ဘဝရဲ့နာကျင်စရာတွေကို လွှတ်ချခဲ့လိုက်ပါ။
ဘဝက ငိုတလှည့် ရယ်တခါပါပဲတဲ့။ လူတိုင်းလူတိုင်းက ဘဝမှာ တခုမဟုတ်တခုတော့ နာကျင်စရာခံစားမှုကို ကြုံဖူးကြမှာပါ။ ဘဝဆိုတာက မွေးလာကတည်းက အူဝဲဆိုတဲ့ငိုသံနဲ့စခဲ့ပြီး သေခြင်းတရားနဲ့သာ အဆုံးသတ်ရတာမို့ ဘယ်သူကများ မနာကျင်မခံစားဖူးတဲ့သူရှိပါ့မလဲနော်။ နာကျင်တယ်ဆိုတဲ့နေရာမှာ ချစ်သူထားခဲ့တာ၊ မိဘမရှိတာ၊ ကိုယ့်ဘဝက အခြားသူတွေထက်ကို နိမ့်ကျနေတယ်လို့ထင်မြင်နေတာ စသဖြင့် အားလုံးနီးပါး အကျုံးဝင်ပါတယ်။ ဒါပေမယ့်ထိုနာကျင်စရာတွေကို အမြဲတစေ ထမ်းပိုးထားပြီး ရောက်နေတဲ့နေရာမှတင်ကြေကွဲနေလို့တော့ ဘယ်ကိုမှရှေ့ဆက်နိုင်မှာမဟုတ်ပါဘူး။
ဒါပေမယ့် နာကျင်မှုကိုပဲ အချိန်ဘယ်လောက်ကြာကြာ ပြန်တွေးပြီး ပြိုလဲပူဆွေးနေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ကိုယ့်ဘဝကြီး မတိုးတက်ရုံကလွဲလို့ ဘာမှ ထူးခြားလာမှာမဟုတ်ပါဘူး။ တကယ်တော့ နာကျင်မှုဆိုတာက ကိုယ်ကလက်ခံထားသလောက်သာ ကိုယ့်ရင်ထဲမှာနေတာပါ။ ဒဏ်ရာတစ်ခုက စဖြစ်ဖြစ်ခြင်းမှာတော့ အသည်းခိုက်အောင် နာကျင်တတ်တာ ထုံးစံပါပဲ။ အချိန်ကြာလာတဲ့အခါ တဖြေးဖြေးအနာကျက်လာသလို၊ နာကျင်တာသက်သာလာတတ်ပါတယ်။ ဒီနေရာမှာ အနာက ဘယ်တော့မှ မကျက်နိုင်ဘူး ပြန်တွေးတိုင်း နာကျင်စမြဲပဲဆိုတဲ့လူတွေအတွက်ပြောပြပေးချင်ပါတယ်။ တကယ်တော့ အနာတို့ထုံးစံက အချိန်နဲ့အမျှ သက်သာလာတတ်တာပါ။ ဘာလို့များ ပြန်တွေးတိုင်း ပြန်နာကျင်နေရပါသလဲဆိုရင် အနာကိုပြန်ဆွမိနေလို့ပါပဲ။ အနာရဲ့သဘောက အနာကျက်ကာစမှာ အနာကိုမထိုးမဆွဘဲ ဒီတိုင်းထားလိုက်ခြင်းက အနာကျက်မြန်စေပါတယ်။ အဲလိုမှမဟုတ်ရင်တော့ ဒီအနာက ကျက်သလိုရှိလာလိုက် အနာကို ပြန်ပြီးထိုးဆွလိုက်၊ ပြန်နာကျင်လိုက်၊ အသည်းတွေပြန်ကွဲလိုက်နဲ့ သံသရာလည်နေမှာပါပဲ။
အဲဒီလို နာကျင်ခြင်းနဲ့ သံသရာလည်နေရုံနဲ့ပြီးသလားဆိုပြန်တော့ မပြီးပြန်ပါဘူး။ ပြန်နာကျင်မှတော့ ပြန်ပြီး ဝမ်းနည်းကြေကွဲပြန်ပြီပေါ့။ ထိုအခါ စိတ်တွေပြန်ပြီး လေးလံထိုင်းမှိုင်းပြန်၊ နာကျင်ပြန်၊ ဝမ်းနည်းပြန်နဲ့ ခံစားချက်ကို အစကနေ ပြန်ခံစားနေရပါတော့တယ်။ အဲဒီ့တော့ အနာဖြစ်စမှာ နာကျင်တာ ထုံးစံပါပဲ။ နာစမှာ နာကျင်ပါ။ ဝမ်းနည်းပါ၊ ခံစားပါ။ ဒါပေမယ့် အနာကိုအချိန်ကကုစားတဲ့အခါမှာတော့ သူ့အရှိန်နဲ့သူလွှတ်ထားလိုက်ပါနော်။ အနာကို ပြန်တွေးပြီး ပြန်မဆွပါနဲ့။ ပြန်နာကျင်မှာစိုးလို့ပါ။ အချိန်တိုင်း နာကျင်မှုကို ခံစားနေရခြင်းသည် ကိုယ့်ဘဝအတွက် တန်ဖိုးရှိတဲ့အချိန်တွေကို အလကားကုန်ဆုံးစေပါတယ်။
