတတ်ကြပါဘူး။ “မိဘတွေက လုပ်ခိုင်းလို့…..” “ဆရာဝန်ဖြစ်မှ ချမ်းသာမှာမို့…” “ဆရာဝန်ဖြစ်မှ ငွေများများရမှာမို့” “ဆရာဝန်ဖြစ်မှ ဂုဏ်ရှိမှာမို့” စသဖြင့် အဲဒီလို မခိုင်လုံတဲ့အဖြေမျိုးရနေပြီဆိုရင်တော့ အဲဒီ့အရာက သင်တကယ်ဖြစ်ချင်တဲ့အရာမဟုတ်နိုင်လောက်ပါဘူးနော်။ အကြမ်းဖျင်းအားဖြင့် “ဘာကြောင့်လဲ……” ဆိုတဲ့အမေးရဲ့အဖြေက “လုပ်ချင်လို့ကို လုပ်နေတာ…..၊ ရူးသွပ်မှုတစ်ခုအနေနဲ့လုပ်နေတာ……” တကယ့်အသွေးထဲအသားထဲကနေကို ဖန်တီးချင်လို့လုပ်နေတာမျိုးဆိုတဲ့အဖြေပေးတဲ့သူတွေကသာ အောင်မြင်ပြီး ကိုယ်တကယ်ဖြစ်ချင်တာကိုလုပ်နေတာများပါတယ်။

၃) သင့်လက်ရှိဘဝကို ပြန်ပြီး သုံးသပ်ပါ။
ခုလက်ရှိ သင်ရှင်သန်ဖြတ်သန်းနေတဲ့ဘဝမှာ သင်ဖြစ်ချင်တာတွေကို လုပ်နေပြီလား။ လုပ်ဖို့ကော အစီအစဉ်ရှိရဲ့လား။ ဘယ်ကနေ စတင်မလဲ။ မလုပ်ဖြစ်သေးဘူးဆိုရင်လည်း စတင်ဖို့ကြိုးစားကြည့်ပါ။ နံပါတ်တစ်မှာ ရတဲ့သင်တကယ်ဖြစ်ချင်တာကဘာလဲဆိုတာရဲ့ အဖြေ၊ နံပါတ်နှစ်မှာ ဘာကြောင့်နံပါတ်တစ်ကိုလုပ်ချင်တာလဲဆိုတဲ့အဖြေတွေကို သိတဲ့နောက်မှာတော့ သင်ဖြစ်ချင်တာတွေကို ပုံဖော်ဖို့သင့်ဘဝရဲ့ နေ့ရက်တွေမှာ ထိုအရာအတွက် အချိန်သီးသန့်ဖယ်ထားပါ။ ထိုသတ်မှတ်ထားတဲ့အချိန်မှာ ထိုအရာကလွဲပြီး တခြားဘယ်အရာကိုမှ အာရုံမထားဖို့ ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ပါ။ လုပ်ဖြစ်အောင်လုပ်ပါ။ နှေးတာကကိစ္စမရှိပါဘူး၊ ရပ်မနေဖို့ဘဲ လိုတာပါ။ လုံးဝမလုပ်ဖြစ်ဘဲနေတာထက်စာရင် လက်ရှိဘဝကိုပြန်သုံးသပ်ပြီး အချိန်ကို စီမံခန့်ခွဲလိုက်ပါ။ သင်ပုံဖော်ချင်တဲ့အရာကို စတင်ပြီးလုပ်ဖို့အတွက် အချိန်တစ်ခုသတ်မှတ်ပြီး လုပ်ဖြစ်အောင်လုပ်ဖို့ပဲ အရေးကြီးပါတယ်။

၄) သင်လုံး၀ စိတ်မပါဘဲ မလုပ်ချင်တဲ့အရာတွေကို ချရေးကြည့်ပါ။
သင်တကယ်စိတ်မပါတဲ့အရာတွေ၊ လုံးဝမလုပ်ချင်တဲ့အရာတွေကို ချရေးကြည့်လိုက်တာကလည်း သင်ဖြစ်ချင်တဲ့အရာကိုသိနိုင်တဲ့နည်းလမ်းတစ်မျိုးပါပဲ။ သင်မဖြစ်ချင်တာတွေကို သိတဲ့အခါ သင်တကယ်ဖြစ်ချင်တာကဘာလဲဆိုတာမျိုး ပေါ်လာတတ်ပါတယ်။ အဲဒါကြောင့် နံပါတ်တစ်မေးခွန်းကို ကိုယ့်ကိုကိုယ်မေးလို့ အဖြေမထွက်တဲ့အခါ ဒီအဆင့်ကိုလုပ်ကြည့်လိုက်ပါ။