မွေးကတည်းကနေ ငိုကြွေးလာရတဲ့ဘဝမှာ နာကျင်စရာတွေကြားထဲက ပျော်စရာအချိန်လေးရအောင်ဖန်တီးနိုင်ခြင်းသည် တန်ဖိုးရှိပါတယ်။ ကိုယ့်ဘဝကို အသစ်က ပြန်စပြီး ပြန်လည်ကြိုးစားနိုင်ခြင်းသည် တန်ဖိုးရှိပါတယ်။ နာကျင်မှု၊ ဝမ်းနည်းမှု၊ မကောင်းသောခံစားမှုတွေကို အချိန်တိုင်းခံစားရအောင် ပြန်လည်တူးဆွနေမယ့်အစား ကိုယ့်ကိုထားခဲ့မယ့်သူ၊ ကိုယ့်တန်ဖိုးမသိတဲ့သူတွေ၊ ကိုယ့်ကိုမချစ်တဲ့သူတွေအတွက် တန်ဖိုးရှိတဲ့အချိန်တိုင်းနာကျင်နေမယ့်အစား ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ့်ကို တန်ဖိုးထားတဲ့သူ၊ ကိုယ့်ကို တိုးတက်စေချင်တဲ့သူတွေနဲ့ ဘဝကို ပျော်ရွှင်ကြည့်ပါ။
ချစ်သူကထားခဲ့လို့နာကျင်နေတဲ့အချိန်မှာ ကိုယ့်ကိုတစက်မှမချစ်တဲ့သူက အခြားသူနဲ့ပျော်ရွှင်နေမှာမြင်ယောင်ကြည့်လိုက်ပါ။ ကိုယ့်မှာမိဘမရှိလို့ ဝမ်းနည်းငိုကြွေးနေချိန်မှာ မိဘမရှိဘဲ ဘဝကို ကြိုးစားရှင်သန်နေတဲ့သူတွေအများကြီးရှိသေးတယ်ဆိုတာ တွေးကြည့်လိုက်ပါ။ သင့်ကျမှ မိဘမရှိလို့ ဘာမှမဖြစ်မြောက်တဲ့အလကားလူတစ်ယောက်အဖြစ် ဘဝကို ကုန်ဆုံးမလို့လားလို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်လိုက်ပါ။ ခြေတစ်ဖက်ပဲရှိလို့ ကိုယ့်ဘဝကအခြားသူထက်နိမ့်ကျပါတယ်လို့တွေးနေရင် ခြေနှစ်ဖက်မရှိဘဲ ဘဝကို ရှာဖွေရုန်းကန်သူတွေရှိတာကို မြင်အောင်ကြည့်လိုက်ပါ။ တကယ်တော့ ဘဝဆိုတာ ကိုယ့်ရဲ့ဖန်တီးမှုပါပဲ။ ကိုယ့်ရရှိပိုင်ဆိုင်ထားသလောက်နဲ့ ကိုယ့်ဘဝကို ပျော်စရာကောင်းတဲ့ဘဝဖြစ်အောင် ဖန်တီးမလား၊ ကိုယ်ရရှိပိုင်ဆိုင်ထားတာကို မမြင်နိုင်ဘဲ အခြားသူတွေပိုင်ဆိုင်ထားတာတွေချည်းကိုပဲ ကြည့်ပြီး ထိုင်ငိုနေမလားဆိုတာ သင့်ရွေးချယ်မှုပါပဲ။ သင့်ဘဝကို ပျော်ရွှင်အောင်ဖန်တီးနိုင်တာလဲ သင်ကိုယ်တိုင်ပဲဖြစ်သလို၊ သင့်ဘဝကို အရုပ်ဆိုးအကျဉ်းတန်အောင်ဖန်တီးနိုင်တာလဲ သင်ကိုယ်တိုင်ပါပဲနော်။
ကိုယ့်ဘဝကို ရရှိထားတာလေးတွေနဲ့ အလှပဆုံးပျော်စရာကောင်းအောင်ဖန်တီးချင်ရင် နာကျင်မှုမှန်သမျှကို အတတ်နိုင်ဆုံး လွှတ်ချခဲ့မှဖြစ်မှာပါ။ အနာတွေကျက်ခါနီးလိုက် ပြန်ဆွလိုက်နဲ့ သံသရာလည်ပြီး နာကျင်နေလို့တော့ မဖြစ်ပါဘူး။ နာကျင်မှုကို ခံစားလိုက်၊ နာကျင်မှုတွေထဲက သင်ခန်းစာရအောင်ယူပြီး ဘဝကို ရှေ့ဆက်ဒီ့ထက်ပျော်ရွှင်အောင် နေထိုင်မယ်လို့ အားတင်းပြီးဆက်လျှောက်မှဖြစ်မှာပါ။
အဲဒါကြောင့် ကိုယ့်ဘဝကို လှပစွာဖန်တီးဖို့အတွက် ငိုစရာတွေကြားထဲက ပျော်စရာတွေရှာပါ။ လူတိုင်းနာကျင်မှုခံစားဖူးကြပါတယ်။ ဒါပေမယ့် နာကျင်မှုထဲမှာပဲ သံသရာလည်နေတဲ့သူမျိုးမဖြစ်ပါစေနဲ့။ ဘဝကိုပိုပြီး နာကျင်စရာကောင်းသွားပါလိမ့်မယ်။ နာကျင်ပါ၊ အချိန်တန် နာကျင်မှုကို လက်လွှတ်ခဲ့ပါ။ သင်ခန်းစာယူ ရှေ့ဆက်ပါလို့တိုက်တွန်းလိုက်ရပါတယ်။