၅) သင်မကြိုက်တဲ့သူ၊ သင်ငြူစူတတ်တဲ့သူတွေက ဘယ်လိုလူတွေလဲလို့ ချရေးကြည့်ပါ။
အထက်ကအချက်လိုပါပဲ။ သင့်ရဲ့ စိတ်ထဲမှာ အရမ်းလေးစားအားကျပြီ အထင်ကြီးတတ်တဲ့ လူမျိုးတွေကို ရုတ်တရက် မတွေးတတ်တဲ့အခါ ဒီလိုမျိုး သင်မကြိုက်တတ်တဲ့သူမျိုးကို တွေးကြည့်ပါ။ အဲဒါဆို သင်ကြိုက်တဲ့သူပုံစံ(လူရဲ့ရုပ်သွင်ကိုပြောတာမဟုတ်ပါ။ အကျင့်စရိုက်နဲ့ ကြိုးစားအောင်မြင်နေတဲ့သူမျိုးကိုပြောချင်တာပါ) ထင်းခနဲပေါ်လာတတ်ပါတယ်။ သင်က မဟတ္တမဂန္ဒီကို လေးစားတယ်အားကျတယ်ဆိုပါတော့ ဘာကြောင့်လဲ။ သင်က Steven Covey ကို အားကျတယ် ဒါမှမဟုတ် J K Rowling ကို အားကျတယ်ဆိုပါတော့ ဘာကြောင့်လဲ။ သူရေးတဲ့စာအုပ်အမျိုးအစားပုံစံကို သင်ရေးချင်လို့လား ဒါမှမဟုတ် သူ့ရဲ့အဆင်မပြေတဲ့ဘဝကို ကြိုးစားရုန်းကန်ရင်း အောင်မြင်ခဲ့တာကို အားကျတာလား၊ စသဖြင့်ပေါ့။

၆) သင့်ဘဝရဲ့နောက်ဆုံးအချိန်ကို ပုံဖော်ကြည့်ပါ။
သင့်ဘဝရဲ့နောက်ဆုံးအချိန်ရောက်နေရင်တောင် သင်လုပ်ချင်တဲ့အလုပ်က ဘာဖြစ်မလဲ။ ဥပမာ။ ကိုယ်က စာရေးဆရာဖြစ်ချင်တယ်ဆိုရင် ထိုအလုပ်ကို သင်သေတဲ့အချိန်ထိ မရိုးနိုင်ဘဲ လုပ်ချင်ရဲ့လား၊ တကယ်ကော လုပ်နိုင်ရဲ့လား။ တချိန်ချိန်မှာ လုံးဝမလုပ်ချင်တော့တဲ့ထိ မဖြစ်ဘူးလို့ သင့်ကိုသင်အာမခံနိုင်ရဲ့လား။ ပြောချင်တာက သင့်ဘဝရဲ့နောက်ဆုံးနေ့ရက်ကို ရောက်တဲ့အထိ သင်ပုံဖော်ချင်တာလေးတွေကို ပုံဖော်ရင်းနဲ့ပဲ ဘဝကို အဆုံးသတ်ချင်တာလား။ ရုပ်ရှင်ကားတစ်ကားကြည့်သလို၊ သီချင်းတစ်ပုဒ်နားထောင်သလိုပေါ့။ ခုလတ်တလောကြိုက်နေတုန်းတော့ ဒီသီချင်းကြီးပဲ ထပ်တလဲလဲ နားထောင်နေရတာ မရိုးပေမယ့် အချိန်တစ်ခုရောက်လာတဲ့အခါ နေ့တိုင်းလိုကြားနေတဲ့အခါမှာတော့ ရိုးသွားတာမျိုးပေါ့။ သင်အခုဆုံးဖြတ်လိုက်တဲ့ သင်တကယ်ဖြစ်ချင်တဲ့စိတ်ဆန္ဒ၊ ရည်မှန်းချက်က တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရိုးသွားနိုင်သလားလို့ သင့်ကိုသင်ဆန်းစစ်ခိုင်းတာပါ။ ရိုးသွားနိုင်တယ်…..သင့်ဘဝရဲ့နေ့ရက်တိုင်းမှာ ထိုအရာနဲ့အတူ တစ်ပါးတည်းမရှိချင်တဲ့အချိန်တစ်ခုရောက်လာနိုင်တယ်ဆိုရင်တော့ သင့်အဖြေက သင့်ရဲ့စစ်မှန်တဲ့အဖြေမဟုတ်နိုင်သေးပါဘူး။ လတ်တလော သင့်စိတ်ထဲခံစားနေရတဲ့ခံစားချက်သာဖြစ်ပါတယ်။

စစ်မှန်တဲ့ ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ စစ်မှန်တဲ့ရည်မှန်းချက်ဆိုတာက ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လိုနေရာမျိုးမှာပဲရောက်ရောက် မရရအောင်၊ မဖြစ်ဖြစ်အောင် လုပ်ချင်နေတဲ့စိတ်ပါ။ ကျွန်တော်တို့ နေ့စဉ် အချိန်မှန်ထမင်းစားဖို့လိုသလိုပါပဲ။ ညစဉ် အိပ်စက်ဖို့ လိုသလိုပါပဲ။ နေ့တိုင်း ရေသောက်ဖို့လိုနေသလိုပါပဲ။ သင်နဲ့အတူ အမြဲလိုက်ပါနေမယ့်အရာပါ။ အခက်အခဲပေါင်းများစွာ ရင်ဆိုင်ရလည်း သင်တကယ်မရရအောင် တိုက်ခိုက်ပြီး ရအောင်ဖန်တီးယူမယ့်အရာပဲဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။